ကမ္ဘာ့အကြီးမားဆုံး ကားတင်သင်္ဘောကြီး BYD Shenzhen တရုတ်ပြည်တွင် ရေချပြီ

  • 509 views

BYD သည် ကမ္ဘာ့အကြီးမားဆုံး ကားတင်သင်္ဘောကြီးကို ရေချလိုက်ပြီဖြစ်သည်။

RoRo (မောင်းတက်၊ မောင်းဆင်း) အမျိုးအစားသင်္ဘော ဖြစ်သည်။

BYD အခြေစိုက်ရာ ရှန်ကျန်းမြို့ကို အစွဲပြုကာ သင်္ဘောကို BYD Shenzhen ဟု အမည်ပေးထားခြင်း ဖြစ်သည်။

BYD Shenzhen ကို ရေချလိုက်သည့်နေရာမှာ ရှန်ဟိုင်းမြို့၏ အနောက်မြောက်ဘက် ၃ နာရီခရီး အကွာတွင် တည်ရှိသော ယန်ကျုံးဆိပ်ကမ်းတွင် ဖြစ်သည်။

BYD Shenzhen သည် ကားအစင်းရေ ၉၂၀၀ အထိ တင်ဆောင်နိုင်သည်ဟု ဆိုသည်။
အလျား ၂၁၉ မီတာ (၇၁၈ ဒသမ ၅ ပေ)၊ ဗျက် ၃၇ ဒသမ ၇ မီတာ (၁၂၃ ဒသမ ၆ ပေ) ရှိပြီး ရေစူးမှာ ၉ မီတာ (၂၉ ဒသမ ၅ ပေ) ဖြစ်သည်။

အမြင့်ဆုံးမြန်နှုန်းအနေဖြင့် တစ်နာရီလျှင် ရေမိုင် ၁၈ ဒသမ ၅ မိုင် (၃၄ ဒသမ ၃ ကီလိုမီတာ) ခုတ်မောင်းနိုင်သည်ဟု ဆိုသည်။

BYD Shenzhen သည် BYD ပိုင် စတုတ္ထမြောက် ကားတင်သင်္ဘောကြီး ဖြစ်သည်။
BYD သည် ၂၀၂၆ ခုနှစ်သို့ အရောက်တွင် ကားတင်သင်္ဘော ၈ စင်းအထိ ထားရှိသွားရန် စီစဉ်ထားသည်။

BYD သည် third-party supplier များကို အားမကိုးဘဲ ကုမ္ပဏီကို vertical integration ချဲ့ထွင်နေသော ကုမ္ပဏီအဖြစ် လူသိများသည်။

ထို့ကြောင့် ကားထုတ်လုပ်မှုသာမက ကားဘက်ထရီများ ထုတ်လုပ်ခြင်း၊ လီသီယမ်သတ္တုတွင်းများ ဝယ်ယူခြင်းတို့အပြင် တရုတ်ပြည်၌ EV အာမခံကုမ္ပဏီ တည်ထောင်ခြင်းတို့အထိ ဖြန့်ကျက်ထားသည်။

(ရေချလိုက်သော BYD Shenzhen သင်္ဘောကြီး။ ဓာတ်ပုံ-CNS)

 

BYD က ပြောသည်မှာ BYD Shenzhen သည် ကမ္ဘာပေါ်တွင် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတအဖြစ်ဆုံး ကားတင်သင်္ဘောကြီးဖြစ်ကြောင်း ပြောသည်။

BYD Shenzhen တွင် LNG dual-fuel technology ကို အသုံးပြုထားရာ ဓာတ်ငွေ့ဖြင့် မောင်းနိုင်သည့်အပြင် လက်ရှိသင်္ဘောများတွင် အသုံးပြုနေသော လောင်စာဖြင့်လည်း မောင်းနိုင်သည်။

သင်္ဘော မောင်းနှင်လည်ပတ်မှု မြှင့်တင်နိုင်ရေးအတွက် energy-saving device များ တပ်ဆင်ထားသည်။

BYD Shenzhen သည် BYD ထုတ် ဘက်ထရီများ ပထမဆုံး အသုံးပြုထားသည့် သင်္ဘောဖြစ်သည်။

ထိုအကြောင်းကို ကုမ္ပဏီက အသေးစိတ် မပြောသော်လည်း အဆိုပါ ဘက်ထရီစွမ်းအင်ကို သင်္ဘော ရပ်နားထားစဉ် ကာလများအတွင်း အဓိက အသုံးပြုဖွယ် ရှိသည်။
BYD ၏ ပထမဆုံး ကားတင်သင်္ဘောကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ရေချခဲ့ပြီး BYD Explorer ဟု အမည်ပေးခဲ့သည်။

ယင်းနောက် BYD Changzhou ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာတွင် ရေချခဲ့ပြီး လျှပ်စစ်ကား အစင်းရေ ၅၀၀၀ တင်ဆောင်ကာ ဥရောပသို့ ထွက်ခွာခဲ့သည်။

 

(BYD Shenzhen တွင် LNG dual-fuel technology ကို အသုံးပြုထားသည်။)

ပြီးခဲ့သော ရက်သတ္တပတ်အတွင်းကလည်း ကားအစင်းရေ ၇၀၀၀ တင်ဆောင်နိုင်သော BYD Hefei ကို လုပ်ငန်းစတင်လည်ပတ်ခဲ့သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: BYD Shenzhen, world’s largest 9,200-car carrier, undocked in China