• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ဂျိမ်းစ်ဘွန်းရုပ်ရှင် Tomorrow Never Dies တွင် ဖုန်းဖြင့် မောင်းနှင်ပြခဲ့မှုဖြင့် နာမည်ကြီးခဲ့သော အံ့ဖွယ် Luxury မော်တော်ကား အမျိုးအစား ဈေးနှုန်းသက်သာစွာဖြင့် အရောင်းဈေးကွက်ဝင်လာ

ဂျိမ်းစ်ဘွန်းရုပ်ရှင် Tomorrow Never Dies တွင် ဖုန်းဖြင့် မောင်းနှင်ပြခဲ့မှုဖြင့် နာမည်ကြီးခဲ့သော အံ့ဖွယ် Luxury မော်တော်ကား အမျိုးအစား ဈေးနှုန်းသက်သာစွာဖြင့် အရောင်းဈေးကွက်ဝင်လာ

  • 236 views

ဂျိမ်းစ်ဘွန်းရုပ်ရှင်ဇာတ်ကားတစ်ခုထဲတွင် ဖုန်းဖြင့် ချိတ်ဆက်မောင်းနှင်ပြခဲ့ကာ နာမည်ကြီးခဲ့သော luxury ကားတစ်စီး ဈေးနှုန်းနည်းပါးစွာဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

ဗြိတိန်နာမည်ကြီး သူလျှို ဂျိမ်းစ်ဘွန်းသည် လူဆိုးအုပ်စုများကို အဆင့်မြင့်နည်းပညာလှည့်ကွက်များဖြင့် ဦးနှောက်ခြောက်စေခဲ့ပုံကို ဂျိမ်းစ်ဘွန်းဇာတ်ကားများတွင် တွေ့မြင်ခဲ့ကြဖူးသည်။

ထိုသို့ ရိုက်ကူးမှုများတွင် ကင်မရာလှည့်စားချက်များလည်း များစွာ ပါဝင်မှု ရှိသည်။

 


(ပုံတွင်တွေ့ရသော ၁၉၉၀ ပြည့်လွန်ကာလများက ထုတ်လုပ်ခဲ့သည့် BMW သည် ဂျိမ်းစ်ဘွန်းရုပ်ရှင်တစ်ခုတွင် အသုံးပြုခဲ့သော ကားမော်ဒယ်ဖြစ်သည်။ ဓာတ်ပုံ-Car & Classic)

 

(၁၉၉၇ ခုနှစ်က ရုံတင်ပြသခဲ့သော Tomorrow Never Dies ရုပ်ရှင်ထဲတွင် ဂျိမ်းစ်ဘွန်းက 750IL ကို ဖုန်းဖြင့် မောင်းနှင်ခဲ့မှုမှာ နာမည်ကြီးခဲ့သည်။ ဓာတ်ပုံ-Rex Car & Classic )

 

(ဂျိမ်းစ်ဘွန်းဇာတ်ကားထဲတွင် အသုံးပြုခဲ့သော ကားမှာမူ အထပ်များစွာ ပါသော ကားရပ်နား အဆောက်အအုံ တွင် ရိုက်ကူးစဉ် ပျက်စီးသွားခဲ့သည်။ ဓာတ်ပုံ-Alamy)

 

 

Tomorrow Never Dies တွင် ဂျိမ်းစ်ဘွန်းအဖြစ် ပီးယား ဘရော့စ်နန်က သရုပ်ဆောင်ခဲ့ပြီး BMW 750IL ကို သူ၏ လက်ကိုင်ဖုန်းတွင်ရှိသော လျှို့ဝှက် Trackpad တစ်ခုကို အသုံးပြုကာ မောင်းနှင်ခဲ့သည်။

ဂျိမ်းစ်ဘွန်းသည် လူဆိုးများနှင့် ပြေးလွှားစွန့်စားသည့် ရိုက်ကွင်းတစ်ခုတွင် ကျည်ဆံများကြားမှ လွတ်မြောက် ရန်အတွက် အဆိုပါ ပစ္စည်းကို အသုံးပြုခဲ့သည်။

ထိုကားမှာ ကားရပ်နားသည့် အဆောက်အအုံထိပ်မှ မောင်းချခဲ့ရသည်။

ကင်မရာ လှည့်စားချက်များကို အခြေခံထားသော ယင်းပြကွက်မှာ ဂျိမ်းစ်ဘွန်းရုပ်ရှင်ဇာတ်လမ်းတွဲများ၏ အစွန့်စားဆုံး ပြကွက်များတွင် တစ်ခုအပါအဝင်အဖြစ် သတ်မှတ်ခံရသည်။
ထိုဇာတ်ကား၏ အထူးပြုလုပ်ချက် Supervisor ဖြစ်သော Chris Courbould က ထိုပြကွက်အတွက် BMW ကား ၄ စင်း ယူဆောင်လာခဲ့သည်။

ထိုကားများကို စတန့်မင်းသား Steve Griffin က မောင်းနှင်ခဲ့ခြင်း ဖြစ်သည်။

Griffin သည် နောက်ခုံများ၏ အောက် ကားကြမ်းပြင်တွင် ဝပ်ကာ အထူးပြုလုပ်ထားသော စတီယာရင်၊ ဗွီဒီယို မော်နီတာတို့ဖြင့် ကားကို ထိန်းချုပ်ကာ ကားပါကင် ရပ်နားထားသော ကားများအကြား ကျဉ်းမြောင်းသော လမ်းများ၌ မောင်းနှင်ခဲ့ခြင်း ဖြစ်သည်။

ရုပ်ရှင်ထဲတွင် တွေ့ရသည့် အဆောက်အအုံပေါ်မှ ပြုတ်ကျသွားသော ကားမှာ လုံးဝပျက်စီးသွားခဲ့သည်။

သို့သော် ဂျိမ်းစ်ဘွန်း ပရိသတ်များအနေဖြင့် ထိုကားနှင့် ထပ်တူနီးပါးဖြစ်သော မော်ဒယ်ကို ဝယ်ယူကာ ဂျိမ်းစ်ဘွန်းစီးခဲ့သော ကားအမျိုးအစားကို စီးနင်းနိုင်မည် ဖြစ်သည်။

Car & Classic တွင် အရောင်းဈေးကွက်တင်လာသော 750 IL မှာ ဂျိမ်းစ်ဘွန်း စီးခဲ့သော ကားနှင့် တစ်နှစ်တည်း ထုတ်လုပ်ခဲ့သော ကားဖြစ်ပြီး Mileage ၁၀၀၀၀၀ အောက် ရှိသည်။
ခေါ်ဈေးမှာ ပေါင် ၁၀၉၉၅ ဖြစ်သည်။

 

 


(ဂျိမ်းစ်ဘွန်း စီးခဲ့သောကားနှင့် ထပ်တူနီးပါး တူသော ဤကားကို ပေါင် ၁၀၉၉၅ ဈေးခေါ်ထားသည်။ ဓာတ်ပုံ-Car & Classic)

 

(ကားအတွင်းပိုင်း မြင်ကွင်း။ ဓာတ်ပုံ-Car & Classic)

 

(ရုပ်ရှင်ထဲတွင် ဖုန်းဖြင့် မောင်းနှင်ပြခြင်းမှာ အထူးပြုလုပ်ချက်များသာ ဖြစ်သည်။ ဓာတ်ပုံ-Car & Classic)

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Luxury motor made famous when it was driven by a PHONE in beloved Bond film on sale at bargain price (thesun)


Photo Credit- Alamy, Rex, Car & Classic