ဥရောပ သမဂ္ဂက တရုတ်ပြည်ထုတ်ကားများကို အခွန်များပြားစွာ ကောက်ခံမည့် အစီအစဉ် ရုပ်သိမ်းပေးရန် ဂျာမနီ တိုက်တွန်း

  • 213 views


ဥရောပကော်မရှင်က တရုတ်ပြည်ထုတ် လျှပ်စစ်ကားများအပေါ် ထပ်တိုးခွန် များပြားစွာ ကောက်ခံရန် စီစဉ် နေမှု ရုပ်သိမ်းပေးရန် ဂျာမနီရှိ VDA ကားအသင်းက တိုက်တွန်းလိုက်သည်။

ထိုသို့ အခွန်ကောက်ခံမှုများသည် တရုတ်ပြည်မှ ထုတ်လုပ် တင်ပို့နေသော ဥရောပနှင့် အမေရိကန် ကားထုတ်လုပ်သူများကိုလည်း အထိနာစေမည့်အပြင် တရုတ်ပြည်မှ အကောက်ခွန်များ တန်ပြန်ကောက်ခံကာ လက်စားချေမည့် အန္တရာယ်နှင့်လည်း ရင်ဆိုင်ရနိုင်ကြောင်း VDA ကားအသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

ဂျာမနီသည် တရုတ်ပြည်သို့ ထုတ်ကုန်များစွာ တင်ပို့နေရာ ဂျာမနီအတွက် ထိခိုက်မှု များစွာ ရှိလာနိုင်သည်။
ပြီးခဲ့သောနှစ်အတွင်း ဂျာမနီမှ တရုတ်ပြည်သို့ တင်ပို့ခဲ့သော အိမ်စီးကားတို့၏ တန်ဖိုးပမာဏမှာ တရုတ်ပြည်မှ တင်သွင်းခဲ့သော ကုန်စည်တို့၏ တန်ဖိုးထက် ၃ ဆကျော် များပြားခဲ့သည်။

ထို့အပြင် ဆက်စပ်ပစ္စည်းအစိတ်အပိုင်း တင်ပို့မှု ပမာဏမှာ သွင်းကုန်တန်ဖိုးထက် ၄ ဆခန့် များပြားကြောင်း လည်း VDA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဥရောပကော်မရှင်အနေဖြင့် ဥရောပလျှပ်စစ်ကားလုပ်ငန်းအတွက် အရေးကြီးသော ကုန်ကြမ်းပစ္စည်းများ ရရှိရေးကိုသာ အာရုံစိုက်သင့်ကြောင်း (ကုန်ကြမ်းပစ္စည်းအများစုမှာ တရုတ်ပြည်၏ ထိန်းချုပ်မှုအောက်တွင် ရှိသည်) ၊ ဈေးကွက်သို့ ဝင်ရောက်ခွင့်ရရေး အတားအဆီးများ လျှော့ချပေးခြင်း၊ ကုန်သွယ်ရေး မူဝါဒတွင် ပွင့်လင်းမြင်သာမှု ရှိစေခြင်း၊ ထိုအကြောင်းရပ်များ ဆွေးနွေးနိုင်ရေးအတွက် ကောင်စီတစ်ခု ဖွဲ့စည်းခြင်းတို့ကို ဦးစားပေးလုပ်ဆောင်သင့်ကြောင်း VDA က တိုက်တွန်းထားသည်။

“ဥရောပ ကားကုမ္ပဏီများ ယှဉ်ပြိုင်နိုင်စွမ်း အားကောင်းရေးနှင့် ရေရှည် ရပ်တည်နိုင်ရေးအတွက် တရုတ်ပြည်မှ ကားများကို အရေးယူရန် စီစဉ်သည့် ‘အစိုးရ ထောက်ပံ့မှုဆန့်ကျင်ရေး အကောက်ခွန်’ ကောက်ခံခြင်းမှာ လုံလောက်သည့် ဆောင်ရွက်မှု မဟုတ်ချေ”ဟု VDA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
တရုတ်ပြည်နှင့် ဥရောပ ကော်မရှင်တို့အကြား ထိုအကောက်ခွန် ကိစ္စနှင့် စပ်လျဉ်းပြီး ပြီးခဲ့သော ရက်သတ္တပတ် အတွင်းကတည်းက ဆွေးနွေးနေသည်။

ပြည်တွင်း ကားထုတ်လုပ်သူများအပေါ် ထောက်ပံ့မှု အလုံးအရင်းပေးကာ ဈေးကွက်ယှဉ်ပြိုင်မှု မမျှတအောင် လုပ်ဆောင်ခဲ့သည်ဟူသော စွပ်စွဲချက်များကို တရုတ်အစိုးရက ငြင်းဆိုထားပြီး ဥရောပ သမဂ္ဂ၏ အကောက်ခွန် များ ရုပ်သိမ်းပေးရန် တောင်းဆိုထားသည်။


((တရုတ်ပြည်၏ လက်စားချေမှု))

တရုတ်ပြည်ရှိ ကားထုတ်လုပ်သူတို့က ဥရောပသမဂ္ဂအား လက်စားချေသည့်အနေဖြင့် ဥရောပမှ တရုတ်ပြည်သို့ တင်သွင်းလာသော ဓာတ်ဆီကားများကို အကောက်ခွန် မြင့်မားစွာ ကောက်ခံရန် တရုတ်အစိုးရအား ပြီးခဲ့သော လကတည်းက တောင်းဆိုထားသည်ဟု တရုတ်နိုင်ငံပိုင် သတင်းစာဖြစ်သော Global Times က ဇွန်လ ၁၉ ရက်တွင် ဖော်ပြခဲ့သည်။

တရုတ်ပြည်မှ လက်တုံ့ပြန်ရေးအတွက် ဆွေးနွေးခဲ့သော တံခါးပိတ်အစည်းအဝေးသို့ တက်ခဲ့သည့် ကုမ္ပဏီများ တွင် SAIC,BYD,BMW,Volkswagen နှင့်

 Porsche တို့လည်း ပါဝင်ခဲ့ကြောင်း ထိုအကြောင်းရပ်ကို တိုက်ရိုက်သိရှိထားသူ နှစ်ဦးက ပြောသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: German car industry urges EU to drop tariffs on China-made cars (CNA) 

(Photo: REUTERS/Angelika Warmuth)