• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ Ferrari F430 ကားဟောင်းတစ်စင်း ရောင်းရန်ရှိနေ၊ လက်ရှိအားဖြင့် ထရမ့်၏ မာရာလာဂို စံအိမ်ကြီးတွင် ပြသထား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ Ferrari F430 ကားဟောင်းတစ်စင်း ရောင်းရန်ရှိနေ၊ လက်ရှိအားဖြင့် ထရမ့်၏ မာရာလာဂို စံအိမ်ကြီးတွင် ပြသထား

  • 247 views

ဒေါ်နယ်ထရမ့်သည် အမေရိကန်ပြည်ထောင်စု၏ ၄၇ ဆက်မြောက်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးချိန်တွင် အရောင်းဈေးကွက်တင်ရန်ရှိနေသော သူ၏ ၂၀၀၇ မော်ဒယ် Ferrari F430 အပေါ် စိတ်ဝင်စားသူ များနေမည်မှာ သေချာသည်။

လေလံတင်ရောင်းချရန် ရက်သတ္တပတ်အနည်းငယ်လိုသေးရာ ဝယ်ယူရန် စိတ်ဝင်စားသူတို့အနေဖြင့် ကားအကြောင်းလေ့လာရန်နှင့် ပါဝင်လေလံဆွဲရေး စာရင်းပေးရန် ကောင်းစွာ အချိန်ရသည်။

 

((ထရမ့်အတွက် နိုင်ငံတော်သမ္မတစီးမယ့် Presidential Limo ကို ထုတ်လုပ်ဖို့ Elon Musk ကြီးကြပ်မှာလား))

Ferrari ၏ လူအများနှစ်သက်ကြသည့် အထင်ကရဆေးရောင်ဖြစ်သော Rosso Corsa ကို သုံးထားသည်။

အတွင်းပိုင်းတွင် ကြေးရောင်လည်သာများသုံးထားရာ ခေတ်စကားဖြင့်ဆိုလျှင် ‘အရမ်းမိုက်သော..’ ပင်။

ထရမ့်၏ မာရာလာဂိုတည်ရှိရာ Palm Beach အရပ်တွင် ဇန်နဝါရီလ ၂၃ ရက်မှ ၂၆ ရက်အထိ ကျင်းပမည့် ၂၀၂၅ Cavallino Classic ကားပြပွဲ၌ Ferrari F430 ကို ပါဝင်ပြသနေသည်။

The Breakers အမည်ရှိ ကြယ်ငါးပွင့်အဆင့် ဟိုတယ်ကြီး၏ မြက်ခင်းပြင်တွင် ကျင်းပခြင်းဖြစ်ပြီး Ferrari ကားပိုင်ရှင်များသာ ပါဝင်ခွင့်ရှိသော ပြပွဲဖြစ်သည်။

ပြပွဲတွင် ပါဝင်ပြသသူတို့၏ Ferrari များကို လှပမှု၊ အော်ရီဂျင်နယ်ဖြစ်မှုတို့အပေါ် အခြေခံအကဲဖြတ်ကာ အကောင်းဆုံး Ferrari ကို ရွေးချယ် ဆုချီးမြှင့်လေ့ရှိသည့် ပြပွဲဖြစ်သည်။
ပြပွဲဝင်ကြေး ဒေါ်လာ ၇၈၀ သတ်မှတ်ထားပြီး လက်မှတ်ကြေးမှ ဒေါ်လာ ၁၀၀ ကို ပရဟိတအတွက် လှူဒါန်းမည်ဖြစ်ကာ လက်ရှိတွင် လက်မှတ်အားလုံး ရောင်းကုန်သွားပြီဖြစ်ကြောင်း သိရသည်။

(ဓာတ်ပုံ-Rockstar Car Auction)

ကောင်းစွာထိန်းသိမ်းထားသော မည်သည့် Ferrari F430 မဆို လူအများကို ဖမ်းစားနိုင်မည်သာဖြစ်သော်လည်း ယခုကားတွင်မူ ယှဉ်နိုင်မည့်သူ အနည်းငယ်သာရှိမည့် နောက်ခံဇာစ်မြစ်ရှိနေသည်။

ပိုင်ရှင်သစ်အနေဖြင့် ကားကိုသာရရှိမည်မဟုတ်ဘဲ ဒေါ်နယ်ထရမ့်ကိုယ်တိုင် လက်မှတ်ထိုးထားသည့် မူရင်း title စာရွက်နှင့် အော်ရီဂျင်နယ် window sticker တို့လည်း ရရှိမည် ဖြစ်သည်။

အော်ရီဂျင်နယ် စက်ရုံထုတ် ထိုင်ခုံ ကာဗာများ၊ ကားကာဗာ၊ branded carry bag တစ်လုံးတို့လည်းပါမည်ဖြစ်ပြီး အားလုံးမှာ အသန့်အနေအထားရှိသည်။

 

(ဓာတ်ပုံ-Rockstar Car Auction)

 

Odometer တွင် မိုင် ၉၄၀၀ သာ ရှိသေးသည်။

Ferrari F430 ကို ရောင်းချပေးမည့် Rockstar Car Auction က ဖော်ပြသော ဓာတ်ပုံများအရ ကား၏ အတွင်းအပြင်မှာ အပြစ်အနာအဆာကင်းသည်ကို တွေ့ရရာ ဒေါ်နယ်ထရမ့်သာမက လက်ရှိပိုင်ရှင်တို့ကပါ ကားကို ကောင်းစွာထိန်းသိမ်းကိုင်တွယ်ခဲ့သည်ကို ခန့်မှန်းနိုင်သည်။

သမ္မတ ဒေါ်နယ်ထရမ့်၏ ၂၀၀၇ မော်ဒယ် Ferrari F430 ကို အွန်လိုင်းမှတစ်ဆင့် လေလံတင်ရောင်းချမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၆ ရက်မှ လေလံစဖွင့်မည်ဖြစ်ကာ မတ်လ ၉ ရက်တွင် လေလံပိတ်သိမ်းမည် ဖြစ်သည်။

လေလံဆွဲလိုသူတို့အနေဖြင့် Rockstar Car Auction ၏ ဝက်ဘ်ဆိုက်တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: President Trump’s Old Ferrari F430 Is For Sale