- ပင်မစာမျက်နှာ
- ကားသတင်းများ
- တရုတ်ပြည်ထုတ် EV များအပေါ် ဥရောပသမဂ္ဂက ထပ်တိုးခွန် ကောက်ခံမှုနှင့် စပ်လျဉ်းပြီး ကားထုတ်လုပ်သူ တို့၏ တုံ့ပြန်မှုများ
တရုတ်ပြည်ထုတ် EV များအပေါ် ဥရောပသမဂ္ဂက ထပ်တိုးခွန် ကောက်ခံမှုနှင့် စပ်လျဉ်းပြီး ကားထုတ်လုပ်သူ တို့၏ တုံ့ပြန်မှုများ
- 275 views
ဥရောပသမဂ္ဂသည် တရုတ်ပြည်ထုတ် လျှပ်စစ်ကား (EV) များအပေါ် ထပ်တိုးခွန်ကောက်ခံရန် ဆုံးဖြတ်ချက် ပြီးခဲ့သော သောကြာနေ့တွင် စတင်အသက်ဝင်ခဲ့ပြီးနောက်ပိုင်း ကားထုတ်လုပ်သူအချို့မှာ ဈေးနှုန်းမြှင့်တင် ရမည်လော (သို့မဟုတ်) အခြားတုံ့ပြန်ဆောင်ရွက်မှုများ လုပ်ဆောင်ရမည်လောဟူသည်ကို သုံးသပ်လာနေ ကြကြောင်း ရ်ိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။
လက်ရှိအချိန်ထိ Tesla ကုမ္ပဏီတစ်ခုတည်းသာလျှင် ကားဈေးနှုန်းများ မြှင့်တင်မည်ဟု တရားဝင် ကြေညာထားပြီး တရုတ်ကားအမှတ်တံဆိပ်များဖြစ်သော MG နှင့် NIO တို့မှာ ယခုနှစ်ကုန်ပိုင်းတွင် ဥရောပ၌ ၎င်းတို့၏ ကားဈေးနှုန်း မြှင့်တင်ဖွယ်ရာရှိကြောင်းသာ အရိပ်အမြွက်ပြောထားသည်။
တရုတ်ပြည်တွင် မော်တော်ကားထုတ်လုပ်သော အခြားကားထုတ်လုပ်သူတို့အနေဖြင့်လည်း ထပ်တိုး ကုန်ကျစရိတ်များကို Consumer တို့အပေါ်တွင်သာ ကျခံစေဖွယ်ရှိကြောင်းလည်း အကဲခတ်ပုဂ္ဂိုလ်တို့က ခန့်မှန်းထားသည်။
အောက်တွင် ဥရောပ၏ ထပ်တိုးအကောက်ခွန် ကောက်ခံမှုအပေါ် ကားထုတ်လုပ်သူတို့၏ တုန့်ပြန်မှုများ ဖော်ပြထားပါသည်။
(( ၁။ BYD ))
တရုတ်ထိပ်သီး လျှပ်စစ်ကားထုတ်လုပ်သူ BYD သည် ဥရောပသမဂ္ဂ၏ ထပ်တိုးခွန်ကောက်ခံမှု အနည်းဆုံး ပေးရမည့်ကုမ္ပဏီဖြစ်ပြီး ထပ်တိုးခွန် ၁၇ ဒသမ ၄ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်သည်။
လက်ရှိ ကောက်ခံနေသော အခွန်နှုန်း ၁၀ ရာခိုင်နှုန်းဖြင့်ပေါင်းလျှင် ၂၇ ဒသမ ၄ ရာခိုင်နှုန်း ပေးဆောင်ရမည် ဖြစ်သည်။
BYD သည် ဥရောပတွင် ရောင်းချနေသည့် လျှပ်စစ်ကားများအား ဈေးနှုန်းမြှင့်တင်ရမည်လော ဟူသည်ကို မဆုံးဖြတ်ရသေးကြောင်း BYD နှင့် နီးစပ်သော သတင်းရင်းမြစ်များက ရိုက်တာသတင်းဌာနသို့ ပြောသည်။
((၂။ CHERY AUTO –Chery.UL))
တရုတ်ပြည်မှ ကားထုတ်လုပ်သူ Chery Auto က ပြောသည်မှာ စပိန်ရှိ EV Motors ကုမ္ပဏီနှင့် ဖက်စပ် ပူးပေါင်းကာ စပိန်တွင် EV စက်ရုံတည်ဆောက်ရန် စီစဉ်နေမှုမှာ ဥရောပသမဂ္ဂသို့ တရုတ်ပြည်မှ တင်သွင်းသော ကားများအပေါ် ကောက်ခံသည့်ထပ်တိုးခွန်အား ထေမိမည်ဖြစ်ကြောင်း ပြောသည်။
ယခုနှစ်ကုန်တွင် ဘာစီလိုနာမြို့အခြေစိုက် အဆိုပါစက်ရုံများ ကားထုတ်လုပ်မှုစတင်ရန် ရည်မှန်းထားသည်။
(( ၃။ MG ))
MG ကို တရုတ်ပြည်မှ SAIC Motors ကုမ္ပဏီက ထုတ်လုပ်သည်။
MG ၏ အီတလီနိုင်ငံရှိ မန်နေဂျာ Andrea Bartolomeo က ပြောသည်မှာ လက်ရှိအချိန်အထိမူ MG အနေဖြင့် အီတလီတွင် ရောင်းချနေသည့် ၎င်း၏ ကားများကို ဈေးနှုန်းမြှင့်တင်ရန် အစီအစဉ် မရှိသေးကြောင်း ပြောသည်။
ဥရောပသမဂ္ဂသည် SAIC မှ ထုတ်လုပ်သော လျှပ်စစ်ကားများကို ထပ်တိုးခွန် ၃၇ ဒသမ ၆ ရာခိုင်နှုန်း ကောက်ခံရန် သတ်မှတ်ထားသည်။
((၄။ NIO))
ဥရောပသမဂ္ဂ၏ ယာယီထပ်တိုးအကောက်ခွန်များကြောင့် ဥရောပတွင် ရောင်းချမည့် ကားဈေးနှုန်းများကို ပြန်လည်ချိန်ညှိရနိုင်ကြောင်း တရုတ်ကားထုတ်လုပ်သူ NIO က ထုတ်ပြန်သည်။
လာမည့်နိုဝင်ဘာလတွင် ယခုထပ်တိုးအကောက်ခွန်များ အမြဲအတည်မဖြစ်သေးမီ ညှိနှိုင်းမှုအဆင်ပြေရန် မျှော်လင့်ကြောင်းလည်း NIO က ပြောသည်။
NIO သည် ထပ်တိုးခွန် ၂၀ ဒသမ ၈ ရာခိုင်နှုန်း သတ်မှတ်ခံထားရသည်။
((၅။ POLESTAR))
Polestar သည် ဆွီဒင်ကားထုတ်လုပ်သူဖြစ်ပြီး တရုတ်ကုမ္ပဏီကြီး Geely က ပိုင်ဆိုင်သည်။
Polestar သည် ယခုနှစ် ပထမ ၃ လပတ်တွင် အရှုံးပေါ်မှုနှင့် ရင်ဆိုင်ထားရသည်။
ဥရောပသမဂ္ဂက ထပ်တိုးကောက်ခံမည့် အကောက်ခွန်များ ထေမိစေရန်အတွက် လျော့ပါးသက်သာစေရေး ဆောင်ရွက်ချက်များ လုပ်ဆောင်ရန် လိုအပ်လိမ့်မည်ဖြစ်ကြောင်း Polestar က ပြောသည်။
((၆။ SAIC Motor))
တရုတ်ကားထုတ်လုပ်သူ SAIC သည် ဥရောပသမဂ္ဂ၏ အမှုဆောင်အဖွဲ့တစ်ခုဖြစ်သော ဥရောပကော်မရှင်ထံ မိမိတို့အပေါ် ချမှတ်ထားသော ထပ်တိုးခွန်နှင့် ပတ်သက်ပြီး ကြားနာမှုတစ်ခု တောင်းခံသွားမည်ဖြစ်ကြောင်း ပြောထားသည်။
((၇။ Tesla Inc))
ဥရောပသမဂ္ဂ၏ ထပ်တိုးခွန်ကောက်ခံမှုကြောင့် Tesla က ဥရောပတွင် ရောင်းချမည့် Model 3 ကားများကို ဈေးနှုန်းမြှင့်တင်သွားရန် စီစဉ်ထားသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Carmakers respond to EU tariffs on Chinese-made Evs (Reuters)