တရုတ်လူငယ်တို့အကြား ရုံးပိတ်ရက်တွင် Xiaomi ၏ ကားစက်ရုံသို့ အလည်အပတ်သွားကြခြင်းများ ခေတ်စားနေ

  • 1511 views

တရုတ်ပြည်တွင် လူငယ်လူရွယ်တို့အကြား အားလပ်ရက် အပန်းဖြေခရီးထွက်သည့်နေရာမှာ အံ့အားသင့်ဖွယ် လမ်းကြောင်း ပြောင်းလဲသွားသည်။

Xiaomi စက်ရုံက ၎င်းတို့၏ စက်ရုံဝန်းအတွင်း လည်ပတ်ကြည့်ရှုနိုင်သည့် ဝင်ခွင့်လက်မှတ်များ ရလိုသူ မယုံနိုင်ဖွယ် များပြားနေသည်။

ထို့အပြင် Xiaomi က ၎င်းတို့၏ ကားမော်ဒယ်အသစ် Xiaomi SU Ultra ကို တစ်နှစ်တာအတွင်း အစင်းရေ ၁၀၀၀၀ ရောင်းရရန် ရည်မှန်းထားခဲ့ရာတွင် စတင်မိတ်ဆက်ရောင်းချပေးပြီး ၂ နာရီအတွင်း အစင်းရေ ၁၀၀၀၀ ကျော် pre-order ရောင်းချလိုက်ရမှုမှာ တရုတ်ပြည်တွင် အလွန်လူပြောများနေသည်။

 

(ဆက်စပ်သတင်း)

Xiaomi က SU7 Ultra ကို တစ်နှစ်တာအတွက် ရောင်းအားရည်မှန်းချက် အစင်းရေ ၁၀,၀၀၀ မျှော်မှန်းထားရာတွင် စတင်အရောင်းဖွင့်ပြီး ၂ နာရီအတွင်း အစင်းရေ ၁၀,၀၀၀ ရောင်းချလိုက်ရ

https://www.carsdb.com/my/news/1048


ယခုအခါ ထောင်သောင်းချီသော တရုတ်လူငယ်တို့သည် Xiaomi စက်ရုံသို့ ဝင်ရောက်လည်ပတ်လေ့လာနိုင်ရန် ကြိတ်ကြိတ်တိုးလျှောက်လွှာတင်နေကြပြီး မဲနှိုက်သည့်စနစ်ဖြင့် လည်ပတ်ခွင့်ရမည့်သူကို ရွေးချယ်ကြောင်း သိရသည်။

လည်ပတ်လိုသူ အလွန်များပြားလှသောကြောင့် အခမဲ့လည်ပတ်ခွင့်ပေးသည့် လက်မှတ်များကိုပင် အွန်လိုင်းတွင် ယွမ် ၂၀၀၀ (ဒေါ်လာ ၂၈၀) ခန့်အထိ ဈေးခေါ်ကာ ရောင်းချလာလျက်ရှိနေသည်။

(မှတ်ချက်။ ကမ္ဘာကျော်အဆိုတော်များ (ဥပမာ တေလာဆွစ်)၏ ဂီတဖျော်ဖြေပွဲ လက်မှတ်မှာ အများဆုံး ဒေါ်လာ ၂၀၀ ဝန်းကျင်သာ ဖြစ်သည်)

ယခုခေတ်စားနေသည့် လမ်းကြောင်းကို ကြည့်ခြင်းအားဖြင့် တရုတ်ပြည်တွင် စက်ရုံများသို့ သွားရောက်လည်ပတ်ကြသည့် ခရီးသွားလာမှုအပေါ် အထူးစိတ်ဝင်စားမှု မြင့်မားနေသည်ကို တွေ့နိုင်သည်။

အထူးသဖြင့် အားလပ်ရက်များတွင် တမူထူးသော အပန်းဖြေခရီးအတွေ့အကြုံ ရှာလိုသည့် လူငယ်လူရွယ်များအကြားတွင် ဖြစ်သည်။

Xiaomi စက်ရုံသို့ လေ့လာရေးခရီးတွင် နာမည်ကျော် လျှပ်စစ်ကားများကို မည်သို့မည်ပုံထုတ်လုပ်နေပုံ အဆင့်မြင့်နည်းပညာများအား မျက်ဝါးထင်ထင် တွေ့မြင်ခွင့်ရမည် ဖြစ်သည်။

Xiaomi စက်ရုံသို့ အလည်အပတ်ခရီးလာရန် တစ်သုတ်လျှင် လျှောက်ထားသူ ပမာဏမှာ ၄၆၀၀ ဦးအထိ ရှိနေသည်။

စက်ရုံအတွင်းသို့ ဝင်ရောက်လေ့လာရန် တစ်ကြိမ်လျှင် ၂၀ ဦးသာ ခွင့်ပြုရာ လည်ပတ်ခွင့်ရရန် အခွင့်အလမ်း အလွန်နည်းပါးလှသည်။

ထိုသို့ လည်ပတ်ခွင့်ရနိုင်ချေနည်းပါးလှသော်လည်း Xiaomi စက်ရုံသို့ လည်ပတ်ရန် စိတ်ဝင်စားမှုများ အလွန်များပြားနေဆဲဖြစ်ကာ များစွာသောသူတို့မှာ မည်သို့ဖြစ်စေ ပေကျင်းသို့လာရောက်ရန် ဆန္ဒရှိနေကြသည်။

Xiaomi ၏ ထုတ်ပြန်ချက်အရ စက်ရုံအလည်အပတ်ခရီးစဉ်တွင် နည်းပညာပြခန်းမ၌ မိနစ် ၄၀ လည်ပတ်ကြည့်ရှုခွင့်၊ ထုတ်လုပ်ရေးနေရာတွင် မိနစ် ၂၀ ကြည့်ရှုခွင့်တို့ ပါဝင်သည်ဟု ဆိုသည်။

စက်ရုံမှာ အလိုအလျောက်စနစ်ဖြင့်သာ အဓိကလည်ပတ်ပြီး လူသားဝန်ထမ်း ၁၀၀ ဦးသာရှိသည်။

တစ်လလျှင် ကားအစင်းရေ ၂၀၀၀၀ ထုတ်လုပ်နိုင်စွမ်းရှိသော စက်ရုံတွင် စက်လက်တံများ၊ စက်ရုပ်များဖြင့် ကားထုတ်လုပ်နေပုံကို လေ့လာနိုင်မည့်အပြင် Xiaomi SU7 Ultra ကို စမ်းသပ်မောင်းနှင်ခွင့်လည်း ရမည် ဖြစ်သည်။

လေ့လာလည်ပတ်လိုသူ အလွန်များပြားခြင်း၊ နောက်ဆုံးပေါ် နည်းပညာများကို ကြည့်ရှုခွင့်ရမည်ဖြစ်ခြင်း တို့ကြောင့် Xiaomi စက်ရုံသို့ အလည်အပတ်ခရီးစဉ်မှာ တရုတ်လူငယ်များအကြား အားလပ်ရက် အပန်းဖြေဖွယ်ရာအဖြစ် နာမည်ကြီးသည်ထက် ကြီးလာနေသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Xiaomi factory tours become weekend hotspot for Chinese youth