- ပင်မစာမျက်နှာ
- ကားသတင်းများ
- ကားထဲတွင် ရေဘူးထားခဲ့ခြင်းမှာ အန္တရာယ်ကြီးမားကြောင်း အမေရိကန် မီးသတ်ဌာနက သတိပေး
ကားထဲတွင် ရေဘူးထားခဲ့ခြင်းမှာ အန္တရာယ်ကြီးမားကြောင်း အမေရိကန် မီးသတ်ဌာနက သတိပေး
- 11 views
ကား၏ မီးဘေးအန္တရာယ်အကြောင်း ပြောဆိုမည်ဆိုပါက သင့်အနေဖြင့် ပလတ်စတစ် ရေသန့်ဘူးကို ထည့်သွင်းစဉ်းစားဖွယ် မရှိချေ။
ရေထည့်ထားသော ကြည်လင်သည့် ပလတ်စတစ်ရေသန့်ဘူးကို ကားထဲတွင် ထားခဲ့ခြင်းမှာ အချို့အခြေအနေ များတွင် အံ့အားသင့်ဖွယ်၊ကြောက်မက်ဖွယ် အန္တရာယ်ရှိနေကြောင်း အမေရိကန်ပြည်တစ်လွှားမှ မီးသတ်သမား တို့က သတိပေးလာသည်။
((ရေသန့်ဘူးကနေ ဘယ်လို မီးလောင်တာလဲ))
ရေသန့်ဘူးအန္တရာယ်၏ နောက်ကွယ်မှ သိပ္ပံပညာမှာ ရိုးစင်းလှသော်လည်း သတိထားရမည့်အချက် ဖြစ်လာသည်။ ကျွန်ုပ်တို့ ငယ်စဉ်က နေရောင်အောက်တွင် မှန်ဘီလူးဖြင့် စက္ကူကို မီးရှို့ခဲ့ကြပုံ မှတ်မိသတိရကြဦးမည် ထင်သည်။ထိုသဘောတရားအတိုင်းပင် ကြည်လင်သော ပလတ်စတစ်ဘူးထဲမှ ရေမှာ မှန်ဘီလူးခုံးသဖွယ် အလင်းယိုင်စေကာ ဆုံမှတ်ဖြစ်ပေါ်စေနိုင်သည်။
အကယ်၍ ဆုံမှတ်ဖြစ်သွားသောနေရာမှာ ထိုင်ခုံအထည်စ၊ ဒက်ရှ်ဘုတ်၊ စာရွက်စာတမ်း အစရှိသည့် မီးလောင်လွယ်သည့်အရာမျိုးဖြစ်နေပါက ဆုံချက်တွင် အပူရှိ တစ်စထက်တစ်စ ပြင်းလာလျှင် မီးလောင်မှု ဖြစ်ပွားတော့သည်။
ဖြစ်ရပ်တစ်ခုတွင်ဆိုလျှင် အမေရိကန်ပြည်၊ အိုင်ဒါဟိုပြည်နယ်မှ မီးသတ်သမားတစ်ဦးသည် နေသာသော နေ့တစ်နေ့တွင် ကားထိုင်ခုံပေါ်၌ ရေသန့်ဘူးတစ်ဘူးထားခဲ့ကာ ထွက်သွားခဲ့သည်။မိနစ်အနည်းငယ်အကြာတွင် ကားဆီမှ မီးခိုးများ ထွက်လာနေသည်ကို ၎င်းကသတိထားမိခဲ့၏။နေရောင်မှာ ရေဘူးကို ဖြတ်သန်းကျရောက်ပြီး ထိုင်ခုံအထည်စပေါ်တွင် ဆုံမှတ်ဖြစ်သွားစေသည်။အချိန်အနည်းငယ်အကြာတွင် ထိုနေရာ၌ မီးကျွမ်းရာပင် ဖြစ်နေပြီဖြစ်ကာ သတိမထားမိပါက ကားတစ်စင်းလုံး မီးလောင်သွားနိုင်သည်။
((လက်တွေ့ စမ်းသပ်ကြည့်မှုများအရလည်း အန္တရာယ်ရှိကြောင်း တွေ့ရ))
ရေသန့်ဘူး အန္တရာယ်ကို အများပြည်သူတို့ သတိမူမိစေရန်အတွက် အမေရိကန်ပြည်၊ အိုကလာဟိုးမား ပြည်နယ်မှ မီးသတ်သမားတို့က လူသူအလှမ်းကွာသော နေရာတစ်ခုတွင် လက်တွေ့စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့သည်။၎င်းတို့က ကားတစ်စင်းထဲတွင် ရေသန့်ဘူးတစ်ဘူး ထည့်ထားလိုက်ပြီး နေရောင်တိုက်ရိုက်ရသည့်နေရာတွင် ထားလိုက်သည်။
ထို့နောက် သာမိုမီတာတစ်ခုဖြင့် အလင်းစုံချက်နေရာတွင် အပူချိန်ကို တိုင်းတာခဲ့ကြရာ အပူချိန် ၂၅၀ ဒီဂရီ ဖာရင်ဟိုက် (၁၂၁ ဒီဂရီ စင်တီဂရိတ်) အထိ ရောက်ရှိခဲ့သည်ကို တွေ့ရသည်။ထိုအပူချိန်မှာ ကားထဲမှ အချို့သော ပစ္စည်းများကို မီးလောင်နိုင်သည့် အပူရှိန်ဖြစ်သည်။
နေရောင်ခြည်ကျရောက်ပုံ၊ ဘူးပုံသဏ္ဌာန်၊ ရေ၏ ကြည်လင်မှု၊ အလင်းဆုံချက်ကျသည့် မျက်နှာပြင်အမျိုးအစား အစရှိသည့် အကြောင်းတရားအားလုံး ပေါင်းစုသွားပါက မီးလောင်မှု ဖြစ်စေနိုင်သည်။
((အခြားသော ကျန်းမာရေး အန္တရာယ်များ))
ရေဘူးများကို ပူပြင်းနေသည့် ကားထဲတွင် ထားခဲ့ခြင်းမှာ မီးဘေးအန္တရာယ်အပြင် အခြားသော ကျန်းမာရေး အန္တရာယ်များလည်း ရှိနေသည်။
🟢 ဓာတုပစ္စည်း ရေတွင်ပျော်ဝင်ခြင်း— အပူရှိန်ကြောင့် BPA (Bisphenol A) နှင့် phthalate တို့ကဲ့သို့ ပလတ်စတစ်ဘူးများတွင် တွေ့ရသည့် ဓာတုပစ္စည်းများ ရေတွင်ပျော်ဝင်နိုင်သည်။ ထိုဓာတ်ပစ္စည်းတို့သည် ဟော်မုန်းထုတ်ပေးသည့် ဂလင်းများကို အနှောင့်အယှက်ဖြစ်စေပြီး ကျန်းမာရေးပြဿနာ အမျိုးမျိုးလည်း ဖြစ်စေနိုင်သည်။
🟢 ဘက်တီးရီးယား ပေါက်ဖွားမှု — ရေသန့်ဘူးမှာ အဖုံးပွင့်နေပါက ရပ်နားထားသော ကားထဲမှ ပူနွေးသော အခြေအနေတွင် ဘက်တီးရီးယားများ ပေါက်ဖွားလာနိုင်ကာ သောက်သုံးရန် အန္တရာယ်မကင်းနိုင်ချေ။ ပူပြင်းသောနေရာတွင် အချိန်ကြာရှည်ထားရှိသည့် ရေဘူးများထဲမှ ရေကို မသောက်သုံးသင့်ကြောင်း ကျန်းမာရေးနယ်ပယ်မှ ပုဂ္ဂိုလ်တို့က အကြံပြုကြသည်။
((ဘေးကင်းအောင် ဘယ်လိုလုပ်မလဲ))
🟢 ရေဘူးများကို နေရောင်ခြည်နှင့် တိုက်ရိုက်မတွေ့ထိသောနေရာတွင် ထားပါ။ ထိုင်ခုံအောက် (သို့မဟုတ်) ကားထဲမှ မှောင်မိုက်သောနေရာတွင် ထားပါ။
🟢 အခြားသော ဘူးအမျိုးအစားကို သုံးပါ— Stainless steel (သို့မဟုတ်) ဓာတ်ဘူးကဲ့သို့ အလင်းနှင့် အပူဓာတ်ကာကွယ်ပေးသော ဘူးမျိုး အသုံးပြုပါ။
🟢 ကားထဲတွင် အချိန်တာရှည် မထားပါနှင့်— ကားထဲမှ အပြင်ထွက်ကာ အပြင်တွင် အချိန်အတန်ကြာ နေထိုင်မည်ဆိုပါက ရေဘူးကိုပါ ယူဆောင်သွားပါ။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Firefighters Warn Public Of Dangers Of Leaving Water Bottles In Cars (medium)