• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • Ford ကုမ္ပဏီမှာ ၂၀၂၄ ခုနှစ် တတိယ ၃ လပတ်အတွင်း ရောင်းအား အလွန်ကောင်းခဲ့ပြီး အမေရိက၏ ရောင်းအားအကောင်းဆုံး Brand အဖြစ် ရပ်တည်ခဲ့

Ford ကုမ္ပဏီမှာ ၂၀၂၄ ခုနှစ် တတိယ ၃ လပတ်အတွင်း ရောင်းအား အလွန်ကောင်းခဲ့ပြီး အမေရိက၏ ရောင်းအားအကောင်းဆုံး Brand အဖြစ် ရပ်တည်ခဲ့

  • 184 views

Ford ကုမ္ပဏီသည် လက်ရှိအားဖြင့် အမေရိက၏ ရောင်းအားအကောင်းဆုံး Brand အဖြစ် ရပ်တည်နေရုံမျှမက ထရပ်များ၊ hybrid ထရပ်များ၊ ဗန်များ၊ three-row SUV များနှင့် ပြိုင်ကားများတွင်လည်း အရောင်းရဆုံးအဖြစ် ရှေ့ဆုံးမှ ဦးဆောင်နေသည်။

ကားဈေးကွက်တစ်ခုလုံးကို ခြုံကြည့်မည်ဆိုလျှင် ယခုနှစ် တတိယ  ၃ လပတ်ရောင်းအားမှာ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

သို့သော် Ford ၏ ရောင်းအားမှာမူ ကားဈေးကွက်၏ လားရာနှင့် ဆန့်ကျင်ဘက်ဖြစ်နေပြီး ယခုနောက်ဆုံး ၃ လပတ်ကာလတွင် ရောင်းအား စုစုပေါင်း ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ယင်းကုမ္ပဏီ၏ အစီရင်ခံစာတွင် ဖော်ပြသည်။

ထိုသို့ ရောင်းအားကောင်းနေမှုကြောင့် Ford သည် အမေရိက ကားဈေးကွက်တစ်ခုလုံးတွင် ရောင်းအားအကောင်းဆုံး Brand ဟူသော ဂုဏ်ပုဒ်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့သည်။

ထို့အပြင် Ford သည် ထရပ်များ (F-series) ၊ Hybrid ထရပ်များ (F-150 Hybrid) ၊ ဗန်များ (Transit) ၊ three-row SUV များ (Explorer) နှင့် ပြိုင်ကားများ (Mustang) တွင်လည်း ရောင်းအားထိပ်ဆုံးမှ ဦးဆောင်နေသည်။

ယခုနှစ် တတိယ ၃ လပတ်တွင် Ford ၏ EV ရောင်းအား ၁၂ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့မှုကြောင့် Ford သည် အမေရိက၏ နံပါတ် ၂ လျှပ်စစ်ကား Brand အဖြစ် ရပ်တည်လျက်ရှိသည်။

Ford ၏ Pro Intelligence ဆော့ဖ်ဝဲကို subscription ပြုလုပ်မှု ပမာဏမှာ နှစ်အလိုက် နှိုင်းယှဉ်မှုတွင် ၃၀ ရာခိုင်နှုန်း မြင့်တက်လာသည်။

Lincoln ရောင်းအားမှာလည်း ၂၆ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်။
Power plant အမျိုးမျိုးဖြင့် ထုတ်လုပ်ရောင်းချနိုင်မှုကြောင့်လည်း ရောင်းအားအကောင်းဆုံး Brand အဖြစ် ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။

Ford သည် သမားရိုးကျ ဓာတ်ဆီ၊ ဒီဇယ် အင်ဂျင်ကားများမှသည် hybrid နှင့် လျှပ်စစ်ကား စစ်စစ်များအထိ ထုတ်လုပ်ရောင်းချသည်။

“ကွဲပြားတဲ့ လူနေမှုဟန်နဲ့ အသုံးပြုမှုပုံစံတွေကြောင့် ထူးခြားတဲ့ power စနစ်ပုံစံမျိုးတွေ လိုအပ်လာပါတယ်” ဟု Ford Blue and Ford Customer Service ဌာနအကြီးအကဲ Andrew Frick က ပြောသည်။

“ကျွန်တော်တို့ဟာ customer တွေရဲ့ အထူးလိုအပ်ချက်တွေ ဖြည့်ဆည်းပေးမယ့် powertrain နဲ့ မော်တော်ကားတွေ ထုတ်လုပ်ပေးနိုင်ဖို့အတွက် သူတို့ရဲ့ အသံတွေကို နားထောင်ပါတယ်။ သူတို့ရဲ့ တုံ့ပြန်မှုတွေနဲ့ ကျွန်တော်တို့ရဲ့ မဟာဗျူဟာတွေကို လိုက်လျောညီထွေ ပြုပြင်ပါတယ်”

 

((အရောင်းရဆုံး ထရပ်နှင့် ဗန်များ))

 

Ford ၏ F-Series ထရပ်ကားများ ရောင်းအားမှာ စက်တင်ဘာလအတွင်း အစင်းရေ ၅၅၀,၈၃၅ ရှိခဲ့သည်။

ထိုပမာဏမှာ General Motors ထုတ် Silverado ထက် အစင်းရေ ၁၃၈၀၀၀ ပိုမိုများပြားပြီး အမေရိကန်ကုမ္ပဏီ Stellantis ထုတ် Ram ထက် အစင်းရေ ၂၈၂၀၀၀ ပိုမိုများပြားသော ပမာဏ ဖြစ်သည်။

Ford ထုတ် F-series မှာ အမေရိက၏ ရောင်းအားအကောင်းဆုံး ထရပ်အဖြစ် ၄၈ နှစ်ဆက်တိုက် ရပ်တည်ဖွယ်ရှိနေသည့် အလားအလာကို ဟန့်တားနိုင်မည့်သူ ပေါ်ပေါက်လာဖွယ် မရှိချေ။

F-150 Hybrid (thePowerBoost) မှာ ယခုနှစ် တတိယ ၃ လပတ်ကာလအတွင်း အစင်းရေ ၂၀၁၂၉ စင်း ရောင်းချခဲ့ရပြီး ရောင်းအား ၆၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

Maverick Hybrid မှာ အစင်းရေ ၁၆၅၆၁ စင်းရောင်းချခဲ့ရပြီး ရောင်းအား ၂၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

F-150 Lightning မှာ တတိယ ၃ လပတ်အတွင်း ရောင်းအား ၂ ဆကျော် မြင့်တက်ခဲ့ရာ အဆိုပါ ၃ လပတ်ကာလအတွင်း Ford ၏ EV ရောင်းအားစုစုပေါင်းမှာ ၁၂ ရာခိုင်နှုန်း ပိုမိုများပြားလာသည်။

Ford သည် စက်တင်ဘာလအတွင်း EV အစင်းရေ ၆၇၆၈၉ စင်းအထိ ရောင်းချခဲ့ရသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Increased 2024 Q3 Sales Keep Ford as America’s Best-Selling Brand (ford-truck)