• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • Bugatti က ယူရို ၃ ဒသမ ၈ သန်းတန် Tourbillon များ ဒေါ်လာ ၁ ဘီလီယံကျော်ဖိုး ကြိုတင်ရောင်းချထားရာ ၂၀၂၉ ခုနှစ်အထိ စာရင်းပြည့်နေပြီဖြစ်ပြီး ဝယ်ယူလိုသူများအနေဖြင့် ၂၀၃၀ ပြည့်နှစ်မှသာ မှာယူနိုင်တော့မည်

Bugatti က ယူရို ၃ ဒသမ ၈ သန်းတန် Tourbillon များ ဒေါ်လာ ၁ ဘီလီယံကျော်ဖိုး ကြိုတင်ရောင်းချထားရာ ၂၀၂၉ ခုနှစ်အထိ စာရင်းပြည့်နေပြီဖြစ်ပြီး ဝယ်ယူလိုသူများအနေဖြင့် ၂၀၃၀ ပြည့်နှစ်မှသာ မှာယူနိုင်တော့မည်

  • 246 views

0a5dc57a-f3e3-5eaf-94ce-63b4b3350000.jpg

ပြင်သစ် ကားကုမ္ပဏီ Bugatti ၏ Tourbillon မှာ ၂၀၂၉ ခုနှစ်အထိ အမှာစာ ပြည့်နေပြီဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက ထုတ်ပြန်သည်။

Tourbillon မှာ အနိမ့်ဆုံးဈေး ယူရို ၃ ဒသမ ၈ သန်း (ဒေါ်လာ ၄ ဒသမ ၄ သန်း) မှ စတင်ပြီး စုစုပေါင်း အစင်းရေ ၂၅၀ သာ ထုတ်လုပ်မည့် မော်ဒယ်ဖြစ်သည်။

ယခုမော်ဒယ်တစ်ခုတည်း၏ ရောင်းချရမှု ပမာဏမှာ အနည်းဆုံး ယူရို သန်း ၉၅၀ (ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ) ရှိဖွယ်ရှိသည်ဟု ခန့်မှန်းရသည်။

Bugatti ၏ ဒီဇိုင်းဒါရိုက်တာ Frank Heyl က အမေရိကန် ကားသတင်းဌာန CarBuzz သို့ ပြောသည်မှာ မိမိတို့ brand ၏ လက်ရှိ ရည်မှန်းချက်မှာ Tourbillon မှာယူထားမှုများကို ဖြည့်ဆည်းပေးရန်ဖြစ်ကြောင်း ပြောသည်။

“ကျွန်တော်တို့ ဒီ ကားမော်ဒယ်နဲ့ ၂၀၂၉ ခုနှစ်အထိ အလုပ်များနေတော့မှာပါ။ ၂၀၂၉ ခုနှစ်အထိ ရောင်းချထားပြီးပါပြီ” ဟု Heyl က ပြောသည်။

8a52583b-df93-522d-b9fc-4d4a2f350000.jpg

“လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ဒီလိုမျိုး ဘဏ္ဍာရေး တောင့်တင်းစေတဲ့ အခြေအနေမျိုး ရောင်းရတယ်ဆိုရင် ဒါက အရမ်း အလုပ်ဖြစ်နေတာပါပဲ။ ဒါဆိုရင် ရှေ့ဆက်သွားဖို့ စီစဉ်လို့ ရပါပြီ”

Tourbillon တွင် 8.3-litre V16 အင်ဂျင် အသုံးပြုထားပြီး လျှပ်စစ်မော်တာ ၃ လုံးလည်း ပါဝင်ကာ စုစုပေါင်း အထွက်အား 1324kW ရှိသည်။

အမြန်နှုန်း တင်နိုင်စွမ်းအနေဖြင့်  0-100km/h ကို ၂ စက္ကန့်အတွင်း ရနိုင်သည်။

အမြင့်ဆုံးမြန်နှုန်းမှာ 380km/h တွင် ကန့်သတ်ထားသော်လည်း Speed Key ဖြင့် 445km/h အမြန်နှုန်းအထိ မြှင့်တင်နိုင်စွမ်း ရှိသည်။

Bugatti သည် Tourbillon မထုတ်လုပ်မီတွင် ၎င်း အခြေစိုက်ရာ Molsheim ၌ ဝပ်ရှော့သစ်တစ်ခု မကြာသေးမီက ဖွင့်လှစ်ခဲ့ပြီး Tourbillon မော်ဒယ်ကို ထိုဝပ်ရှော့ငယ်လေးတွင် ထုတ်လုပ်လျက်ရှိခြင်း ဖြစ်သည်။

အဆိုပါ ဝပ်ရှော့မှာ အလျား ၁၃၂ မီတာ၊ အနံ ၂၅ မီတာသာရှိပြီး စတုရန်းမီတာ ၃၃၀၀ မျှသာ ရှိသည်။

84b7676a-bdca-50d1-b0e1-c7654b350000.jpg

နှိုင်းယှဉ်ချက်အားဖြင့် ကြည့်မည်ဆိုလျှင် တောင်ကိုရီးယားနိုင်ငံ၊ အူဆန်ရှိ Hyundai ၏ စက်ရုံမှာ စတုရန်းမီတာ ၅ သန်းကျယ်ဝန်းသည်။

ဂျာမနီနိုင်ငံ၊ Wolfsburg ရှိ Volkswagen ၏ စက်ရုံမှာ ကမ္ဘာပေါ်တွင် အကြီးမားဆုံး ကားစက်ရုံကြီးဖြစ်ပြီး စတုရန်းမီတာ ၆ ဒသမ ၅ သန်း ကျယ်ဝန်းသည်။

သြစတေးလျနိုင်ငံတွင် တက္ကသိုလ်တက်ကာ ဘွဲ့ရရန် ပျမ်းမျှကြာချိန်မှာ ၃ နှစ်သာဖြစ်ရာ Tourbillon တစ်စင်း ဝယ်ယူရန် စောင့်ဆိုင်းရမည့်ကာလမှာ သြစတေးလျတွင် ဘွဲ့ရရန်ထက် ပိုမိုကြာမြင့်မည် ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Bugatti set to rake in $1.7 billion with Tourbillon exotic car, sold out until 2029 (drive)