• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ချီကာဂိုတွင် အမျိုးသားတစ်ဦးက ကားစုတ်တစ်စင်း ဝယ်ယူပြီး ချစ်သူဟောင်း၏ နာမည်ဖြင့် မှတ်ပုံတင်ခဲ့ကာ လေဆိပ်တွင် ကားရပ်ထားခဲ့ရာ ချစ်သူမိန်းကလေးဟောင်းမှာ ဒဏ်ငွေလက်မှတ် ၆၇၈ စောင်အတွက် ဒေါ်လာ တစ်သိန်းကျော် ပေးဆောင်ရမည့်အခြေအနေ ရင်ဆိုင်ရ

ချီကာဂိုတွင် အမျိုးသားတစ်ဦးက ကားစုတ်တစ်စင်း ဝယ်ယူပြီး ချစ်သူဟောင်း၏ နာမည်ဖြင့် မှတ်ပုံတင်ခဲ့ကာ လေဆိပ်တွင် ကားရပ်ထားခဲ့ရာ ချစ်သူမိန်းကလေးဟောင်းမှာ ဒဏ်ငွေလက်မှတ် ၆၇၈ စောင်အတွက် ဒေါ်လာ တစ်သိန်းကျော် ပေးဆောင်ရမည့်အခြေအနေ ရင်ဆိုင်ရ

  • 9 views

Unconfirmed-889041.jpg

အမေရိကန်ပြည် ချီကာဂိုမြို့နေ မိန်းကလေးတစ်ဦးမှာ ကားပါကင်ကြေး ဒေါ်လာ ၁၀၀,၀၀၀ ကျော် ပေးဆောင်ခဲ့ရမှု ဖြစ်ပွားခဲ့သည်။

ချစ်သူအဖြစ် တွဲခဲ့ဖူးသော အမျိုးသားက ကားတစ်စင်းကို သူမ၏ အမည်ဖြင့် မှတ်ပုံတင်ကာ အများပြည်သူ အလွယ်တကူ ဝင်ခွင့်မရှိသော လေဆိပ် ကားပါကင်နေရာတွင် ၃ နှစ်နီးပါး ရပ်နားထားရစ်ခဲ့သောကြောင့် ဖြစ်သည်။

မိန်းကလေး၏ အမည်မှာ ဂျနီဖာ ဖစ်ဇ်ဂျရဲ (Jennifer Fitzgerald) ဖြစ်ပြီး သူ၏ ချစ်သူ အမျိုးသားဟောင်းမှာ ဘရန်ဒန် ပရီဗိုး (Brandon Preveau) ဖြစ်သည်။ဘရန်ဒန်သည် ၁၉၉၉ မော်ဒယ် Chevy Monte Carlo တစ်ပတ်ရစ်ကားတစ်စင်းကို ဒေါ်လာ ၆၀၀ ဖြင့် ဝယ်ယူခဲ့ပြီး ချစ်သူဟောင်း ဂျနီဖာ၏ နာမည်ဖြင့် မှတ်ပုံတင်ခဲ့သည်။

ထို့နောက် ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလမှစကာ O’Hare လေဆိပ်တွင် ၃ နှစ်ကြာ ကားပါကင်ထိုး ရပ်နားထားခဲ့ရာ ဂျနီဖာမှာ ကားရပ်နားလက်မှတ် အစောင်ရေ ၇၀၀ နီးပါးအတွက် ဒေါ်လာ ၁၀၅၀၀၀ ခန့် ပေးဆောင်ရမည့် အခြေအနေသို့ ဆိုက်ရောက်လာခဲ့ကြောင်း ဂျနီဖာက တရားစွဲဆိုထားသည့် တရားမမှု၏ မှတ်တမ်းမှတ်ရာများတွင် ဖော်ပြသည်။

DNA Info Chicago ၏ ဖော်ပြချက်အရ ချီကာဂိုမြို့ အာဏာပိုင်တို့က ဂျနီဖာ ပေးဆောင်ရမည့် ကားပါကင်ဒဏ်ကြေး ဒေါ်လာ ၁၀၀,၀၀၀ ကျော်ကို ပယ်ဖျက်ပေးခဲ့ပြီး ဒေါ်လာ ၄၄၇၀ ပေးဆောင်ရန် ပြောင်းလဲသတ်မှတ်ပေးခဲ့သည်။

ဘရန်ဒန်မှာ ဒဏ်ငွေကို ကနဦး ဒေါ်လာ ၁၆၀၀ ပေးဆောင်ရမည်ဖြစ်ပြီး ယင်းနောက်တွင် တစ်လလျှင် ၇၈ ဒေါ်လာနှုန်းဖြင့် ဒဏ်ငွေပြည့်မီသည်အထိ ပေးဆောင်သွားရန် အမိန့်ချမှတ်ခြင်းခံရသည်။

ထိုအမှုမှာ ကာလကြာရှည် ရင်ဆိုင်ခဲ့ရပြီး single mother ဖြစ်သူ ဂျနီဖာမှာ ချီကာဂိုသမိုင်းတစ်လျှောက် အများပြားဆုံး ကားပါကင်ဒဏ်ကြေး ချမှတ်ခံရသူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ဂျနီဖာက စွဲဆိုထားသော တရားမမှုတွင် ကားပါကင် ဒဏ်ကြေးလက်မှတ်များအတွက် မိမိတွင် တာဝန်မရှိသင့်ကြောင်း တင်ပြခဲ့သည်။

တရားရုံး စာရွက်စာတမ်းများအရ ဂျနီဖာသည် ကား၏ ပိုင်ရှင်မဟုတ်၊ ကားပါကင် ဒဏ်ကြေးလက်မှတ်များ ထုတ်ပြန်ခံရချိန်တွင် ထိုကားကို ထိန်းချုပ်ခွင့် ရှိသူမဟုတ်ကြောင်း၊ သို့အတွက် ကားအပေါ်တွင် ချမှတ်သည့် ဒဏ်ငွေလက်မှတ်များအတွက် တာဝန်မရှိကြောင်း ဖော်ပြထားသည်။

ကားမှာ O’Hare လေဆိပ်ရှိ United Airlines ၏ ကားပါကင်နေရာတွင် ရပ်နားထားခြင်းဖြစ်ပြီး ဘရန်ဒန်မှာ အဆိုပါလေကြောင်းလိုင်းတွင် အလုပ်လုပ်သူ ဖြစ်သည်။တရားရုံး မှတ်တမ်းများအရ ဂျနီဖာနှင့် ဘရန်ဒန်တို့သည် နှစ်ပေါင်းများစွာ တွဲခဲ့ကြပြီး ဇိုးအမည်ရှိ သမီးတစ်ဦး ထွန်းကားခဲ့သည်ဟု ဆိုသည်။

၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ကားပါကင် ဒဏ်ငွေ လက်မှတ်များနှင့် ပတ်သက်ပြီး ဂျနီဖာမှာ သတိပေးစာများ စတင်လက်ခံရရှိလာသည်။သို့သော် လေကြောင်းကုမ္ပဏီ၏ သီးသန့်ကားပါကင်နေရာဖြစ်သောကြောင့် အပြင်လူ ဝင်၍ မရသဖြင့် ကားကို ရွှေ့ပေးရန် မဖြစ်နိုင်ချေ။ထို့ကြောင့် ဂျနီဖာက ချစ်သူဟောင်းကို ဆက်သွယ်ကာ ကားနေရာရွှေ့ပေးရန် တောင်းဆိုခဲ့သည်။တရားရုံးမှတ်တမ်းတွင် ဖော်ပြချက်အရ ဂျနီဖာတို့ မိသားစုက ဘရန်ဒန်ကို ဆက်သွယ်ကာ ကားနေရာရွှေ့ပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့ကြောင်း ဖော်ပြထားသည်။

ဂျနီဖာ၏ အမည်ဖြင့် ကားပါကင် ဒဏ်ကြေးငွေ ဒေါ်လာ ၁၀၅၀၀၀ အထိ ရှိလာပြီးနောက် ချီကာဂိုမြို့ အခွန်ဌာန၏ “ဥပဒေကို မထီမဲ့မြင်ပြုနေသူ ထိပ်တန်း ၁၀၀ ဦးစာရင်း” တွင် ထည့်သွင်းဖော်ပြခံခဲ့ရပြီး ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းခံရနိုင်ကြောင်း ဂျနီဖာအား သတိပေးခဲ့သည်။

တရားစွဲမှတ်တမ်းတွင် ဖော်ပြထားချက်အရ United လေကြောင်းလိုင်းနှင့် ချီကာဂိုအာဏာပိုင်တို့အနေဖြင့် ကားကို ဒဏ်ကြေးလက်မှတ်များသာ ထုတ်ပေးနေမည့်အစား ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလကတည်းက ဆွဲယူကာ ကားသင်္ချိုင်းသို့ ပို့သင့်သည်ဟု ဂျနီဖာက ပြောဆိုထားကြောင်း ဖော်ပြသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Woman Settles With Chicago Over $100,000 Parking Fine   (carnewschina)