လန်ဒန်မြို့မှာ Range Rover ကားတွေ ဘာကြောင့် အာမခံထားလို့ မရတာလဲ

  • 415 views


အင်္ဂလန်နိုင်ငံ ၊ လန်ဒန်မြို့နေပြည်သူတို့သည် Range Rover ကားများ အဘယ်ကြောင့် အာမခံထား၍ မရသည်ကို မကြာသေးမီကမှ သိလာခဲ့ကြသည်။

မော်တော်ကားနှင့် ပတ်သက်၍ ကျွမ်းကျင်နှံ့စပ်သည့် ပုဂ္ဂိုလ်တစ်ဦးက ထုတ်ဖော်ပြောကြားသည်မှာ အဆိုပါ high-end ကားသည် လန်ဒန်မြို့တွင် ခိုးယူမှု အခံရဆုံးကားအမျိုးအစားဖြစ်နေပြီး ထိုကား ဝယ်ယူပိုင်ဆိုင်ရ ခြင်းမှာ ကုန်ကျစရိတ်များပြားသည့်အပြင် အန္တရာယ်လည်းများကြောင်း ပြောသည်။

 

 

(Rob Moore သည် မော်တော်ကား ကျွမ်းကျင်ပုဂ္ဂိုလ်တစ်ဦးနှင့် ကားများအကြောင်း ဆွေးနွေးမှု ပြုလုပ်ခဲ့သည်။ ဓာတ်ပုံ-TikTok@robmooreprogressive)

 

(အထင်ကရ ကားရောင်းဝယ်ရေးသမား Tom Hartley က ပြောသည်မှာ Range Rover ကားတို့သည် အလစ်သုတ်ရန် အလွယ်ကူဆုံးကားများဖြစ်ကြောင်း ပြောသည်။ ဓာတ်ပုံ-TikTok@robmooreprogressive)

 

 

ရော့ဘ်မိုးရ် (Rob Moore) သည် YouTube ချန်နယ်တစ်ခု တည်ထောင်ထားသူဖြစ်ပြီး အထင်ကရ ကားရောင်းဝယ်ရေးသမား တွမ်ဟာ့တ်လေ (Tom Hartley) နှင့် ဆွေးနွေးခဲ့ပုံကို သူ၏ ချန်နယ်တွင် လွှင့်တင်ခဲ့သည်။

တွမ်ဟာ့တ်လေက ကားများနှင့် ပတ်သက်သည့် သူ၏ ကျွမ်းကျင်မှုများကို မျှဝေခဲ့ပြီး မည်သည့်ကားမော်ဒယ် များမှာ ဝယ်ယူရန် အကောင်းဆုံးဖြစ်သည်ကို ဆွေးနွေးခဲ့သည်။

၎င်းတို့၏ ဆွေးနွေးမှုအတွင်း Range Rover ကားများမှာ ကားသူခိုးတို့ အလစ်သုတ်ရန် အကြိုက်ဆုံးကား ဖြစ်နေပုံအကြောင်း ဆွေးနွေးခဲ့ပြီး ကားပိုင်ရှင်များ သတိထားကြရန် အသိပေးခဲ့သည်။

ရော့ဘ်မိုးရ်က “ဘယ်ကားက အလစ်သုတ်ဖို့ အလွယ်ဆုံးလဲ”ဟု မေးခဲ့သည်။

တွမ်ဟာ့တ်လေက “ကမ္ဘာပေါ်မှာ အလစ်သုတ်ဖို့ အလွယ်ဆုံးနဲ့ လက်ရှိအချိန် လန်ဒန်မှာ အာမခံထားလို့ မရတဲ့ကားကတော့ Range Rover ကားပါပဲ။ အဲဒီကားကို အာမခံမပေးကြဘူး။”

“ကျွန်တော့အိမ်ကို အလည်လာတဲ့ ရဲအရာရှိတယောက် ပြောပြတာက လန်ဒန်မြို့ မေဖဲယားအရပ် ၊ တောင် ကန်ဆင်တန် ၊ နိုက်ဘရစ်ဂျ် ၊ ချဲလ်ဆီးနဲ့ စင်ထရယ်အရပ်တွေမှာ တနေ့ကို ကားအစီး ၁၂၀ လောက် အခိုးခံ နေရတယ်လို့ ပြောပါတယ်။”

“ပြီးတော့ အဲဒီထဲက ၇၅ ရာခိုင်နှုန်းဟာ Range Rover တွေပဲ။”

နောက်ဆုံး ထွက်ပေါ်လာသော စာရင်းအင်းအချက်အလက်များအရ Range Rover ကားများမှာ အစင်း ၁၀၀ လျှင် တစင်းနှုန်းခိုးယူခံရမှု ရှိသည်။

သူခိုးတို့သည် ပေါင် ၁၀၀၀၀၀ တန် ထိုကားများကို Key Fob ရီမုများအသုံးပြုကာ စက္ကန့် ၉၀ အောက် အချိန်အတွင်း ခိုးယူနိုင်ကြသည်။

Mercedes-Benz တို့မှာ ခိုးယူခံရမှုအများဆုံး ကားများတွင် ဒုတိယနေရာ၌ ရပ်တည်နေသည်။

Jaguar Land Rover ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က “ကျွန်တော်တို့ရဲ့ ဖောက်သည်တွေကို ဒီလိုရာဇဝတ်မှု မျိုးတွေကနေ အကာအကွယ်ပေးရေးဟာ ကျွန်တော်တို့ရဲ့ ဦးစားပေး လုပ်ငန်းပါပဲ။”ဟု ပြောသည်။

“ကျွန်တော်တို့ဆီမှာ ကျွမ်းကျင်ပညာရှင်အဖွဲ့တခုရှိပြီး ရဲတပ်ဖွဲ့နဲ့ အနီးကပ်လက်တွဲလုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ရဲ့ တက်ကြွတဲ့ ချဉ်းကပ်မှုဟာ မှုခင်းစုံစမ်းစစ်ဆေးမှုတွေအတွက် အထောက်အကူဖြစ်စေမှာဖြစ်ပြီး ဒီလိုမှုခင်းတွေကို တိုက်ဖျက်ဖို့ လုပ်ဆောင်ရမယ့် လုပ်ငန်းတွေကို လျင်မြန်စွာ ဆုံးဖြတ်လုပ်ကိုင်နိုင်စေမှာ ဖြစ်ပါတယ်။”

JLR သည် Ultra wide band နည်းပညာကို ကားများတွင် ပထမဆုံးထည့်သွင်းခဲ့သူလည်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ကျွန်တော်တို့ကားတွေမှာ ထည့်သွင်းထားတဲ့ ဒီနည်းပညာကို Which? နဲ့ ADAC တို့လို လွတ်လပ်တဲ့ အဖွဲ့တွေက စစ်ဆေးအတည်ပြုခဲ့ပြီးလည်း ဖြစ်ပါတယ်။”

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  NO CHANCE People are only just realising why they can’t get a Range Rover insured in London    (thesun)