ရေဖြင့် မောင်းနှင်သော ကမ္ဘာ့ပထမဆုံးကား အစ္စရေးကုမ္ပဏီ Electriq Global က အောင်မြင်စွာ တီထွင်နိုင်ပြီ

  • 8310 views

ကားထုတ်လုပ်သူတို့သည် ဓာတ်ဆီနှင့် ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာများအစား အလှည့်အပြောင်း တစ်မျိုးမျိုးကို ဆက်လက်ရှာဖွေလျက် ရှိကြသည်။

သီအိုရီအရ ဖြစ်နိုင်ကြောင်းသာ သိထားသေးသော ရေဖြင့် မောင်းနှင်ရသည့်ကားကို အစ္စရေးကုမ္ပဏီတစ်ခုက အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီ ဖြစ်သည်။

မော်တော်ကားကို ဓာတ်ဆီအစား ရေဖြင့်မောင်းနှင်နိုင်ရေးကို ဆန်းသစ်တီထွင်သူများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးသမားတို့ စိတ်ကူးမျှော်မှန်းခဲ့သည်မှာ ကာလကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ကားများကို ရေမှ ထုတ်ယူသည့် ဟိုက်ဒရိုဂျင်ဖြင့် မောင်းနှင်နိုင်မည်လား။
ယင်းသို့ဆိုပါက ကမ္ဘာပေါ်တွင် အပေါများဆုံးပစ္စည်းဖြင့် သဘာဝပတ်ဝန်းကျင် မထိခိုက်စေဘဲ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ လည်ပတ်နိုင်တော့မည် ဖြစ်သည်။

ရေဖြင့် ကားများကို မောင်းနှင်နိုင်ရေးဆိုသည်မှာ သိပ္ပံပညာရှင် အများစုအတွက် သီအိုရီအဆင့်တွင်သာ ရှိသေး သော်လည်း Electriq Global အမည်ရှိ ဆန်းသစ်တီထွင်သော ကုမ္ပဏီတစ်ခုက အိပ်မက်များကို လက်တွေ့ ဖြစ်အောင် အကောင်အထည်ဖော်လာခဲ့သည်။

Electriq Global ကုမ္ပဏီသည် အစ္စရေးနိုင်ငံတွင် အခြေစိုက်သည်။
ယင်းကုမ္ပဏီက ရေကို ယာဉ်များမောင်းနှင်နိုင်မည့် လောင်စာအဖြစ် ပြောင်းလဲနိုင်သော ၎င်းတို့၏ မူပိုင်စနစ် တစ်မျိုးကို တီထွင်ထုတ်လုပ်လာသည်။
၎င်းတို့၏ နည်းပညာတွင် ရေမှ ဟိုက်ဒရိုဂျင်ကို ထုတ်ယူကာ လျှပ်စစ်ဓာတ်ရရှိစေပြီး ကားကို မောင်းနှင်စေခြင်း ဖြစ်သည်။

အရာအားလုံးကို ခုန်ပျံကျော်လွှားသွားမည့် ယခုနည်းပညာက သဘာဝပတ်ဝန်းကျင်အတွက် အကျိုးရှိစေမည့် အပြင် ကားလောက တစ်ခုလုံးကို အပြီးတိုင် ပြောင်းလဲစေမည် ဖြစ်သည်။

Electriq Global ၏ ရေအခြေပြု လောင်စာတစ်ကန်လျှင် ခန့်မှန်းခြေ ကီလိုမီတာ ၁၀၀၀ ခန့် မောင်းနှင်နိုင်မည် ဖြစ်ပြီး မကြာမီတွင် ဓာတ်ဆီများ အသုံးမလိုတော့မည့် အခြေအနေသို့ ရောက်ရှိစေတော့မည် ဖြစ်သည်။
Electriq ၏ ရေလောင်စာ နည်းပညာတွင် တမူထူးသော နာနိုနည်းပညာကို အသုံးပြုထားသည်။

ထိုနည်းပညာတွင် အထူးပြုလုပ်ထားသော အလွှာပါးတစ်ခုမှတဆင့် ရေတွင်ရှိသော ဟိုက်ဒရိုဂျင်နှင့် အောက်စီဂျင်ကို သီးခြား ခွဲထုတ်နိုင်စွမ်းရှိသည်။
ထိုအလွှာပါးသည် Electrolytic Cell အဖြစ် လုပ်ဆောင်ကာ လျှပ်စစ်စွမ်းအင်ဖြင့် ရေမော်လီကျူးတို့ကို ဖြိုခွဲသည်။

ရရှိလာသော ဟိုက်ဒရိုဂျင်ကို မော်တော်ယာဉ်၏ လောင်စာဆဲလ်ထံ ပေးပို့သည်။

လောင်စာ ဆဲလ်ထဲတွင် ဟိုက်ဒရိုဂျင်သည် လေထဲမှ အောက်စီဂျင်နှင့် ပေါင်းစပ်ပြီး လျှပ်စစ်စီးကြောင်းကို ထွက်ပေါ်စေသည်။

 အဆိုပါ လျှပ်စစ်ဖြင့် ကား၏ လျှပ်စစ်မော်တာအား ပါဝါပေးကာ ကားကို မောင်းနှင်စေခြင်း ဖြစ်သည်။

သမားရိုးကျ ICE အင်ဂျင်များနှင့် ကွဲပြားသည့်အချက်မှာ အဆိုပါ ဓာတ်ပြုမှုမှ ဘေးထွက်ပစ္စည်းမှာ ရေသာ ဖြစ်သည်။

တစ်နည်းဆိုရလျှင် ကားမောင်းနှင်မှုမှ သဘာဝပတ်ဝန်းကျင်အား ထိခိုက်စေသော ဓာတ်ငွေ့များ မထုတ်လွှတ်ဘဲ သန့်ရှင်းသော ရေမှုန်တို့သာ ထုတ်လွှတ်ခြင်းဖြစ်သည်။


(ဆက်စပ်သတင်း)

မည်သည့်အခါမှ အားသွင်းစရာမလိုသော ရေဘက်ထရီကို တရုတ်သိပ္ပံပညာရှင်များ အောင်မြင်စွာ တီထွင်နိုင်ပြီ

https://www.carsdb.com/my/news/710 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: The first water car is already a reality: 1000 kilometers of autonomy and the end of gasoline (riazor.org)