တရုတ်ပြည်ထုတ် ကားများကို အခွန်တိုးမြှင့်ကောက်ခံနေသော ဥရောပသမဂ္ဂကို Tesla က တရားစွဲ

  • 364 views

ဥရောပသမဂ္ဂသည် တရုတ်ပြည်ထုတ်ကားများအပေါ် ထပ်တိုးခွန်များ ကောက်ခံရန် ပြဌာန်းခဲ့ရာ ယခုအခါ Tesla က ဥရောပကော်မရှင်ကို တရားစွဲဆိုမှု ပြုလုပ်လာကြောင်း အင်္ဂလန်အခြေစိုက် The Guardian သတင်းဌာနက ဖော်ပြသည်။

Elon Musk ၏ Tesla သည် ရှန်ဟိုင်းရှိစက်ရုံမှ ထုတ်လုပ်သော ကားအစင်းရေ များစွာကို ဥရောပသို့ တင်ပို့နေဆဲ ဖြစ်သည်။

တရုတ်ပြည်ထုတ် လျှပ်စစ်ကားတင်ပို့မှုအားလုံးကို ထပ်တိုးခွန်များ ကောက်ခံရန် ဆုံးဖြတ်ထားကြောင်း ဥရောပသမဂ္ဂက ပြီးခဲ့သော ၂၀၂၄ ခုနှစ်၊ ဇွန်လက ကြေညာခဲ့သည်။

လျှပ်စစ်ကားနယ်ပယ်တွင် အသာစီးရရန်အတွက် တရုတ်ပြည်တွင်း ကားထုတ်လုပ်သူများကို တရုတ်အစိုးရက ထောက်ပံ့မှုများ ပြုလုပ်ပေးရာ ဈေးကွက်ယှဉ်ပြိုင်မှုကို မမျှတစေခဲ့ကြောင်း ဥရောပသမဂ္ဂက စွပ်စွဲခဲ့သည်။

ထို့နောက် ဥရောပသမဂ္ဂသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် မဲခွဲဆုံးဖြတ်ကာ အောက်တိုဘာလတွင် အတည်ပြုခဲ့သည်။

((Tesla က တရားစွဲခြင်း))

ဥရောပတရားရုံး၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ Tesla (Shanghai) က ဥရောပကော်မရှင်ကို ပြီးခဲ့သော ဗုဒ္ဓဟူးနေ့က တရားရုံးတွင် တရားစွဲလာကြောင်း ဖော်ပြသည်။

အခြားအချက်အလက်များကိုမူ ဥရောပတရားရုံးက ဖော်ပြထားခြင်း မရှိပေ။
Elon Musk ဦးဆောင်သာ Tesla သည် ဂျာမနီနိုင်ငံ၊ ဘာလင်မြို့နှင့် အမေရိကန်ပြည်တွင်းတွင်လည်း ကားများ ထုတ်လုပ်သည်။

သို့သော် တရုတ်ပြည် ရှန်ဟိုင်းမြို့စက်ရုံမှထုတ်လုပ်သော Tesla အစင်းရေ များစွာကို ဥရောပသို့ တင်ပို့နေဆဲဖြစ်ရာ Tesla သည်လည်း ဥရောပသမဂ္ဂက ထပ်တိုးခွန်ကောက်ခံခြင်းခံရမည့်သူများတွင် ပါဝင်နေသည်။

သို့သော် Tesla သည် တရုတ်ပြည်ရှိ အခြားလျှပ်စစ်ကား ကုမ္ပဏီများနှင့်ယှဉ်လျှင် ထပ်တိုးခွန် ပေးဆောင်ရမည့် ပမာဏ အလွန်နည်းပါးသည်။

Tesla က ပေးဆောင်ရမည့် ထပ်တိုးခွန်မှာ ၇ ဒသမ ၈ ရာခိုင်နှုန်းသာဖြစ်ပြီး အခြားတရုတ်ပြည်တွင်း ကုမ္ပဏီများမှာ ၃၅ ဒသမ ၃ ရာခိုင်နှုန်းအထိ ပေးဆောင်ရမည့်သူများ ရှိသည်။

Elon Musk သည် ဒေါ်နယ်ထရမ့်၏ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အများဆုံးလှူဒါန်းခဲ့သူဖြစ်သည်။

ထရမ့်ရွေးကောက်ပွဲအောင်နိုင်ချိန်တွင် အစိုးရ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး အကြံပေးဌာန (DOGE) ဟူသော အဖွဲ့သစ်တစ်ခု ဖန်တီးကာ Elon Musk ကို ဦးဆောင်စေခဲ့သည်။

ဥရောပကော်မရှင်နှင့် အဖွဲ့ဝင်နိုင်ငံတို့၏ အစိုးရအဖွဲ့များသည် ဒီမိုကရက်တစ်မဆန်ကြောင်း Elon Musk က ပြီးခဲ့သောနှစ်အတွင်း ဝေဖန်ထားသည်။

ဥရောပသမဂ္ဂကလည်း Elon Musk ၏ X လူမှုကွန်ရက်ကို ရွေးကောက်ပွဲ ဝင်ရောက်စွက်ဖက်မှု မဟန့်တားနိုင်ခြင်းကိစ္စဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

အထူးသဖြင့် ရိုမေးနီးယားနိုင်ငံတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ဖြစ်သည်။


(ဆက်စပ်သတင်းများ)

တရုတ်ပြည်မှ EV များကို ဥရောပသမဂ္ဂက အခွန်တိုးမြှင့်ကောက်ခံမှုအပေါ် ဟန်ဂေရီနိုင်ငံက ရှုတ်ချ

https://www.carsdb.com/my/news/747

ဥရောပသမဂ္ဂက တရုတ်ပြည်ထုတ် ကားများကို အခွန်များပြားစွာ ကောက်ခံမည့် အစီအစဉ် ရုပ်သိမ်းပေးရန် ဂျာမနီ တိုက်တွန်း

https://www.carsdb.com/my/news/751

တရုတ်ပြည်ထုတ် EV များအပေါ် ဥရောပသမဂ္ဂက ထပ်တိုးခွန် ကောက်ခံမှုနှင့် စပ်လျဉ်းပြီး ကားထုတ်လုပ်သူတို့၏ တုံ့ပြန်မှုများ

https://www.carsdb.com/my/news/753

စပိန်ဝန်ကြီးချုပ်က ဥရောပသမဂ္ဂအနေဖြင့် တရုတ်ပြည်အပေါ် ချမှတ်ထားသော လျှပ်စစ်ကား ထပ်တိုးခွန်များကို ရုပ်သိမ်းပေးရန် တောင်းဆို

https://www.carsdb.com/my/news/837

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Tesla takes EU to court over tariffs on EVs made in China
 
Photograph: Aly Song/Reuters