- ပင်မစာမျက်နှာ
- ကားသတင်းများ
- အင်ဂျင်မကောင်းဟု ဖော်ပြကာ ထက်ဝက်ဈေးဖြင့် အရောင်းဈေးကွက်တင်လာသော Genesis ဆီဒင်ကို ဝယ်ယူခဲ့သော ဆမ်အမည်ရှိ အမျိုးသား အင်ဂျင်ပြုပြင်ရာတွင် ဒေါ်လာ ၈၀ သာကုန်ကျ
အင်ဂျင်မကောင်းဟု ဖော်ပြကာ ထက်ဝက်ဈေးဖြင့် အရောင်းဈေးကွက်တင်လာသော Genesis ဆီဒင်ကို ဝယ်ယူခဲ့သော ဆမ်အမည်ရှိ အမျိုးသား အင်ဂျင်ပြုပြင်ရာတွင် ဒေါ်လာ ၈၀ သာကုန်ကျ
- 317 views
ကားအရောင်းကုမ္ပဏီတစ်ခုက ၂၀၁၇ ခုနှစ်ထုတ် Genesis G90 ကို လေလံတင်ရောင်းချရာတွင် ဆီဖိအား ပြဿနာရှိနေသောကြောင့် အင်ဂျင်အသစ်လဲရန် လိုအပ်နိုင်ကြောင်း ရေးသားဖော်ပြကာ လေလံတင်ခဲ့သည်။
အွန်လိုင်းတွင် လေလံတင်ပြီး တစ်ပတ်ပြီးတစ်ပတ် အချိန်ကုန်ဆုံးသွားသည့်တိုင် ထိုကားကို စိတ်ဝင်စားသူ မရှိခဲ့။
ဆမ်က ထိုကားကို စွန့်စားဝယ်ယူကြည့်ရန် ဆုံးဖြတ်ခဲ့ပြီး ၇ နှစ် သက်တမ်းရှိ Genesis ကို ခေါ်ဈေးအောက် ထက်ဝက်ဈေးပေးကာ ကမ်းလှမ်းခဲ့ရာ မကြာမီတွင် ဝယ်ယူရရှိသွားသည်။
ဆမ်က ဒေါ်လာ ၁၂၁၀၀ အပြင် လေလံကြေး ဒေါ်လာ ၅၀၀ ပေးကာ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
အဆိုပါဈေးမှာ တပတ်ရစ်ဈေးကွက်တွင် အလားတူ သက်တမ်း၊ ကီလိုရှိ Genesis G90 ပေါက်ဈေးအောက် ထက်ဝက်သာရှိသော ဈေးနှုန်းဖြစ်သည်။
Budget luxury ဆီဒင်ဟု သတ်မှတ်ထားသော ၂၀၁၇ မော်ဒယ် Genesis သည် ထုတ်လုပ်ပြီး ၇ နှစ်တာ ကာလအတွင်း ကီလို ၁၀၄၇၄၄ (၆၅၀၈၅ မိုင်) မောင်းနှင်ထားသည်။
ဈေးကွက်တင်ကြော်ငြာတွင် ဆီဖိအားနည်းသည့် ပြဿနာရှိသည်ဟု ဖော်ပြထားသော်လည်း လက်တင်စီး ပြန်သွားနိုင်သော ကားတစ်စီးဖြစ်သည်။
အရောင်းကြော်ငြာတွင် ဆမ်တွေ့ရသော ဓာတ်ပုံတစ်ပုံ၌ အင်ဂျင်နှိုးထားချိန်တွင် ဒီဂျစ်တယ် gauge cluster ကို ပြသထားရာ သတိပေး အချက်ပြမီးလင်းသည်ကို မတွေ့ရချေ။
ဆမ်က ကားကို ဝယ်ရန် ဆုံးဖြတ်မိစေသည့် အဓိကအကြောင်းရင်းလည်း ဖြစ်သည်။
သို့သော် ဆီဖိအားနည်းသည့်ပြဿနာရှိသော အင်ဂျင်ကို လည်ပတ်စေပါက ဆိုးရွားသည့်ထိခိုက်မှု ဖြစ်စေနိုင်သည်။
(ဓာတ်ပုံ-Samcrac/ YouTube)
ကားရောက်လာချိန်တွင် Genesis G90 ကို ဆမ် ပထမဆုံး စစ်ဆေးကြည့်သည်မှာ အင်ဂျင်ဝိုင် ဖြစ်သည်။
ဆီပမာဏနှင့် အရောင်အသွေးမှာ အခြေအနေကောင်းသည်။
မောင်းနှင်ရန် ကောင်းမွန်သည့်အနေအထားရှိဟန်ရသည်။
သို့သော် စမ်းသပ်နေရင်း ဒက်ရှ်ဘုတ်တွင် ဆီဖိအားနည်းနေကြောင်း သတိပေးသည့် မီးလင်းလာသည်။
သို့သော် ကားပြန်မောင်းလိုက်ချိန်တွင် သတိပေးချက်ပျောက်ကွယ်သွားပြီး ကားရပ်လိုက်လျှင် ပြန်ပေါ်လာ ပြန်သည်။
ထိုအချက်များက ညွှန်ပြနေသည်မှာ Sensor ချွတ်ယွင်းနေခြင်း ဖြစ်နိုင်သည့် အလားအလာရှိသည်။
ဆမ်က ထိုအကြောင်းရပ်ကို google တွင် ရှာဖွေကြည့်ရာ ထိုပြဿနာနှင့်စပ်လျဉ်းပြီး ဆွေးနွေးထားကြသည့် စကားဝိုင်းတစ်ခုကို တွေ့ခဲ့သည်။
ထိုစကားဝိုင်းတွင် ပြောကြားချက်များအရ ယင်းပြဿနာမှာ Genesis ကားများတွင် အနှေးနှင့်အမြန် ရင်ဆိုင်ရမည့် အကြောင်းရပ်ဖြစ်သည်ဟု ဆိုသည်။
Genesis G90 တွင် Kia Stinger ကဲ့သို့ twin-turbocharged အင်ဂျင်တပ်ဆင်ထားသည်။
3.3-liter V6 အင်ဂျင်ဖြစ်ပြီး မြင်းကောင်ရေ ၃၆၅ အားထွက်ကာ ရုန်းအား ၃၇၆ pound-feet ရှိသည်။
8 speed အော်တိုဂီယာဖြစ်ပြီး နောက်ယက်အမျိုးအစားဖြစ်သည်။
အမြန်နှုန်းတင်မှုအနေဖြင့် 0 to 60 mph ကို ၄ ဒသမ ၄ စက္ကန့်ဖြင့် ရနိုင်သည်။
အဆိုပါ အင်ဂျင်များကို Hyundai Motor America က ယခုနှစ်အစောပိုင်းတွင် recall လုပ်ထားသည်။
Full-size G90 , Mid-size G80 နှင့် Sportier G70 အစင်းရေ ၂၈၄၃၉ ကို Recall ပြန်လုပ်ထားခြင်းဖြစ်ပြီး တောင်ကိုရီးယားတွင် ၂၀၁၆ ခုနှစ် ဇွန်လမှ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာအကြား တပ်ဆင်ခဲ့သော ကားများဖြစ်သည်။
(ဓာတ်ပုံ-Samcrac/ YouTube)
(ဓာတ်ပုံ-Samcrac/ YouTube)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Man Buys a Genesis Sedan Listed With a "Bad Engine" for Half the Price, Fixes It for $80 (autoevolution)
Photo Credit- Samcrac/ YouTube