- ပင်မစာမျက်နှာ
- ကားသတင်းများ
- Xpeng G6 နှင့် G9 SUV များကို သြစထရီးယားနိုင်ငံတွင် စတင်ထုတ်လုပ်
Xpeng G6 နှင့် G9 SUV များကို သြစထရီးယားနိုင်ငံတွင် စတင်ထုတ်လုပ်
- 6 views
Xpeng Motors သည် သြစထရီးယားနိုင်ငံ၊ ဂရက်ဇ်မြို့ရှိ Magna Steyr ၏ စက်ရုံတွင် ကားများစတင်ထုတ်လုပ်လျက်ရှိရာ ဥရောပတွင် အဆိုပါကုမ္ပဏီ၏ ပထမဆုံး ထုတ်လုပ်မှုလည်း ဖြစ်သည်။
အဆိုပါစက်ရုံတွင် Xpeng G6 နှင့် G9 မော်ဒယ်များကို စတင်ထုတ်လုပ်နေကြောင်း Xpeng က စက်တင်ဘာ ၁၅ ရက်တွင် အတည်ပြုပြောကြားသည်။
ဂရက်ဇ်မြို့စက်ရုံမှ ကနဦးတွင် SUV မော်ဒယ် ၂ ခုစတင်ထုတ်လုပ်မည်ဖြစ်ပြီး နောက်ပိုင်းတွင် Xpeng ၏ အခြားမော်ဒယ်များကိုလည်း တိုးချဲ့ ထုတ်လုပ်သွားရန် စီစဉ်ထားသည်။Magna ၏ ရှိရင်းစွဲ ထုတ်လုပ်ရေးလိုင်းများကို အားပြုထုတ်လုပ်ခြင်းအားဖြင့် ဥရောပတွင် လျှပ်စစ်ကားများ မြန်မြန်ဆန်ဆန် ထုတ်လုပ်နိုင်ရန် Xpeng က ရည်မှန်းခြင်း ဖြစ်သည်။Magna ၏ စက်ရုံမှာ ဥရောပတွင် အလုပ်များလက်ခံကာ ထုတ်လုပ်ပေးလျက်ရှိသော စက်ရုံများအနက် လူသိအများဆုံး စက်ရုံများတွင် တစ်ခုအပါအဝင် ဖြစ်သည်။
ထိုစက်ရုံမှ ကမ္ဘာကျော် အမှတ်တံဆိပ်များစွာ ထုတ်လုပ်ပေးလျက်ရှိရာတွင် Mercedes-Benz, BMW, Jaguar Land Rover နှင့် Toyota တို့ အပါအဝင် ဖြစ်သည်။ယခုစက်ရုံတွင် ထုတ်လုပ်ခြင်းအားဖြင့် ကားထုတ်လုပ်သူများအဖို့ ဥရောပတွင် ကိုယ်ပိုင်စက်ရုံ တည်ထောင်စရာ မလိုဘဲ ကားများ ထုတ်လုပ်လာနိုင်ကြသည်။
Xpeng သည် ဥရောပသို့ ၂၀၂၁ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး နော်ဝေနိုင်ငံမှ စတင်ခဲ့ခြင်း ဖြစ်သည်။ ယင်းနောက်ပိုင်း ကမ္ဘာတစ်ဝန်းရှိ နိုင်ငံနှင့် နယ်မြေပေါင်း ၄၆ ခုကျော်သို့ ဈေးကွက်ချဲ့ထွင်ခဲ့သည်။၂၀၂၅ ခုနှစ် ဇန်နဝါရီမှ ဇူလိုင်လအထိ Xpeng သည် ပြည်ပတွင် အစင်းရေ ၁၈၇၀၁ စင်း ရောင်းချခဲ့ရရာ နှစ်အလိုက် နှိုင်းယှဉ်လျှင် ရောင်းအား ၂၁၇ ရာခိုင်နှုန်း တိုးတက်လာသည်။ဥရောပတိုက်တစ်ခုတည်းတွင်ပင်လျှင် ယခုနှစ် ပထမနှစ်ဝက်အတွင်း အစင်းရေ ၈၀၀၀ ကျော် မှတ်ပုံတင် ခဲ့ကြသည်။
ဥရောပတွင် ရောင်းချရမှု၏ ၆၇ ရာခိုင်နှုန်းမှာ G6 မော်ဒယ်ဖြစ်သည်။
မကြာမီကာလတွင် AI ကားဟု ရည်ညွှန်းထားသော Xpeng P7+ liftback ကို ဥရောပတွင် မိတ်ဆက်ပေးရန် စီစဉ်ထားသည်။
ထို့အပြင် Xpeng သည် ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့တွင် သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနကိုလည်း မကြာသေးမီက ဖွင့်လှစ်ခဲ့သည်။ထိုဌာနသည် ဥရောပဈေးကွက်များအတွက် သဟဇာတဖြစ်မည့် ထုတ်လုပ်များ ထုတ်လုပ်နိုင်ရေးနှင့် နည်းပညာပိုင်း ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် ရည်ရွယ်သည်။
Magna ၏ ထုတ်လုပ်နိုင်စွမ်းအပေါ်မူတည်ပြီး Xpeng က ဆီဒင်များ၊ mid-size SUV များ၊ compact SUV များနှင့် high-performance EV များကိုလည်း ဥရောပဈေးကွက်အတွက် ဆက်လက်ထုတ်လုပ်သွားမည် ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Xpeng begins European manufacturing of G6, G9 SUVs in Austria (carnewschina)