• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • Xiaomi က SU7 Ultra ကို တစ်နှစ်တာအတွက် ရောင်းအားရည်မှန်းချက် အစင်းရေ ၁၀,၀၀၀ မျှော်မှန်းထားရာတွင် စတင်အရောင်းဖွင့်ပြီး ၂ နာရီအတွင်း အစင်းရေ ၁၀၀၀၀ ရောင်းချလိုက်ရ

Xiaomi က SU7 Ultra ကို တစ်နှစ်တာအတွက် ရောင်းအားရည်မှန်းချက် အစင်းရေ ၁၀,၀၀၀ မျှော်မှန်းထားရာတွင် စတင်အရောင်းဖွင့်ပြီး ၂ နာရီအတွင်း အစင်းရေ ၁၀၀၀၀ ရောင်းချလိုက်ရ

  • 480 views

Xiaomi သည် SU7 Ultra ကို ဖေဖော်ဝါရီလ ၂၇ ရက်တွင် စတင်ရောင်းချခဲ့ရာ ၂ နာရီအတွင်း တစ်နှစ်တာ အရောင်း Target ဖြစ်သော အစင်းရေ ၁၀,၀၀၀ ရောင်းချခဲ့ရသည်။လာမည့်ဧပြီလတွင် စတင်ဖြန့်ချိမည်ဖြစ်သည်။

သို့သော် အနည်းငယ် ထုတ်လုပ်ထားပြီးဖြစ်သော ပထမဆုံးအသုတ်ကိုမူ pre-sale ရောင်းချပေးထားသော customer များထံ လာမည့် မတ်လအတွင်း စတင်ဖြန့်ချိပေးမည် ဖြစ်သည်။

“ကျွန်တော်တို့ရဲ့ ခံယူချက်က luxury ကားတွေကို ဈေးသက်သက်သာသာဖြစ်အောင်လုပ်ပေးဖို့ပါ” ဟု Xiaomi ၏ စီအီးအို Lei Jun က စတင်ရောင်းချသည့် အခမ်းအနားတွင် ပြောသည်။“သမားရိုးကျ ဆီကားတွေကို ဒီကားက ကျော်ဖြတ်အောင်ပွဲခံသွားလိမ့်မှာ အသေအချာပါပဲ” ဟု Lei Jun က SU7 Ultra ကို အမွှမ်းတင် ပြောဆိုသည်။ စီအီးအို Lei Jun မွှမ်းမည်ဆိုလျှင်လည်း မွှမ်းလောက်စရာ ရှိသည်။ SU7 Ultra သည် စက်ပါဝါ အလွန်အားကောင်းသော high-performance ဆီဒင် ဖြစ်သည်။

မြင်းကောင်ရေအား ၁၅၀၀ အားရှိရာ အံ့မခန်း အထင်ကြီးလောက်စရာ performance ဖြစ်သည်။ ဈေးတန်းမှာလည်း အလွန်မြင့်သည်။ ကားတစ်စင်းလျှင် ဈေးတန်း ဒေါ်လာ ၁၀,၀၀၀ ပတ်ချာလည်အထိ ဈေးချကာ ဈေးနှုန်းစစ်ပွဲဆင်နွှဲနေသော တရုတ်ပြည်တွင် SU7 Ultra ကို ပြီးခဲ့သော ၂၀၂၄ ခုနှစ် အောက်တိုဘာလက presale ရောင်းချခဲ့သည့် ဈေးနှုန်းမှာ ယွမ် ၈၁၄၉၀၀ (ကန်ဒေါ်လာ ၁၁၁,၈၀၀) ဖြစ်ရာ ကား ၁၀ စင်းစာ ဈေးနှုန်း ဖြစ်နေသည်။

ယခု စတင်ရောင်းချသည့် အခမ်းအနားတွင်မူ presale ဈေးနှုန်းအောက် ယွမ် ၂၈၅၀၀၀ (ကန်ဒေါ်လာ ၃၉၀၀၀) အထိ ဈေးချကာ ယွမ် ၅၂၉၉၀၀ (ကန်ဒေါ်လာ ၇၂၈၀၀) ဖြင့် ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။မူလဈေးအောက် များစွာသက်သာသွားသည်ဆိုသော်လည်း ပုံမှန် ကား ၇ စင်းစာဈေးနှုန်း ဖြစ်နေဆဲပင်။

တရုတ်ပြည်တွင် EV ထုတ်လုပ်သူတို့သည် တရားဝင်အရောင်းဖွင့်သည့်အချိန်၌ Presale ဈေးနှုန်းအောက် ဈေးလျှော့ကာ ရောင်းချပေးခြင်းမှာ အမြဲလုပ်ဆောင်လေ့ရှိသည့် မဟာဗျူဟာတစ်ရပ် ဖြစ်သည်။

(▲Xiaomi ၏ စီအီးအို Lei Jun ကို စင်မြင်ပေါ်တွင် SU7 Ultra တစ်စင်းနှင့်အတူ တွေ့ရပုံ)

 

(▲Xiaomi ၏ စီအီးအို Lei Jun ကို စင်မြင်ပေါ်တွင် SU7 Ultra တစ်စင်းနှင့်အတူ တွေ့ရပုံ)

 

စတင်ရောင်းချသည့် ဖေဖော်ဝါရီ ၂၇ ရက်နေ့ ည ၁၀ နာရီ (တရုတ်ပြည်စံတော်ချိန်) တွင် စတင်ရောင်းချပြီး ၁၀ မိနစ်အတွင်း အမှာစာ ၆၉၀၀ ရရှိခဲ့ကာ ၂ နာရီအကြာတွင် အစင်းရေ ၁၀၀၀၀ သို့ ရောက်ရှိခဲ့သည်။Customer တို့အနေဖြင့် ယွမ် ၂၀၀၀၀ (ကန်ဒေါ်လာ ၂၇၀၀) deposit သွင်းရမည်ဖြစ်ပြီး တစ်ပတ်အတွင်း ပယ်ဖျက်ကာ ပြန်လည်ထုတ်ယူနိုင်သော်လည်း ယင်းကာလကျော်လျှင် အမှာစာ ပယ်ဖျက်ခွင့် မရှိတော့ချေ။

Xiaomi SU7 Ultra သည် Xiaomi SU7 ၏ မျိုးကွဲတစ်ခုဖြစ်ပြီး high-performance variant ဖြစ်သည်။Xiaomi SU7 Ultra တွင် လျှပ်စစ်မော်တာ ၃ လုံး သုံးထားပြီး စုစုပေါင်း ပါဝါအထွက်မှာ 1138 kW (1526 hp) ရှိကာ အမြင့်ဆုံးရုန်းအားမှာ 1770 Nm ရှိသည်။0-100 kmph ကို ၁ ဒသမ ၉၈ စက္ကန့်ဖြင့် ရရှိနိုင်သည်ဟုဆိုရာ premium ICE ကားများထက် အလွန်မြင့်မားသည့် စွမ်းဆောင်ရည် ဖြစ်သည်။

ဘက်ထရီ ၁၀ မှ ၈၀ ရာခိုင်နှုန်းကို အားသွင်းရန်ကြာချိန်မှာ ၁၁ မိနစ်ဖြစ်သည်။Xiaomi SU7 Ultra ကို အားတစ်ကြိမ်သွင်းထားလျှင် ၆၂၀ ကီလို မောင်းနိုင်သည်ဟု ဆိုသည်။

(ဆက်စပ်သတင်း)

Xiaomi ထုတ် SU7 Ultra ဆီဒင်များ ပေကျင်းမြို့ စက်ရုံတွင် အလုံးအရင်း ထုတ်လုပ်ပြီးစီး၊ မြင်းကောင်ရေ ၁၅၀၀ အားရှိပြီး အားတစ်ကြိမ်သွင်းထားလျှင် ကီလို ၆၂၀ မောင်းနိုင်

https://www.carsdb.com/my/news/1016

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Xiaomi SU7 Ultra sells 10,000 units in two hours, reaching annual sales target. To debut in Europe on March 3