- ပင်မစာမျက်နှာ
- ကားသတင်းများ
- တစ်နေရာတည်းတွင် တက္ကစီသမား တစ်ဦးတည်း၏ ကားတိုက်ခြင်းခံခဲ့ရသော ညီအစ်ကို ၂ ဦး၏ ဆန်းကြယ်သော တိုက်ဆိုင်မှု
တစ်နေရာတည်းတွင် တက္ကစီသမား တစ်ဦးတည်း၏ ကားတိုက်ခြင်းခံခဲ့ရသော ညီအစ်ကို ၂ ဦး၏ ဆန်းကြယ်သော တိုက်ဆိုင်မှု
- 59 views
ဘာမြူဒါကျွန်းတွင် ၁၉၇၄ ခုနှစ်နှင့် ၁၉၇၅ ခုနှစ်တို့တွင် ဆယ်ကျော်သက် ညီအစ်ကို ၂ ဦးမှာ တစ်နှစ်ခြားကာ ကားတိုက်ခံရပြီး သေဆုံးခဲ့ကြသည်။
ဆန်းကြယ်သည်မှာ အစ်ကိုဖြစ်သူကို တိုက်ခဲ့သည့် တက္ကစီဖြင့်ပင် ညီဖြစ်သူ အတိုက်ခံခဲ့ရခြင်းပင်။
၁၉၇၄ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်တွင် အသက် ၁၇ နှစ်အရွယ် နဲဗဲလ် အက်ဘင်း (Neville Ebbin) အမည်ရှိ လူငယ်မှာ Middle လမ်းတွင် ဆိုင်ကယ်စီးလာစဉ် တက္ကစီတစ်စင်းဖြင့် တိုက်မိကာ သေဆုံးသွားခဲ့သည်။
တစ်နှစ်ခန့်ကြာသောအခါ မယုံနိုင်ဖွယ် ဆန်းကြယ်သည့် တိုက်ဆိုင်မှု ဖြစ်ပေါ်လာခဲ့သည်။
၁၉၇၅ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်တွင် နဲဗဲလ်၏ ညီငယ် အားစကင်း လောရင့်စ် အက်ဘင်း (Erskine Lawrence Ebbin) မှာလည်း ဆိုင်ကယ်စီးလာစဉ် ကားတိုက်ခံရပြန်သည်။ အားစကင်းမှာလည်း သေဆုံးချိန်တွင် အသက် ၁၇ နှစ် ဖြစ်သည်။
အားစကင်းစီးလာသည့် ဆိုင်ကယ်မှာလည်း အစ်ကိုဖြစ်သူ ကားတိုက်ခံရစဉ်က စီးခဲ့သော ဆိုင်ကယ် ဖြစ်သည်။
ပို၍ ဆန်းကြယ်သည်မှာ အစ်ကိုဖြစ်သူ သေဆုံးခဲ့သည့်လမ်းတွင်ပင်ဖြစ်ပြီး ကားမှာလည်း အစ်ကိုဖြစ်သူကို တိုက်ခဲ့သည့် တက္ကစီပင် ဖြစ်နေသည်။
ထိုကားကို မောင်းသူမှာလည်း အစ်ကိုဖြစ်သူကို တိုက်ခဲ့သည့် ဝီးလတ် မန်းဒါးစ် (Willard Manders) ဆိုသူပင် ဖြစ်နေသည်။
၎င်းတို့၏ ဖခင်နှင့် ဒေသတွင်း သတင်းစာတို့၏ ဖော်ပြချက်အရ တက္ကစီပေါ်တွင် ပါလာသည့် ခရီးသည်မှာလည်း လွန်ခဲ့သောတစ်နှစ်က အစ်ကိုဖြစ်သူကို တိုက်မိခဲ့စဉ် ကားပေါ်တွင် လိုက်ပါလာသည့် ခရီးသည်ပင် ဖြစ်သည်ဟု ဆိုသည်။
မယုံနိုင်စရာ ကြေကွဲဖွယ် ထိုဖြစ်ရပ်ကို ထိုစဉ်က Miami Herald နှင့် the Los Angeles Times တို့ အပါအဝင် နာမည်ကြီး သတင်းဌာနများစွာက ဖော်ပြခဲ့သည်။
နောက်ပိုင်းတွင် ရစ်ပလေ (Ripley) ၏ ယုံချင်ယုံ၊ မယုံချင်နေ Believe It or Not!) စာအုပ်တွင် ထည့်သွင်းဖော်ပြခဲ့၏။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Sources: The Royal Gazette, Miami Herald, Los Angeles Times #BermudaTragedy #UnbelievableCoincidence
Ref: The Strange Coincidence of the Identical Crash