• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • တရုတ်ပြည်တွင် Tesla တစ်စီးဖြင့် ခွေးလေးတစ်ကောင်နှင့်အတူ တရုတ်ပြည်တစ်ဝန်း မိုင်ထောင်ချီ ခရီးထွက်နေသည့် အမျိုးသားတစ်ဦးအကြောင်း နာမည်ကြီးနေ

တရုတ်ပြည်တွင် Tesla တစ်စီးဖြင့် ခွေးလေးတစ်ကောင်နှင့်အတူ တရုတ်ပြည်တစ်ဝန်း မိုင်ထောင်ချီ ခရီးထွက်နေသည့် အမျိုးသားတစ်ဦးအကြောင်း နာမည်ကြီးနေ

  • 868 views

5a2dc850-e2fb-476c-927c-8a0531445978_8282adbf~1.jpg

တရုတ်ပြည်တွင် ခွေးလေးတစ်ကောင်နှင့်အတူ Tesla တစ်စင်းဖြင့် နိုင်ငံအနှံ့ခရီးဆန့်မည့် ခရီးစဉ်ထွက်ခွာ ခဲ့သော အမျိုးသားတစ်ဦးအကြောင်းမှာ ပြည်မကြီးလူမှုကွန်ရက်သုံးစွဲသူတို့အကြား ပျံ့နှံ့ဂယက်ရိုက်နေသည်။

ထိုအမျိုးသားက Tesla ၏ နောက်ပိုင်းတွင် ခွေးလေးအတွက် အထူးလှောင်အိမ်တစ်ခု တပ်ဆင်ခေါ်ဆောင် လာခြင်းဖြစ်ပြီး လှောင်အိမ်တွင် ရယ်ရွှင်မြူးဖွယ် ဆိုင်းဘုတ်တစ်ခုလည်း တပ်ထားသည်။

မျိုးရိုးအမည် ဟောင်ဟုခေါ်သော အမျိုးသားသည် သူ၏ ၇ လသား Labrador ခွေးလေးနှင့်အတူ ဧပြီလ ၂၁ ရက်က ကားတစ်စင်းဖြင့် စတင်ခရီးထွက်ခဲ့သည်။ခွေးလေးကို မီမီဟု အမည်ပေးထားသည်။ ကြောင်တစ်ကောင်၏ “မီယောင်”ဟူသော အော်သံမျိုးကို ရည်ညွှန်းကာ မီမီဟု အမည်ပေးထားခြင်း ဖြစ်သည်။

ဟောင်က Jimu News သတင်းဌာနသို့ ပြောပြသည်မှာ မီမီသည် ကားမူးတတ်ကြောင်း၊ ထို့ကြောင့် ကားဖြင့် ခရီးဝေးသွားမည့် ခရီးစဉ်တွင် မီမီကို သက်သောင့်သက်သာဖြစ်စေရန် ခေါ်ယူနိုင်ရေးမှာ မိမိအတွက် အခက်ကြုံရကြောင်း ပြောသည်။ထိုပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် ဟောင်က အထူးလှောင်အိမ်တစ်ခု ပြုလုပ်ခဲ့ကာ Tesla ၏ နောက်ဘက်တွင် ထားရှိခဲ့သည်။

မီမီသည် လေကောင်းလေသန့်ရှုကာ လိုက်ပါရပါက သက်သောင့်သက်သာရှိပုံရသည်ကို တွေ့ရကြောင်း ဟောင်က ပြောသည်။

0511bfc2-632f-4e39-a249-7f5cf623368c_826aed7a.jpg

(▲ မီမီ၏ ကားမူးသည့် ပြဿနာကို ဖြေရှင်းရန်အတွက် ဟောင်က သူ၏ Tesla နောက်ဘက်တွင် အထူးလှောင်အိမ်တစ်ခု ချိတ်ဆွဲထားရှိခဲ့သည်။ ဓာတ်ပုံ-Baidu)

မီမီအတွက် ပိုမိုသက်သောင့်သက်သာရှိစေရန်အတွက် ဟောင်က လှောင်အိမ်ကို အနက်ရောင်အဝတ်စဖြင့် အုပ်ပေးထားပြီး နေပူဒဏ်မခံရစေရန် စီစဉ်ပေးခဲ့သည်။ ထို့အပြင် လှောင်အိမ်ထဲတွင် သက်သောင့်သက်သာ အနားယူလိုက်ပါနိုင်ရန်အတွက် ကူရှင်အပျော့စားတစ်ခုလည်း ခင်းပေးထားသည်။

ယင်းနောက် ဟောင်က မီမီ၏ လှောင်အိမ်တွင် ဆိုင်းဘုတ်တစ်ခု တပ်ထားလိုက်သည်။
“ဒီကောင်က ..ကားမူးတတ်လို့ပါ” ဟု ဆိုင်းဘုတ်တွင် ရေးသားထားသည်။

“ကျွန်တော်က လမ်းပေါ် လျှောက်သွားရတာ သဘောကျတယ်။ ပြီးတော့ မီမီ့ကိုလည်း ခေါ်သွားချင်တယ်လေ။ အဲဒါကြောင့် မီမီ့ကို ကျွန်တော်က ညှင်းပန်းတယ်လို့ တခြားလူတွေ ထင်မှာစိုးလို့ ဆိုင်းဘုတ်တပ်ထားတာပါ။” ဟု ဟောင်က ရှင်းပြသည်။ခရီးတစ်လျှောက်တွင် မီမီ၏ ကိုယ်စိတ်နှစ်ပါး ကျန်းမာရေးကောင်းမွန်ကြောင်း ဟောင်က ပြောသည်။

ဟောင်က မီမီအတွက် လှောင်အိမ်တပ်ဆင်ထားမှုကို ရှန်ဟိုင်း မော်တော်ယာဉ်ကွပ်ကဲရေးရုံးသို့ တင်ပြခဲ့ရာ ကားနံပါတ်ပြားကို လှောင်အိမ်တွင် တိုက်ရိုက်တပ်ဆင်ထားရှိရန် ညွှန်ကြားမှုရရှိခဲ့သည်။

 

146956ac-91f2-4a34-a92f-3e4fb496affe_11fbb058.jpg

(▲ ဟောင်က ရှန်ဟိုင်း မော်တော်ယာဉ်ကွပ်ကဲရေးရုံးသို့ တင်ပြခဲ့ရာ Tesla ၏ နောက်ဘက်တွင် လှောင်အိမ်တပ်ဆင်ထားရှိရန် ခွင့်ပြုချက်ရရှိခဲ့သည်။ ဓာတ်ပုံ-Baidu)

ဟောင်နှင့် သူ၏ခွေးလေး မီမီတို့သည် ရှန်ရှီးပြည်နယ် ရှိယန်မြို့၊ ကန်းဆုပြည်နယ် လန်ကျိုးမြို့နှင့် အတွင်းမွန်ဂိုလီးယားတို့ အပါအဝင် တရုတ်ပြည်ရှိ ဒေသပေါင်း ၁၄ ခုသို့ ရောက်ရှိခဲ့ပြီးဖြစ်ကာ ခရီးအကွာအဝေးအားဖြင့် ကီလိုမီတာ ၁၃၀၀၀ (၈၀၇၇ မိုင်) ရောက်ရှိခဲ့ပြီး ဖြစ်သည်။


လက်ရှိအားဖြင့် ဟောင်နှင့် မီမီတို့သည် တရုတ်ပြည် အနောက်မြောက်ပိုင်း စင်ကျန်းပြည်နယ် Bayanbulak ချိုင့်ဝှမ်းဒေသသို့ ရောက်ရှိနေသည်။ထိုဒေသသည် တရုတ်ပြည်၏ ဒုတိယအကြီးမားဆုံးသော မြက်ခင်းလွင်ပြင်ကြီးတည်ရှိရာဒေသအဖြစ် နာမည်ကျော်သည်။

ဟောင်သည် နောက်ထပ် ၂ လမှ ၃ လအထိ ဆက်လက်ခရီးသွားရန် စီစဉ်ထားပြီး တိဗက်၊ ယူနန်ပြည်နယ်တို့အပြင် ချုံကင်းမြို့များသို့ ဆက်လက်သွားရောက်ဦးမည်ဟု ဆိုသည်။တရုတ်ပြည်တစ်ဝန်း Tesla တစ်စင်းဖြင့် မိုင်ထောင်ချီခရီးသွားနေသော ဟောင်နှင့် မီမီတို့မှာ လူမှုကွန်ရက်တွင် Celebrities များဖြစ်လာနေသည်။ရောက်ရာမြို့တွင် ဟောင်နှင့် သူ၏ ခွေးလေးရှိရာသို့ လူအများဝိုင်းအုံရောက်လာကာ ဓာတ်ပုံရိုက်ကြလေ့ရှိသည်။

“ဒီခွေးလေးက ကားမူးတတ်တယ်ဆိုပြီး နာမည်ကြီးနေတဲ့ ခွေးလေးလား” ဟု မေးတတ်ကြသည်။

 

a4a06738-160b-4d0d-a94f-475f1eec0d9f_0f715ac2.jpg

(▲ မီမီက ကားနောက်တွင် လှောင်အိမ်ဖြင့် လိုက်ပါရခြင်းကို သဘောကျသည်။ ဓာတ်ပုံ-Baidu)

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: China dog owner goes viral for taking pet on road trip, securing it in cage with funny sign
Photo Credit-Baidu