- ပင်မစာမျက်နှာ
- ကားသတင်းများ
- စပိန်ဝန်ကြီးချုပ်က ဥရောပသမဂ္ဂအနေဖြင့် တရုတ်ပြည်အပေါ်ချမှတ်ထားသော လျှပ်စစ်ကား ထပ်တိုးခွန်များကို ရုပ်သိမ်းပေးရန် တောင်းဆို
စပိန်ဝန်ကြီးချုပ်က ဥရောပသမဂ္ဂအနေဖြင့် တရုတ်ပြည်အပေါ်ချမှတ်ထားသော လျှပ်စစ်ကား ထပ်တိုးခွန်များကို ရုပ်သိမ်းပေးရန် တောင်းဆို
- 138 views
ဥရောပသမဂ္ဂအနေဖြင့် တရုတ်ပြည်ထုတ် လျှပ်စစ်ကား (EV) များအပေါ် ထပ်တိုးခွန် ကောက်ခံရန် စီစဉ်နေမှုကို ပြန်လည်သုံးသပ်သင့်ကြောင်း စပိန်ဝန်ကြီးချုပ် ပီဒရို ဆန်းချက်ဇ်က ပြောကြားလိုက်သည်။
စပိန်ဝန်ကြီးချုပ် ပီဒရို ဆန်းချက်ဇ်သည် တရုတ်ပြည်သို့ သွားရောက်လည်ပတ်စဉ် ဥရောပသမဂ္ဂ၏ ကုန်သွယ်ရေး လုပ်ဆောင်ချက်အပေါ် သူ၏ မကျေမလည်ဖြစ်နေမှုကို ထုတ်ဖော်ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။
“ကျွန်တော့်အနေနဲ့ ပွင့်ပွင့်လင်းလင်း တည့်တည့်ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့ အဖွဲ့ဝင်နိုင်ငံတွေ သာမက ဥရောပကော်မရှင်အနေနဲ့ ဒီအကြောင်းနဲ့ ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ကို အားလုံးက ပြန်လည်စဉ်းစားဖို့ လိုအပ်ပါတယ်” ဟု ပီဒရို ဆန်းချက်ဇ်က တရုတ်ပြည်၊ Kunshan တွင် စက်တင်ဘာလ ၁၁ ရက်က ပြောကြားခဲ့သည်။
တရုတ်ပြည်သို့ ၄ ရက်ကြာ အလည်အပတ်ခရီးစဉ် သွားရောက်ခဲ့ကာ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံပြီးနောက်ပိုင်း စပိန်ဝန်ကြီးချုပ် ပီဒရို ဆန်းချက်ဇ်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။
စပိန်ဝန်ကြီးချုပ်၏ ပြောကြားချက်ကြောင့် ဥရောပကော်မရှင်က တရုတ်ပြည်မှ EV တင်သွင်းမှုများအပေါ် ကြီးမားသည့် ကန့်သတ်မှုများ ပြုလုပ်ရန် ကြိုးစားနေမှုအား ဟန့်တားရန် ဥရောပနိုင်ငံခေါင်းဆောင်များ ပိုမိုစုစည်း များပြားလာဖွယ်ရှိသည့် အလားအလာမြင့်တက်လာသည်။
ထိုသို့သော အခြေအနေမျိုးဖြစ်ပေါ်လာမည်ဆိုပါက ဥရောပသမဂ္ဂရှိ ကုန်သွယ်ရေး အကြီးအကဲများနှင့် ၎င်းတို့ကို ထောက်ခံသော ပြင်သစ်သမ္မတ အီမန်ညူရယ် မက်ခရွန်တို့၏ ကြိုးပမ်းမှုများ အခြေအနေပြောင်းလဲ သွားနိုင်သည်။
ပြင်သစ်သမ္မတ အီမန်ညူရယ် မက်ခရွန်က တရုတ်ပြည်တွင် အစိုးရ၏ အလုံးအရင်းထောက်ပံ့မှုများရထားသော လျှပ်စစ်ကားများက ဥရောပကားထုတ်လုပ်သူများကို လွှမ်းမိုးသွားမည့် အခြေအနေကို ချက်ချင်းအရေးယူ ကိုင်တွယ်မှုများ ပြုလုပ်ရန် တိုက်တွန်းဆော်သြထားသည်။
ဥရောပသမဂ္ဂက မဲခွဲဆုံးဖြတ်ရန် စီစဉ်ထားရာ အကယ်၍ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ လူဦးရေ ၆၅ ရာခိုင်နှုန်းကို ကိုယ်စားပြုသော ၁၅ နိုင်ငံက ကန့်ကွက်မဲ မပေးခဲ့လျှင် ဥရောပကော်မရှင်အနေဖြင့် အောက်တိုဘာ ၃၀ ရက်တွင် ထပ်တိုးခွန် ကောက်ခံရန် တရားဝင် အတည်ပြုသွားမည် ဖြစ်သည်။
ယင်းနောက်ပိုင်း ထိုအကောက်ခွန်နှုန်းမှာ သက်တမ်း ၅ နှစ် အသက်ဝင်နေမည် ဖြစ်သည်။
တရုတ်ပြည်ထုတ် EV များအပေါ် အခွန်နှုန်းများ တိုးမြှင့်ရန် ဥရောပသမဂ္ဂက ဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်း ကတည်းက တရုတ်ပြည်နှင့် ဥရောပသမဂ္ဂအကြား ကုန်သွယ်ရေး အငြင်းပွားမှု ပေါ်ပေါက်နေသည်။
ဥရောပသမဂ္ဂ၏ ထုတ်ပြန်ချက်အရ တရုတ်ပြည်မှ EV ထုတ်လုပ်သူတို့သည် အစိုးရ၏ ထောက်ပံ့မှုကို အလုံးအရင်း ရရှိနေသောကြောင့် ဈေးကွက်ယှဉ်ပြိုင်မှုတွင် မမျှတကြောင်း၊ အင်တိုက်အားတိုက် ထုတ်လုပ်ကာ ဥရောပသို့ အလုံးအရင်းတင်ပို့လာနေကြောင်း ထုတ်ပြန်သည်။
တရုတ်ပြည်ကလည်း လက်တုံ့ပြန်သည့်အနေဖြင့် ဥရောပနိုင်ငံများက တရုတ်ပြည်သို့ တင်ပို့လာသော ဘရန်ဒီ၊ နို့ထွက်ကုန်နှင့် ဝက်သားထုတ်ကုန်များအပေါ် ပြည်တွင်းတွင် ရောင်းမစွံသောကြောင့် ပြည်ပတွင် လျှော့ဈေးဖြင့် အစွံထုတ်ခြင်း ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
ဥရောပသမဂ္ဂက ထပ်တိုးခွန်ကောက်ခံရန် လျာထားသတ်မှတ်ထားမှုမှာ SAIC Motor, Geely နှင့် BYD တို့ကို ၃၆ ဒသမ ၃ ရာခိုင်နှုန်း၊ ၁၉ ဒသမ ၃ ရာခိုင်နှုန်းနှင့် ၁၇ ရာခိုင်နှုန်း အသီးသီး သတ်မှတ်ထားသည်။
အဆိုပါ ကားထုတ်လုပ်သူတို့ကို ဥရောပသမဂ္ဂက ယခင်က အကောက်ခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံခဲ့ခြင်း ဖြစ်ပြီး ထို ၁၀ ရာခိုင်နှုန်းအပြင် ယခုထပ်တိုးသတ်မှတ်သည့် ပမာဏလည်း ထပ်မံပေးဆောင်ရမည် ဖြစ်သည်။
Tesla မှာမူ ထပ်တိုးခွန် ၈ ရာခိုင်နှုန်းအောက်သာ ပေးဆောင်ရမည် ဖြစ်သည်။
ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားပါက ဥရောပ၏ အကြီးမားဆုံး ဝက်သားတင်ပို့သောနိုင်ငံဖြစ်သည့် စပိန်မှာ ကြီးမားစွာ ထိခိုက်နစ်နာမည် ဖြစ်သည်။
စပိန်သည် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနက် ဒုတိယအကြီးမားဆုံး ကားထုတ်လုပ်သည့် နိုင်ငံလည်းဖြစ်သည်။
စပိန်အစိုးရက လျှပ်စစ်ကားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် တရုတ်ပြည်မှ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရန် ကြိုးစားနေသည်။
စပိန်ဝန်ကြီးချုပ် တရုတ်ပြည်သို့ အလည်အပတ်သွားရသည့်အကြောင်းမှာ ထိုအကြောင်းရပ်လည်း တစ်စိတ်တစ်ဒေသ ပါဝင်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Spain breaks EU ranks with sudden call to drop China EV tariffs (businesstimes)