• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • လန်ဒန်မြို့တွင် Land Rover ကားများ အလွန်ခိုးယူခံနေရမှုကြောင့် ကားပိုင်ရှင်တစ်ဦးက သူ၏ကားကို သစ်ပင်နှင့်တွဲကာ သံကြိုးဖြင့် ချည်ထားရ

လန်ဒန်မြို့တွင် Land Rover ကားများ အလွန်ခိုးယူခံနေရမှုကြောင့် ကားပိုင်ရှင်တစ်ဦးက သူ၏ကားကို သစ်ပင်နှင့်တွဲကာ သံကြိုးဖြင့် ချည်ထားရ

  • 324 views

အင်္ဂလန်တွင် Land Rover အခိုးရခံရမှု ကပ်ဘေး အလွန်ကြီးမားနေရာ ကားပိုင်ရှင်တို့က ၎င်းတို့၏ ကားများကို စက်ဘီးများသဖွယ် သစ်ပင်နှင့်တွဲကာ ချည်ထားကြရသည်။

ကားသူခိုးများသည် Keyless နည်းပညာဖြင့် Land Rover နှင့် Range Rover ကားများကို စက္ကန့်ပိုင်းအတွင်း ခိုးယူနိုင်နေကြသည်။

 

(လန်ဒန်မြို့တွင် Land Rover ကားပိုင်ရှင်တစ်ဦးက ကားအခိုးမခံရစေရန် သစ်ပင်နှင့်တွဲ၍ သံကြိုးချည်ထားပုံ။ ဓာတ်ပုံ-Instagram)

 

(သူခိုးအန္တရာယ် ဟန့်တားကာကွယ်နိုင်ရန် သံကြိုးဖြင့် ချည်ထားပုံ။ ဓာတ်ပုံ-Instagram)


လန်ဒန်မြို့ရှိ လမ်းတစ်ခုတွင် ရိုက်ကူးခဲ့သော ဓာတ်ပုံတစ်ခုအရ  ပေါင် ၁၀၀,၀၀၀ ကျော် တန်ကြေးရှိသော Land Rover Defender တစ်စင်းကို သစ်ပင်တစ်ပင်နှင့် တွဲကာ သံကြိုးဖြင့် ချည်ထားသည်ကို တွေ့ရသည်။

“ကားတစ်စီးအတွက် ပေါင် ၁၀၀,၀၀၀ လောက်ပေးခဲ့ရပြီး ဈေးပေါတဲ့ စက်ဘီးတစ်စင်းလိုမျိုး သစ်ပင်နဲ့ တွဲချည် ထားရတာကို ကြည့်ပါ။”ဟု မျက်မြင်တွေ့ခဲ့သူ တစ်ဦးက ပြောသည်။

Land Rover နှင့် Range Rover ကားသစ်တို့၏ အာမခံကြေးမှာလည်း ခေါင်ခိုက်နေသည်။


(Range Rover ကားတွေ ဘာကြောင့် အာမခံကြေး ဈေးအရမ်းကြီးတာလဲ)

https://www.carsdb.com/my/news/724

ကိန်းဘရစ်ရှိုင်းယားခရိုင်မှ ရဲအရာရှိတို့က ပြောသည်မှာ မေလအတွင်း ၎င်းတို့၏ အပိုင်နယ်မြေတစ်ခုတည်းမှ ပင်လျှင် အဆိုပါကားမျိုး ၂၅ စင်း ခိုးယူခံခဲ့ရသည်ဟု ဆိုသည်။

ကားပိုင်ရှင်တစ်ဦးက ပြောသည်မှာ သူမ၏ Range Rover ကားအတွက် အာမခံကြေး ပေါင် ၁၀,၀၀၀ တောင်းခံခြင်း ခံရကြောင်း ပြောသည်။

The Sun သတင်းဌာန၏ ဆောင်းပါးရှင် Jeremy Clarkson က “ဒီလိုအခြေအနေတွေကြောင့် အာမခံကုမ္ပဏီ တွေဟာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေကြပါတယ်။ အခုဆိုရင် ဒီကားတွေကို အာမခံထားဖို့ ဈေးကြီးတဲ့ အပြင် ခက်ခဲလာပါတယ်” ဟု ပြောသည်။

လန်ဒန်မြို့တော်တွင် အချို့သော ကားပိုင်ရှင်များမှာ အာမခံကုမ္ပဏီများက ၎င်းတို့၏ ကားများကို အာမခံ မပေးမှုနှင့် ရင်ဆိုင်ကြရသည်။

ထို့ကြောင့် JLR က ၎င်း၏ ကိုယ်ပိုင်အာမခံ ကုမ္ပဏီမှတဆင့် ကားများကို အာမခံပေးလာရသည်။

JLR ၏ ဗြိတိန် မန်နေဂျင်းဒါရိုက်တာ Patrick McGillycuddy က “ကျွန်တော်တို့ရဲ့ စနစ်တွေနဲ့ လုံခြုံရေး Feature တွေကို စဉ်ဆက်မပြတ် အဆင့်မြှင့်တင်နေတဲ့အပြင် ရဲတပ်ဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်။ ထွက်ပေါ်လာတဲ့ ဘယ်နည်းပညာမှာမဆို ကျွန်တော်တို့ဟာ ရှေ့ကနေ ဦးဆောင်နေပြီး သူခိုးကာကွယ်ရေး အစီအစဉ်တွေကိုလည်း အဆောတလျင် ဖြန့်ကျက် ချထားနေပါတယ်”ဟု ပြောသည်။

 


(Range Rover နှင့် Land Rover ကားများ၏ အာမခံကြေးမှာ ခေါင်ခိုက်နေသည်။ ဓာတ်ပုံ-Instagram)

 

(ဤ Land Rover ကားတွင် ထပ်တိုးလုံခြုံရေးအစီအမံအနေဖြင့် စတီယာရင် လော့ခတ်ထားမှုလည်း အပါအဝင် ဖြစ်သည်။ ဓာတ်ပုံ-Instagram)


(ဆက်စပ်သတင်း)

လန်ဒန်မြို့မှာ Range Rover ကားတွေ ဘာကြောင့် အာမခံထားလို့ မရတာလဲ

https://www.carsdb.com/my/news/136

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: It’s madness,’ car lovers fume as video reveals Land Rover owner forced to chain motor to TREE to stop it being stolen (thesun)

Photo Credit-Instagram