- ပင်မစာမျက်နှာ
- ကားသတင်းများ
- အမေရိကန်ပြည်တွင် ဝက်အူလှည့်ရှိရုံဖြင့် ကားခိုးယူနိုင်မှုအပေါ် စောဒကတက်မှုများ ရှိသောကြောင့် Kia နှင့် Hyundai တို့က ၎င်းတို့၏ ကား ဝယ်ယူထားသည့် ပိုင်ရှင်များကို ဒေါ်လာ ၃၀၀၀ စီ ပေးရန် စီစဉ်ထား၊ နောက်ဆုံးတောင်းခံရမည့်ရက် သတိပြုရန်လို
အမေရိကန်ပြည်တွင် ဝက်အူလှည့်ရှိရုံဖြင့် ကားခိုးယူနိုင်မှုအပေါ် စောဒကတက်မှုများ ရှိသောကြောင့် Kia နှင့် Hyundai တို့က ၎င်းတို့၏ ကား ဝယ်ယူထားသည့် ပိုင်ရှင်များကို ဒေါ်လာ ၃၀၀၀ စီ ပေးရန် စီစဉ်ထား၊ နောက်ဆုံးတောင်းခံရမည့်ရက် သတိပြုရန်လို
- 4767 views
အမေရိကန်ပြည်ထောင်စုမှ ကားပိုင်ရှင် သန်းပေါင်းများစွာမှာ ကိုရီးယားကားထုတ်လုပ်သူများဖြစ်သော Kia နှင့် Hyundai တို့က ထုတ်ပေးမည့်ငွေ ဒေါ်လာ ၃၀၀၀ စီ ရရှိနိုင်မည့် အခြေအနေဖြစ်ပေါ်နေသည်။
သို့သော် ထိုငွေကို တောင်းခံရမည့် နောက်ဆုံးရက်မှာ နီးကပ်လာနေပြီ ဖြစ်သည်။
(ဘာကြောင့် လျော်ကြေးပေးတာလဲ))
အမေရိကန်ပြည်ရှိ ပြည်နယ်များစွာတွင် Kia နှင့် Hyundai ကားတို့ကို ပိုင်ဆိုင်ထားသူများ၊ ငှားရမ်းထားသူ များက စောဒကတက်မှုများစွာ ရှိခဲ့ပြီးနောက် အဆိုပါကုမ္ပဏီတို့က ကန်ဒေါ်လာ ၁၄၅ သန်း ပြန်လည် လျော်ကြေးပေးရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
ကားများတွင် သူခိုးရန် ကာကွယ်ရေး feature များ မပါဝင်သောကြောင့် သူခိုးတို့ လွယ်ကူစွာ ခိုးနိုင်သော ကားများအဖြစ် ပစ်မှတ်ထားခံရမှုကို စောဒကတက်ကြခြင်း ဖြစ်သည်။
အခြားသော ကားထုတ်လုပ်သူများစွာမှာ အသိအမှတ်မပြုသော ကားစက်နှိုးခြင်းများအတွက် စက်မနိုးစေရန် စီမံထားသည့် engine immobilizer များ အသုံးပြုလာကြသော်လည်း Kia နှင့် Hyundai တို့မှာ သမားရိုးကျ သော့ဖွင့်စက်နှိုးစနစ်ကိုသာ ဆက်လက်အသုံးပြုနေရာ လုံခြုံရေးအတွက် အန္တရာယ်ဖြစ်လာသည်။
ထိုအချက်က အဆိုပါကားများအတွက် အလွန်အန္တရာယ်များကြောင်းကို လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သော trend တစ်ခုကြောင့်လည်း လူအများက ပိုမိုစိုးရိမ်လာကြသည်။
((ကားခိုးမှုများ ပိုမိုပေါ်ပေါက်လာစေခဲ့သော TikTok Trend))
၂၀၂၀ နှစ်ကုန်ပိုင်းက Kia boys အမည်ရှိ TikTok Trend တစ်ခု ပေါ်ပေါက်ခဲ့ဖူးသည်။
Kia နှင့် Hyundai ကားများကို ဝက်အူလှည့်ရှိရုံမျှဖြင့် ခိုးယူ၍ ရနိုင်ကြောင်း လူငယ်တို့က ဗွီဒီယိုဖိုင်များ ရိုက်ကူးကာ TikTok တွင် တင်ခဲ့ကြသည်။
အဆိုပါ trend မှာ အလွန်ကြီးထွားလာခဲ့ပြီး တစ်နိုင်ငံလုံးတွင်လည်း ကားခိုးမှုများ မြင့်တက်လာခဲ့သည်။
ထို့ကြောင့် Kia နှင့် Hyundai ကားတို့တွင် အဆင့်မြင့်လုံခြုံရေးစနစ်များ မပါဝင်မှုအပေါ် လူအများပိုမို အာရုံစိုက်မိလာသည်။
((ဘယ်သူတွေ လျော်ကြေးရမလဲ))
Kia နှင့် Hyundai တို့က ၎င်းတို့၏ ပြစ်ချက်ကို ဝန်မခံသော်လည်း လျော်ကြေးပေးရန်ကိုမူ သဘောတူခဲ့သည်။
ထိုသို့လျော်ကြေးပေးခြင်းမှာ ကာလကြာရှည် တရားတဘောင်ရင်ဆိုင်ရခြင်းများကို ရှောင်လွှဲရန်နှင့် နစ်နာခဲ့သော customer များအား ကုစားပေးရန် ဖြစ်သည်။
ကားခိုးယူခံရမှု၊ ထိခိုက်ပျက်စီးမှု (သို့မဟုတ်) ကားလုံးဝဆုံးရှုံးမှု ရင်ဆိုင်ခဲ့ရသော ကားပိုင်ရှင်များ၊ ငှားရမ်းအသုံးပြုသူများမှာ လျော်ကြေးရမည်ဖြစ်ပြီး ၃၃၇၅ ဒေါ်လာ တစ်ကြိမ် ရရှိမည် ဖြစ်သည်။
((အခမဲ့ security upgrade ပြုလုပ်ပေးခြင်း))
အဆိုပါပြဿနာကို ဖြေရှင်းပေးရန်အတွက် Kia နှင့် Hyundai တို့က ယာဉ်လုံခြုံရေးကို အခမဲ့ upgrade ပြုလုပ်ပေးမည့် အစီအစဉ်များ ပြုလုပ်လာသည်။
ယာယီ Sevice ဌာနများ ဖွင့်လှစ်ကာ ကားပိုင်ရှင်များ၏ မော်တော်ယာဉ် software တွင် သူခိုးကာကွယ်ရေး feature များ အခမဲ့ upgrade ပြုလုပ်ပေးခြင်းဖြစ်ပြီး ယာဉ်ပိုင်ရှင်များစွာ ဝန်ဆောင်မှု ရရှိခဲ့ကြပြီး ဖြစ်သည်။
အဆိုပါလျော်ကြေးငွေ တောင်းခံနိုင်မည့် နောက်ဆုံးရက်မှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Kia and Hyundai will make a one-off payment of over $3000 to each owner – a total of $145 million – this is the deadline (unionrayo)