• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • Tesla ၏ ရှယ်ယာရှင်တစ်ဦးက ကန်ဒေါ်လာ ၅၈၅,၀၀၀,၀၀၀ တန်ကြေးရှိ ရှယ်ယာအားလုံး ရောင်းထုတ်၊ Elon Musk က လစာနှင့် ခံစားခွင့်အရပ်ရပ် ဖန်တီးရယူနေမှုကြောင့်ဟုဆို

Tesla ၏ ရှယ်ယာရှင်တစ်ဦးက ကန်ဒေါ်လာ ၅၈၅,၀၀၀,၀၀၀ တန်ကြေးရှိ ရှယ်ယာအားလုံး ရောင်းထုတ်၊ Elon Musk က လစာနှင့် ခံစားခွင့်အရပ်ရပ် ဖန်တီးရယူနေမှုကြောင့်ဟုဆို

  • 2043 views

Tesla ၏ စီအီးအို Elon Musk က ကမ္ဘာ့စံချိန်တင် လစာနှင့် ခံစားခွင့် ဖန်တီးရယူရန် ကြိုးစားခဲ့ပြီးနောက်ပိုင်း Tesla တွင် ရင်းနှီးမြှုပ်နှံသူတစ်ဦးက ရှယ်ယာအားလုံး ရောင်းထုတ်လိုက်သည်။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၄၀၀ ဘီလီယံကျော်ရှိကြောင်း Forbes မဂ္ဂဇင်းကြီးက ဖော်ပြသည်။

၂၀၁၈ ခုနှစ်အတွင်း Tesla ရှယ်ယာရှင်တို့က Elon Musk ကို လစာနှင့် ခံစားခွင့် (Compensation package) ကန်ဒေါ်လာ ၅၆ ဘီလီယံပေးရန် မဲပေးခဲ့ကြသည်။

Tesla ၏ လက်ရှိ ရှယ်ယာပေါက်ဈေးမှာ ရှယ်ယာတစ်စုလျှင် ၄၀၃ ဒေါ်လာ ဖြစ်သည်။

(၂၀၀၀ ပြည့်နှစ်က Elon Musk ၏ ရုပ်သွင်။ ဓာတ်ပုံ-Pauline Lubens/ MediaNews Group)

 

Elon Musk ၏ လစာခံစားခွင့်ကို ရှယ်ယာရှင်အများစုက သဘောတူကြသော်လည်း ရင်းနှီးမြှုပ်နှံသူတစ်ဦးကမူ တရားစွဲခြင်းပြုလုပ်ခဲ့ပြီး ကုမ္ပဏီဘုတ်အဖွဲ့မှာ လမ်းလွဲနေကြောင်း၊ လစာခံစားခွင့်မှာ မတရားကြောင်း ပြောခဲ့သည်။

Elon Musk ၏ လစာခံစားခွင့်ကို မကျေနပ်သော နယ်သာလန်ကုမ္ပဏီတစ်ခုက Tesla တွင် ၎င်းတို့ပိုင်ဆိုင်ထားသော ရှယ်ယာအားလုံးကို ရောင်းထုတ်ခဲ့ရာ စုစုပေါင်းတန်ကြေးအားဖြင့် ကန်ဒေါ်လာ ၅၈၅ သန်းဖိုး ရှိသည်။

ရှုယ်ယာများ ရောင်းထုတ်ခဲ့သော Stichting Pensioenfonds ABP သည် ဥရောပတိုက်၏ အကြီးမားဆုံး ပင်စင်ရန်ပုံငွေအဖွဲ့များတွင် တစ်ခု အပါအဝင် ဖြစ်သည်။

၎င်းတို့ ရောင်းထုတ်ခဲ့သော ရှယ်ယာပေါင်းမှာ ၂ ဒသမ ၈ သန်းဖြစ်ပြီး ပြီးခဲ့သော ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ရောင်းထုတ်သွားခြင်းဖြစ်ကြောင်း Bloomberg သတင်းဌာနက ဖော်ထုတ်ရေးသားသည်။

ABP ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က NL Times သတင်းဌာနသို့ “ကျွန်တော်တို့ နေရာတကာမှာ လိုက်ပြီး ရင်းနှီးမြှုပ်နှံမှု မလုပ်နိုင်သလို လုပ်ဖို့လည်း မလိုပါဘူး” ဟု ပြောသည်။

ထို့အပြင် Tesla တွင် ရင်းနှီးမြှုပ်နှံမှု ပြန်လည်ရုပ်သိမ်းသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ Elon Musk ၏ လစာခံစားခွင့်ကြောင့်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

(Elon Musk ၏ ဒေါ်လာ ၅၆ ဘီလီယံ လစာခံစားခွင့်မှာ ရှယ်ယာရှင်အချို့ကို အမျက်ထွက်စေခဲ့သည်။ ဓာတ်ပုံ-Christian Marquardt-Pool/ Getty Images)

ABP သည် အမေရိကန်ပြည်ရှိ အခြားသော ကုမ္ပဏီကြီးများတွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ကြီးမားစွာ ပြုလုပ်ထားသည်။
Tesla တွင် APB ၏ ရင်းနှီးမြှုပ်နှံမှုမှာ အခြားကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံထားမှုအောက် ၁၀ ပုံ ၁ ပုံခန့်သာ ရှိကြောင်း Fortune သတင်းဌာနက ဖော်ပြသည်။

ABP သည် အမေရိကန် နည်းပညာကုမ္ပဏီကြီးဖြစ်သော Nvidia တွင် ရှယ်ယာ ယူရို ၅ ဒသမ ၆ ဘီလီယံဖိုး ပိုင်ဆိုင်ထားသည်။

မိုက္ကရိုဆော့ဖ်နှင့် Apple တို့တွင် ရင်းနှီးမြှုပ်နှံထားမှုဆိုလျှင် ပိုမိုများပြားပြီး ယူရို ၆ ဘီလီယံနှင့် ယူရို ၆ ဒသမ ၃ ဘီလီယံ အသီးသီး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Tesla has major investor sell $585,000,000 of shares because of Elon Musk

Photo Credit- Christian Marquardt-Pool/ Getty Images, Pauline Lubens/ MediaNews Group