တရုတ်ပြည်မှ EV များကို ဥရောပသမဂ္ဂက အခွန်တိုးမြှင့်ကောက်ခံမှုအပေါ် ဟန်ဂေရီနိုင်ငံက ရှုတ်ချ

  • 163 views

တရုတ်ပြည်မှ လျှပ်စစ်ကား ထုတ်လုပ်သည့် ကုမ္ပဏီများကို တရုတ်အစိုးရက ငွေကြေးအလုံးအရင်း ထောက်ပံ့ ကူညီမှုများ ပြုလုပ်ပေးခဲ့ခြင်းကြောင့် ဈေးကွက်တွင် ဈေးနှုန်းသက်သာစွာ ရောင်းချနိုင်ခြင်းဖြစ်ရာ မျှတသော ယှဉ်ပြိုင်မှု မဟုတ်သောကြောင့်ဟုဆိုကာ ဥရောပသမဂ္ဂက တရုတ်ပြည်မှ လျှပ်စစ်ကားများကို ထပ်တိုးခွန် ၅၀ ရာခိုင်နှုန်း နီးပါး တိုးမြှင့်ကောက်ခံရန် ဆုံးဖြတ်ခဲ့သည်။

တရုတ်ပြည်မှ ကားထုတ်လုပ်သူများအပေါ် ဥရောပက ရက်စက်သည့် အပြစ်ပေးမှု ပြုလုပ်ခြင်းကို ဟန်ဂေရီ အနေဖြင့် သဘောမတူကြောင်း ဟန်ဂေရီ စီးပွားရေးဝန်ကြီးက ပြောသည်။

တရုတ်ပြည်မှ တင်သွင်းလာသည့် လျှပ်စစ်ကား (EV) များအပေါ် ထပ်တိုးခွန်များ ကောက်ခံမည်ဖြစ်ကြောင်း ဥရောပကော်မရှင်က ကြေညာလိုက်ပြီး နာရီပိုင်းအကြာတွင် ဟန်ဂေရီအစိုးရက ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်း လည်း ဖြစ်သည်။

လက်ယာယိမ်း ဝန်ကြီးချုပ် ဗစ်တာ အော်ဘန် ဦးဆောင်သည့် ဟန်ဂေရီနိုင်ငံသည် တရုတ်ပြည်၏ အရေးပါသော ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မိတ်ဘက် ဖြစ်လာနေသည်။

အခြားသော ဥရောပနိုင်ငံများကမူ ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အားအကြီးဆုံးဖြစ်သော တရုတ်ပြည်အပေါ် မှီခိုနေရမှုများ လျှော့ချရန် ကြိုးပမ်းလာနေကြသည်။

ဟန်ဂေရီမှာမူ အခြားဥရောပနိုင်ငံများနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။

“အပြစ်ပေးတဲ့ အကောက်ခွန်တွေ ချမှတ်မယ့်အစား ဥရောပသမဂ္ဂအနေနဲ့ ဥရောပရဲ့ လျှပ်စစ်ကား လုပ်ငန်းကို ထောက်ပံ့ကူညီမှုတွေ လုပ်ပေးသင့်ပါတယ်” ဟု ဟန်ဂေရီ စီးပွားရေးဝန်ကြီးက ပြောသည်။

တရုတ်ပြည်မှ EV များကို ဇူလိုင်လမှ စတင်ပြီး ထပ်တိုးခွန် ၃၈ ဒသမ ၁ ရာခိုင်နှုန်းအထက် ကောက်ခံသွားမည် ဖြစ်ကြောင်း ဥရောပကော်မရှင်က ထုတ်ပြန်ထားသည်။

“တရုတ်ပြည်က လျှပ်စစ်ကား ထုတ်လုပ်သူတွေကို အပြစ်ပေးတဲ့ အကောက်ခွန်တွေနဲ့ ရက်ရက်စက်စက် အပြစ်ပေးမှုအပေါ် ကျွန်တော်တို့ သဘောမတူပါဘူး။ ကိုယ်ကျိုးစီးပွားကာကွယ်ရေး မူဝါဒဟာ အဖြေမဟုတ် ပါဘူး” ဟု ဟန်ဂေရီ စီးပွားရေးဝန်ကြီးက ပြောသည်။

ဟန်ဂေရီသည် ၎င်း၏ နိုင်ငံအတွင်း တည်ထောင်ထားသော တရုတ်ဘက်ထရီထိပ်သီး CATL အပြင် အခြားသော ဘက်ထရီစက်ရုံများကို မကြာသေးမီနှစ်များအတွင်း ကန်ဒေါ်လာ ၁ ဘီလီယံကျော်အထိ ထောက်ပံ့ကူညီပေးထားသည်။

တရုတ်ပြည်၏ ထိပ်သီး EV ကုမ္ပဏီကြီး BYD သည် ဟန်ဂေရီတွင် ကားစက်ရုံ တည်ထောင်မည်ဖြစ်ကြောင်း ပြီးခဲ့သောနှစ်အတွင်းက ကြေညာခဲ့သည်။

ထိုစက်ရုံသည် ဥရောပတွင် BYD ၏ ပထမဆုံးစက်ရုံလည်း ဖြစ်သည်။

ဟန်ဂေရီသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ စွဲဆောင်နိုင်ရန် အလုပ်အကိုင်နေရာများ ဖန်တီးနိုင်ရေးအတွက် ငွေသားများ ထောက်ပံ့ကူညီခြင်း၊ အကောက်ခွန်များ လျှော့ချပေးခြင်းနှင့် သတ်မှတ်ထားသော ဇုန်နယ်မြေ တို့တွင် လုပ်ထုံးလုပ်နည်း ဖြေလျှော့ပေးခြင်းများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း BYD က ဟန်ဂေရီတွင် ကားစက်ရုံ တည်ထောင်ရန် စီစဉ်ခဲ့ခြင်းလည်း ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Hungary condemns EU tariffs on Chinese EV imports (reuters)