• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ဗြိတိန်တွင် အိမ်ရောင်းသူတစ်ဦးက ဝယ်လက်တို့အား ဆွဲဆောင်ရန် ဧည့်ခန်းအလယ်တွင် ဒေါ်လာ ၄ ဒသမ ၂ သန်းတန် Ferrari ကားတစ်စင်း ထားရှိ

ဗြိတိန်တွင် အိမ်ရောင်းသူတစ်ဦးက ဝယ်လက်တို့အား ဆွဲဆောင်ရန် ဧည့်ခန်းအလယ်တွင် ဒေါ်လာ ၄ ဒသမ ၂ သန်းတန် Ferrari ကားတစ်စင်း ထားရှိ

  • 178 views

အိမ်တစ်လုံးရောင်းချရာတွင် ဈေးကောင်းရရှိစေရေးအတွက် အဓိကလုပ်ရမည့် အချက်များတွင် ထိုအိမ်၏ အကောင်းဆုံးနေရာများကို ဓာတ်ပုံကောင်းကောင်းရိုက်ခြင်းလည်း အပါအဝင် ဖြစ်သည်။

ဗြိတိန်မှ အိမ်ပိုင်ရှင်တစ်ဦးကမူ အဆိုပါအကြံဉာဏ်ကို နောက်တဆင့် ရှေ့ဆက်လှမ်းလိုက်သည်။

၎င်းက ဓာတ်ပုံထဲတွင် မျက်စိပသာဒရှိစေမည့် အရာတစ်ခု ထပ်မံဖြည့်စွက်လိုက်ပြီး နေအိမ်ကို ဈေးကောင်းရ စေရန် လုပ်ဆောင်ခဲ့သည်။

၎င်းက Ferrari LaFerrari ကားတစ်စင်းကို ဧည့်ခန်းထဲတွင် ထားရှိလိုက်ခြင်း ဖြစ်သည်။

အဆိုပါကားသည် ဤရာစုနှစ်အတွင်း ထုတ်လုပ်ခဲ့သော အကြီးမြတ်ဆုံးမော်တော်ကားထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။

ရောင်းချမည့်အိမ်မှာ ဗြိတိန်နိုင်ငံ ၊ ဘက်ဖို့ဒ်ရှိုင်းယားခရိုင် Luton မြို့တွင် တည်ရှိပြီး ၁၈၆၉ ခုနှစ်က ဆောက်လုပ်ခဲ့သည်။

နေအိမ်အပြင်ဘက် ပုံပန်းသဏ္ဍာန်မှာ ဝိတိုရိယခေတ်ဟန်များကို ဆက်လက်ထိန်းသိမ်းထားပြီး Grade II အဆင့် သမိုင်းဝင်နေအိမ်အဖြစ် သတ်မှတ်ခံထားရကာ အတွင်းပိုင်းမှာမူ ခေတ်မီနေအိမ်တစ်လုံး၏ သွင်ပြင်ကို တွေ့ရမည် ဖြစ်ပြီး လက်ရှိပိုင်ရှင်က ပြန်လည်မွမ်းမံခဲ့ခြင်း ဖြစ်သည်။

ဈေးကွက်တင်ကြော်ငြာတွင် အထူးခြားဆုံးမှာ ဧည့်ခန်းရှိ ကြမ်းပြင်မှ မျက်နှာကြက်အထိ မြင့်မားသော ပြတင်းဘေးတွင် ရပ်နားထားသည့် အီတလီထုတ် Hybrid ပြိုင်ကား ဖြစ်သည်။

နေအိမ်အတွင်း ရပ်နားထားသည့် အဆိုပါကားမှာ အိမ်ထက်ပင် ပေါင် ၁ သန်းကျော် ဈေးကြီးနေသည်ကို သိရပါက သင့်အနေဖြင့် အံ့အားသင့်ဖွယ်ရှိသည်။

နေအိမ်ဝယ်လက်တို့ ဓာတ်ပုံများကို ကြည့်ရှုချိန်တွင် ပထမဆုံး သတိပြုမိကြသည်မှာ ဤကားဖြစ်သည်။

စံအိမ်၏ ခေါ်ဈေးမှာ ပေါင် ၂ ဒသမ ၅ သန်း (ကန်ဒေါ်လာ ၃ ဒသမ ၂ သန်း) ဖြစ်ပြီး ခြံအကျယ် ၁ ဒသမ ၃ ဧကရှိသည်။

ကောင်းစွာ ထိန်းသိမ်းထားရှိသော LaFerrari တစ်စင်း၏ တန်ကြေးမှာ ဒေါ်လာ ၄ သန်းအထက် ပေးရနိုင်သည်။

အွန်လိုင်းကားအရောင်း ဝက်ဘ်ဆိုက်ဖြစ်သော AutoTrader တွင် LaFerrari ၃ စင်း အရောင်းဈေးကွက် ဝင်နေသည်။

၃ စင်းလုံးမှာ ကန်ဒေါ်လာ ၄ ဒသမ ၂ သန်း ဈေးခေါ်ထားသည်။

လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်မှာ “အိမ်အရောင်းတင်တာကို ဧည့်ခန်းထဲမှာ ဘာဖြစ်လို့ ကားကြီး ထားထားတာလဲ”ဟု မှတ်ချက်ပြုရာ အခြားတစ်ဦးက “Luton မြို့လေ။ အပြင်မှာ ထားထားရင် အလစ်သုတ်သွားမှာပေါ့”ဟု Reply ပြန်သည်။

LaFerrari ကို ၂၀၁၃ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပြီး 6.3-Liter V12 အင်ဂျင်နှင့် လျှပ်စစ်မော်တာတစ်လုံး တပ်ဆင်ထားပြီး စုစုပေါင်း အထွက်အား ၉၅၀ hp ရှိသည်။

အစင်းရေ ၄၉၉ စင်းသာ ထုတ်လုပ်ထားသော Limited Edition ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  To entice buyers a shrewd luxury mansion owner parked a $4.2 million Ferrari smack in the middle of the living room of the property. Interestingly, the house is a million dollars cheaper than the supercar.   (luxurylaunches)