EV လောကတွင် ထိပ်ဆုံး၌ ရပ်တည်နိုင်ရန်အတွက် တရုတ်အစိုးရက BYD ကို ကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံ ထောက်ပံ့ခဲ့

  • 242 views

 

တရုတ်အစိုးရသည် သဘာဝပတ်ဝန်းကျင်အား မထိခိုက်စေသည့် နည်းပညာကဏ္ဍများအပေါ် အကူအညီများ အလုံးအရင်းပေးလျက်ရှိသည်။


သို့သော် တရုတ်ပြည်တွင်း EV ကုမ္ပဏီကြီးဖြစ်သော BYD မှာမူ အစိုးရထံမှ အထောက်အပံ့ အများဆုံး ရရှိ ထားကြောင်း ဂျာမနီမှ လေ့လာချက်တစ်ရပ်တွင် ဖော်ပြသည်။


BYD သည် အစိုးရထံမှ အထောက်အပံ့အနေဖြင့် အနည်းဆုံး ကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံ ရရှိထား ကြောင်း အဆိုပါလေ့လာချက်တွင် ဖော်ပြသည်။


တရုတ်အစိုးရက ကမ္ဘာ့ EV နယ်ပယ်နှင့် အခြားသော သဘာဝပတ်ဝန်းကျင် မထိခိုက်စေမည့် နည်းပညာကဏ္ဍ တို့တွင် တရုတ်ပြည်မှ ဦးဆောင်နိုင်ရေး တွန်းအားပေးသည့်အနေဖြင့် အကူအညီအထောက်အပံ့များ ပေးခဲ့ရာ တွင် BYD မှာ အထောက်အပံ့ အလုံးအရင်း ရရှိခဲ့ခြင်းဖြစ်ကြောင်း ထိုလေ့လာချက်တွင် ဖော်ပြသည်။


အဆိုပါလေ့လာချက်ကို Bloomberg သတင်းဌာနက ပထမဆုံး စတင်ဖော်ပြခဲ့ခြင်း ဖြစ်သည်။


ဂျာမနီမှ ကမ္ဘာ့စီးပွားရေးဆိုင်ရာ Kiel Institute ၏ လေ့လာချက်တွင် ဖော်ပြသည်မှာ BYD သည် ၂၀၂၀ ပြည့်နှစ်တွင် ယူရို သန်း ၂၂၀ စတင်ထောက်ပံ့မှု ရရှိခဲ့ပြီးနောက် ၂ နှစ်အကြာတွင် ယူရို ၂ ဒသမ ၁ ဘီလီယံ အထိ ရရှိခဲ့ကြောင်း ဖော်ပြသည်။


အစိုးရ၏ ထောက်ပံ့ကူညီမှုမှာ ၂၀၂၀ ပြည့်နှစ်တွင် လုပ်ငန်းဝင်ငွေ၏ ၁ ဒသမ ၁ ရာခိုင်နှုန်းမှ ၂၀၂၂ ခုနှစ်တွင် ၃ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။


တရုတ်ပြည်တွင်း၌ လျှပ်စစ်ကား အာမခံများ ဝယ်ယူကြရာတွင် BYD သည် GAC ကဲ့သို့ အခြား ပြည်တွင်း ကုမ္ပဏီများ၊ Tesla နှင့် VW ၏ ဖက်စပ်ကုမ္ပဏီ အစရှိသည်တို့၏ တရုတ်ပြည်တွင်းတွင် လာရောက် ထုတ်လုပ် နေသော နိုင်ငံခြားကုမ္ပဏီများထက် ပိုမိုများပြားစွာ ရောင်းချခဲ့ရကြောင်း လေ့လာချက်တွင် ဖော်ပြသည်။


ယင်းနောက်ပိုင်း ဖြစ်ပေါ်လာသည့် အခြေအနေများက ဥရောပကို စိတ်ပျက်စေခဲ့သည်။


သို့သော် ကုန်သွယ်ရေး မညီမျှမှုများအပေါ် မကျေနပ်မှုများမှာ အသစ်အဆန်းမဟုတ်ချေ။


တရုတ် EV ကုမ္ပဏီများနှင့် သဘာဝပတ်ဝန်းကျင်အတွက် သဟဇာတဖြစ်သည့် နည်းပညာကုမ္ပဏီတို့မှာ ကမ္ဘာတဝန်းတွင် ကြောက်မက်ဖွယ် ဈေးကွက်ယှဉ်ပြိုင်သူများဖြစ်လာချိန်တွင် ဥရောပအတွက် ရင်ဆိုင်ရမည့် မျက်နှာစာတစ်ခု ထပ်တိုးလာခဲ့ခြင်း ဖြစ်သည်။


ဥရောပကုမ္ပဏီတို့သည် လုပ်အားခ ဈေးသက်သာစွာဖြင့် ထုတ်လုပ်သော ဈေးသက်သာသည့် နည်းပညာမြင့် တရုတ်ပို့ကုန်တို့နှင့် ယှဉ်ပြိုင်ရန် ခက်ခဲလာသည်။


ထို့ကြောင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ဥရောပသမဂ္ဂသည် ဥရောပသို့ ဝင်ရောက်လာသော တရုတ် EV နယ်ပယ်အကြောင်း တရားဝင်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။


ဥရောပကော်မရှင်သည် တရုတ်ပြည်မှ BYD , Geely နှင့် SAIC တို့သို့ လည်ပတ်ကြည့်ရှုခဲ့ပြီး တရုတ်အစိုးရက ထောက်ပံ့ကူညီငွေများအပြင် ဘဏ်ချေးငွေတို့ဖြင့် EV ကဏ္ဍတွင် တရုတ်ပြည်တွင်းအတိုင်းအတာထက် ပ်ိုမို ကြီးမားအောင် လုပ်ဆောင်ခဲ့ခြင်း ဟုတ်မဟုတ် လေ့လာခဲ့သည်။


တရုတ်ပြည်သည် ပြည်တွင်းလိုအပ်ချက်ထက် ကျော်လွန်အောင် EV စက်ရုံများ ဆောက်လုပ်မည်ကို ဥရောပက စိုးရိမ်ခဲ့ခြင်း ဖြစ်သည်။


လပေါင်းများစွာ စုံစမ်းစစ်ဆေးခဲ့ပြီးနောက် ဥရောပကော်မရှင်က ပြောကြားလာသည်မှာ ယခုအခါ တရုတ်ပြည် ထုတ် EV များကို နောက်ကြောင်းပြန် သက်ရောက်မှုရှိစေသည့် အကောက်ခွန်များ ကောက်ခံရန် သုံးသပ် နေကြောင်း၊ ဥရောပ ကားထုတ်လုပ်သူများအား ကာကွယ်ပေးနိုင်ရန်ဖြစ်ကြောင်း ပြောကြားသည်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com


Ref: China gave BYD $3.7 billion to ‘win’ the EV race (electrek)