• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • အမေရိကန်ရုပ်ရှင်မင်းသား၊ နပန်းသမား ဂျွန်စီနာက သူ၏ ၂၀၁၇ ခုနှစ်ထုတ် ရှားပါး Ford GT ပြိုင်ကားကို ရောင်းချသောကြောင့် Ford ကုမ္ပဏီက တရားစွဲ

အမေရိကန်ရုပ်ရှင်မင်းသား၊ နပန်းသမား ဂျွန်စီနာက သူ၏ ၂၀၁၇ ခုနှစ်ထုတ် ရှားပါး Ford GT ပြိုင်ကားကို ရောင်းချသောကြောင့် Ford ကုမ္ပဏီက တရားစွဲ

  • 1196 views

 

ဟောလိဝုဒ်ရုပ်ရှင်သရုပ်ဆောင် ဂျွန်စီနာ (မွေး-၁၉၇၇) သည် အမေရိကန်ရုပ်ရှင်မင်းသား၊ နာမည်ကြီး နပန်းသမားတစ်ဦးဖြစ်သည်။

နပန်းသမားအဖြစ် ကမ္ဘာ့ချန်ပီယံဆု ၁၆ ကြိမ်ရရှိထားပြီး သမိုင်းတလျှောက် အကြီးမြတ်ဆုံး နပန်းသမားများ တွင် တစ်ဦးအပါအဝင် ဖြစ်သည်။
ဂျွန်စီနာသည် ၂၀၁၈ ခုနှစ်က ရုံတင်ပြသခဲ့သော သိပ္ပံဆန်းကြယ်ရုပ်ရှင်ကား Bumblebee အပါအဝင် အခြား ရုပ်ရှင်ဇာတ်ကားများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

အမေရိကန်ရုပ်ရှင်မင်းသား နပန်းသမား ဂျွန်စီနာသည် ဖို့ဒ်ကုမ္ပဏီနှင့် ပြဿနာတက်နေသည်။

ကမ္ဘာ့ချန်ပီယံ ၁၆ ကြိမ် ရရှိထားသော နပန်းသမားလည်း ဖြစ်သူ ဂျွန်စီနာသည် နှစ်ပေါင်းများစွာ ကာလအတွင်း မော်တော်ကားများစွာ ပိုင်ဆိုင်ခဲ့သည်ဟု ယူဆရသည်။

ဂျွန်စီနာသည် ယခု ၂၀၂၄ ခုနှစ်အတွင်း ထွက်ရှိထားသော ဟာသဇာတ်မြူးရုပ်ရှင် Ricky Stanicky ဇာတ်ကား တွင် ပါဝင်သရုပ်ဆောင်ထားသည်။
GQ မဂ္ဂဇင်း၏ ဖော်ပြချက်အရ ဂျွန်စီနာတွင် ၂၀၀၉ ခုနှစ်ထုတ် Chevy Corvette ZRI ၊ ၁၉၇၀ ပြည့်နှစ်ထုတ် Plymouth Road Runner Superbrid နှင့် Corvette InCenaRator ကားများ ပိုင်ဆိုင်ထားသည်ဟု ဆိုသည်။

သူ၏ ကားများအနက် ယခုပြဿနာဖြစ်နေသည်မှာ ၂၀၁၇ ခုနှစ်ထုတ် Ford GT ဖြစ်သည်။

ဂျွန်စီနာက ထိုကားကို စတင်ထုတ်လုပ်ရောင်းချသည့် ခုနှစ်တွင်ပင် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ထိုအချိန်က ကန်ဒေါ်လာ ၄၅၀,၀၀၀ ကျော် ပေးခဲ့ရသည်ဟု ဆိုသည်။

Ford ကုမ္ပဏီသည် တစ်နှစ်လျှင် ပြိုင်ကား ရာဂဏန်းမျှသာ ထုတ်လုပ်သည်။

ကားဝယ်ယူသူတို့သည် ကုမ္ပဏီက ချမှတ်ထားသော တင်းကြပ်သည့် စည်းကမ်းများကို လိုက်နာကြရသည်။

Ford GT ကားများကို ကုမ္ပဏီက လူတိုင်းအား ရောင်းချမပေးဘဲ လျှောက်လွှာတင်ကာ ဝယ်ယူရပြီး အထူးစိစစ် ရွေးချယ်ကာ ရောင်းချခြင်း ဖြစ်သည်။

ကားဝယ်ယူသူတို့ လိုက်နာရမည့် စည်းကမ်းများအနက် တစ်ခုမှာ ဝယ်ယူပြီးနောက် ၂ နှစ်အတွင်း ကားကို ပြန်လည်ရောင်းချခြင်း မပြုပါဟူသော စည်းကမ်း ဖြစ်သည်။

ဂျွန်စီနာက ကားဝယ်ယူပြီး လအနည်းငယ်အကြာတွင် ပြန်လည်ရောင်းချခဲ့ခြင်း ဖြစ်သည်။

 

(ဂျွန်စီနာက Ford GT ကားသစ်ကို ၂၀၁၇ ခုနှစ်အတွင်း ဝယ်ယူခဲ့သည်။ ဓာတ်ပုံ-YouTube)

 

ဂျွန်စီနာက ကားဝယ်ယူပြီး မကြာမီတွင် ပြန်လည်ရောင်းချခဲ့ခြင်း ဖြစ်ရာ အရောင်းသဘောတူညီချက်ကို ချိုးဖောက်ခြင်း ဖြစ်သောကြောင့် Ford ကုမ္ပဏီက များစွာ အမျက်ထွက်ခဲ့သည်။

ပြဿနာ ပိုမိုဆိုးရွားစေသည့် အချက်မှာ ဂျွန်စီနာက ထိုကားကို ရောင်းချရာတွင် အမြတ်ရရှိခဲ့ခြင်း ဖြစ်သည်။

တရားရုံးမှတ်တမ်းတွင် ဖော်ပြချက်အရ ဂျွန်စီနာသည် ခွင့်ပြုချက်မရှိဘဲ ကားကို ပြန်လည်ရောင်းချရာတွင် အမြတ်အစွန်းများစွာ ရရှိခဲ့ကြောင်း၊ Ford ကုမ္ပဏီအနေနှင့် များစွာ ထိခိုက်နစ်နာခဲ့ရကြောင်း အမှတ်တံဆိပ်၏ ဂုဏ်သတင်းနစ်နာမှုနှင့် ယခုကဲ့သို့ စည်းကမ်းဖောက်ဖျက်ရောင်းချမှုကြောင့် ဖောက်သည်တို့၏ ယုံကြည်မှု ပျက်ပြားစေခြင်း ဖြစ်ပေါ်ခဲ့ကြောင်း ဖော်ပြသည်။

Ford ကုမ္ပဏီက ထိုနစ်နာမှုများအတွက် နစ်နာကြေး ဒေါ်လာ ၅၀၀,၀၀၀ ပေးရန် ဂျွန်စီနာအား တရားစွဲခဲ့ခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် Ford ကုမ္ပဏီနှင့် ဂျွန်စီနာတို့သည် ထိုပြဿနာကို တရားရုံးပြင်ပတွင် ဖြေရှင်းခဲ့ကြသည်။

 

(ဂျွန်စီနာက ပြဿနာကို တရားရုံးပြင်ပတွင် ဖြေရှင်းခဲ့သည်။ ဓာတ်ပုံ-WireImage)

 

ဂျွန်စီနာက Ford အားလျော်ကြေးပေးခဲ့သည်ဟု သိရသော်လည်း ငွေမည်မျှပေးခဲ့သည်ကိုမူ မသိခဲ့ချေ။

ထိုလျော်ကြေးကို Ford ကုမ္ပဏီက မယူခဲ့ဘဲ ပရဟိတ အဖွဲ့တစ်ခုထံ လှူဒါန်းခဲ့သည်။

 

(ဆက်စပ်သတင်း)

အမေရိကန်ရုပ်ရှင်မင်းသား၊ ကမ္ဘာ့ချန်ပီယံ ၁၆ ကြိမ် ရရှိထားသော နပန်းသမား ဂျွန်စီနာက သူ၏ ၂၀၂၁ ထုတ် Honda Civic  ကို၂၀၂၄ ခုနှစ်ထုတ် Honda Civic ဖြင့် လဲလှယ်

https://www.carsdb.com/my/news/713

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Ford sued John Cena after he sold his rare 2017 Ford GT supercar (unilad)

Photo Credit-YouTube, Mike Marsland/WireImage