ဗီယက်နမ်တွင် ပြည်ပမှ မှောင်ခိုတင်သွင်းလာသော Lamborghini နှင့် Mercedes ကား ၂ စီး ပိုင်ရှင်မပေါ် သောကြောင့် ရဲတပ်ဖွဲ့က ဖျက်ဆီး

  • 321 views

ဗီယက်နမ်နိုင်ငံတွင် ပြည်ပမှ မှောင်ခိုတင်သွင်းလာသော Lamborghini တစ်စင်းနှင့် Mercedes AMG G63 တစ်စင်းတို့မှာ ၄ နှစ်ခန့် ပိုင်ရှင်မပေါ်သောကြောင့် အာဏာပိုင်တို့က ဇူလိုင်လ ၁၀ ရက်တွင် ဖျက်ဆီးခဲ့ ကြသည်။

ဗီယက်နမ်နိုင်ငံအလယ်ပိုင်း Quang Binh ပြည်နယ်ရဲတပ်ဖွဲ့က အဆိုပါကားများကို ဖျက်ဆီးခဲ့ကြခြင်း ဖြစ်သည်။

ထိုကား ၂ စင်းလုံးမှာ တရားဝင်စာရွက်စာတမ်း အထောက်အထားများ မရှိသော တပတ်ရစ် ကားများဖြစ်သည်။

ထိုကား ၂ စင်းကို Quang Binh ပြည်နယ်ရှိ ရဲတပ်ဖွဲ့ရုံးချုပ်တွင် ၄ နှစ်ခန့် သိမ်းဆည်းထားရှိပြီး ပိုင်ရှင် ပေါ်ပေါက်ခဲ့ခြင်း မရှိချေ။

Lamborghini မှာ အစိမ်းရောင်ဖြစ်ပြီး ၂ ယောက်စီးဖြစ်ကာ cylinder capacity မှာ ၆၅၀၀ ကုဗစင်တီမီတာ ရှိသည်။

ကား၏ နေရာများစွာတွင် ဆေးကွာနေရာ မူရင်းအရောင်မှာ အနက်ရောင်ဖြစ်ကြောင်း သိရသည်။

ရှေ့လေကာမှန်မှာ ကွဲနေပြီး ရှေ့ဘန်ပါတွင် ရှိသော တံဆိပ်နှင့် ဘီး ၄ လုံးမှာ ပျောက်ဆုံးနေသည်။

Mercedes AMG G63 မှာ အဝါရောင်ဖြစ်ပြီး ၄ ယောက်စီးဖြစ်ကာ Cylinder capacity မှာ 5461 ကုဗ စင်တီမီတာ ရှိသည်။

၂၀၂၀ ပြည့်နှစ် သြဂုတ်လအတွင်း ဟနွိုင်းမှ ဟိုချီမင်းစီးတီးသို့ ဆက်သွယ်ထားသည့် အဝေးပြေးလမ်းမကြီး ပေါ်တွင် ထရုန် သန်ဘင် အမည်ရှိ ယာဉ်မောင်းတစ်ဦးက အဆိုပါ ကား ၂ စင်း တင်ဆောင်ထားသော ထရပ်ကားတစ်စင်းကို မောင်းနှင်လာခဲ့သည်။

ထရုန် သန်ဘင်သည် ဟနွိုင်းတွင် နေထိုင်သူ ဖြစ်သည်။
Quang Binh မြို့သို့ ရောက်ချိန်တွင် ရဲတပ်ဖွဲ့က ကားကို ရပ်တန့်စေကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ထရုန်သန်ဘင်က အဆိုပါကားများနှင့်စပ်လျဉ်းသည့် စာရွက်စာတမ်း အထောက်အထားများ ပြသနိုင်ခြင်း မရှိချေ။

ဗီယက်နမ် ယာဉ်မှတ်ပုံတင်စနစ်တွင်လည်း ထိုကား ၂ စင်းနှင့် စပ်လျဉ်းသည့် လိုင်စင်နံပါတ်၊ chassis နံပါတ်၊ အင်ဂျင်နံပါတ် အစရှိသော အချက်အလက်များ မရှိ။

ထို့ကြောင့် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် ကားများကို သိမ်းယူခဲ့ခြင်း ဖြစ်သည်။    

ယင်းနောက် ထိုကား ၂ စင်းကို Quang Binh ပြည်နယ်၊ Dong Hoi မြို့ရှိ ကားပါကင်တစ်ခုတွင် ထားရှိခဲ့သည်။


((လူမှုကွန်ရက် သုံးစွဲသူတို့၏ မှတ်ချက်များ))

- တန်ဖိုးကြီးကားတွေကို ဖျက်ဆီးပစ်တဲ့ ရည်ရွယ်ချက်က ဘာလဲ။ ဒီကားတွေကို လေလံတင်ရောင်းချလို့ ရနိုင် ပါတယ်။ ဖျက်ဆီးပစ်မယ့်အစား ရောင်းလို့ ရလာတဲ့ငွေကို လိုအပ်တဲ့နေရာတွေမှာ လှူဒါန်းလို့ ရပါတယ်။ ဟိတ်ဟန်ထုတ်နေကြတာပါ။

- ဒီကားတွေကို ပစ္စည်းအစိတ်အပိုင်းတွေ ထုတ်ရောင်းပြီး ရလာတဲ့ငွေကို စာသင်ကျောင်း (ဒါမှမဟုတ်) တနေရာရာကို လှူလို့ရပါတယ်

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Smuggled Lamborghini, Mercedes supercars demolished in Vietnam (vnexpress, tuoitrenews)