- ပင်မစာမျက်နှာ
- ကားသတင်းများ
- Jaguar က ယခုနှစ်အတွင်း ဆီကားများ ထုတ်လုပ်မှု ရပ်ဆိုင်းပြီး EV များသာ ထုတ်လုပ်ရန် စီစဉ်လာရာ Jaguar ချစ်မြတ်နိုးသူတို့အကြား များစွာ စိတ်ပျက်လျက်ရှိ
Jaguar က ယခုနှစ်အတွင်း ဆီကားများ ထုတ်လုပ်မှု ရပ်ဆိုင်းပြီး EV များသာ ထုတ်လုပ်ရန် စီစဉ်လာရာ Jaguar ချစ်မြတ်နိုးသူတို့အကြား များစွာ စိတ်ပျက်လျက်ရှိ
- 165 views
High-end Luxury ကားထုတ်လုပ်သူ Jaguar က ယခုနှစ်အတွင်း ဓာတ်ဆီကားများ ထုတ်လုပ်မှု ရပ်ဆိုင်း တော့မည် ဖြစ်ကြောင်း ကြေညာလိုက်ရာ Jaguar ချစ်သူတို့အကြား ကြေကွဲ ဝမ်းနည်းလျက် ရှိကြသည်။
Jaguar က ကြေညာခဲ့သည်မှာ ၎င်း၏ ဓာတ်ဆီကား မော်ဒယ် ၃ ခုကို ဇွန်လတွင် ထုတ်လုပ်မှု ရပ်ဆိုင်း တော့မည်ဖြစ်ကြောင်း၊ လျှပ်စစ်ကားများ ထုတ်လုပ်ရန် ကတိကဝတ်ပြုထားမှုအပေါ် ကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ကြေညာသည်။
(Luxury ကားထုတ်လုပ်သူ Jaguar က ယခုနှစ်အတွင်း ဆီကားများအားလုံး ထုတ်လုပ်မှု ရပ်ဆိုင်းမည် ဖြစ်ကြောင်း ကြေညာသည်။ ဓာတ်ပုံ-Getty)
Jaguar က ၎င်း၏ ဆီသုံးကားများဖြစ်သော F-Pace, E-Pace,XF ကားများ ထုတ်လုပ်မှု ပိတ်သိမ်းလျက် ရှိသည်။
Jaguar ၏ F-Type ပြိုင်ကားများနှင့် Convertible တို့ကို ယခုနှစ်အစောပိုင်းတွင် ထုတ်လုပ်မှု အဆုံးသတ် ခဲ့သည်။
Jaguar သည် ၂၀၂၅ ခုနှစ်တွင် EV သာ ထုတ်လုပ်သည့် ကုမ္ပဏီ ဖြစ်လာရန် စီစဉ်နေသည်။
လက်ရှိအားဖြင့် Jaguar က ရောင်းချပေးနေသော ကားမော်ဒယ် ၅ ခုရှိသည်။
လက်ရှိအားဖြင့် Jaguar မှ ထုတ်လုပ်သော လျှပ်စစ်ကားအနေဖြင့် Jaguar I-Pace တစ်မျိုးတည်းသာ ရနိုင်သေးသည်။
ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ လာမည့် ၂၀၂၆ ခုနှစ်တွင် ကားရောင်းချသူများထံ လျှပ်စစ်ကား မော်ဒယ် ၃ မျိုး ထပ်မံရောက်ရှိလာမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။
တံခါး ၄ ပေါက် GT မှာ အရောင်းပြခန်းများသို့ ၂၀၂၄ နှစ်ကုန်ပိုင်းတွင် ရောက်ရှိမည်ဖြစ်ပြီး ၂၀၂၅ နှစ်ဆန်းပိုင်း တွင် စတင် ဖြန့်ချိရန် စီစဉ်ထားသည်။
Jaguar ၏ Luxury ကားမော်ဒယ် ၃ မျိုး ထုတ်လုပ်မှု ပိတ်သိမ်းမည်ဖြစ်သော်လည်း အဆိုပါကားများကို ဆက်လက်ရောင်းချပေးမည်ဖြစ်ကြောင်း Jaguar ၏ မြောက်အမေရိကဆိုင်ရာ စီအီးအို Joe Eberhardt က Road & Track သတင်းဌာနသို့ ပြောသည်။
“ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေ အများစုကို ဇွန်လမှာ ထုတ်လုပ်မှု ရပ်ဆိုင်းမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကားတွေ ကို ဆက်လက်ရောင်းချပေးသွားမှာ ဖြစ်ပါတယ်”ဟု Eberhardt က ပြောသည်။
Jaguar ၏ ကြေညာချက်အပေါ် တုံ့ပြန်ပုံများမှာ EV တို့အပေါ် သံသယရှိသူတို့က လျှပ်စစ်ကားပြောင်းစီးရန် သဘောမကျချေ။
X လူမှုကွန်ရက်တွင် တစ်ဦးက မှတ်ချက်ပြုသည်မှာ “ဒါဟာ သူတို့ရဲ့ အဆိုးရွားဆုံး ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်” ဟု ဆိုသည်။
အခြားတစ်ဦးကမူ Jaguar က ထုတ်လုပ်လာမည့်ကားများကို ဝယ်ယူတော့မည် မဟုတ်ကြောင်း မိမိအနေဖြင့် Jaguar မှ ထုတ်လုပ်ခဲ့သော ယခင်ကားများကိုသာ သဘောကျကြောင်း မှတ်ချက်ပြုသည်။
Jaguar မှ ထုတ်လုပ်သော I-Pace လျှပ်စစ်ကားသည် တခါက ဗြိတိန်တော်ဝင်မိသားစု စီးနင်းခဲ့ဖူးပြီး ထိုကားမှာလည်း ယခုနှစ်ကုန်တွင် ထုတ်လုပ်မှု ရပ်ဆိုင်းမည် ဖြစ်သည်။
Jaguar မှ ထုတ်လုပ်မည့် EV ကားသစ်များသည် အားအပြည့်သွင်းထားလျှင် မိုင် ၄၀၀ ခန့် မောင်းနိုင်မည်ဟု မျှော်မှန်းထားသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: ‘Worst decision they could make,’ driver slams Jaguar as they prepare to end production of gas cars in favor of Evs (thesun)
Photo Credit-Getty