- ပင်မစာမျက်နှာ
- ကားသတင်းများ
- BYD က အရှေ့တောင်အာရှနိုင်ငံများရှိ Grab အငှားယာဉ်လုပ်ငန်းအတွက် လျှပ်စစ်ကားအစင်းရေ ၅၀၀၀၀ ရောင်းချပေးမည်
BYD က အရှေ့တောင်အာရှနိုင်ငံများရှိ Grab အငှားယာဉ်လုပ်ငန်းအတွက် လျှပ်စစ်ကားအစင်းရေ ၅၀၀၀၀ ရောင်းချပေးမည်
- 299 views
BYD သည် အရှေ့တောင်အာရှ၏ Superapp တစ်ခုဖြစ်သော Grab နှင့် မိတ်ဖက်အဖြစ် လက်တွဲလိုက်ကြောင်း ဇန်နဝါရီ ၁၅ ရက်တွင် ယင်းကုမ္ပဏီက ကြေညာသည်။
အရှေ့တောင်အာရှနိုင်ငံများရှိ Grab အငှားယာဉ်လုပ်ငန်းများအတွက် BYD က လျှပ်စစ်ကား အစင်းရေ ၅၀၀၀၀ ရောင်းချပေးသွားမည် ဖြစ်သည်။
အဆိုပါ ပူးပေါင်းမှုမှာ အရှေ့တောင်အာရှဈေးကွက်သို့ BYD ၏ ဈေးကွက်ဆက်လက်ချဲ့ထွင်မှု တစ်ခုလည်း ဖြစ်သည်။
Grab သည် စင်ကာပူအခြေစိုက် ကုမ္ပဏီဖြစ်ပြီး ၂၀၁၂ ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
၂၀၁၃ ခုနှစ်တွင် Grab Taxi ဟု အမည်ပြောင်းခဲ့ပြီး အငှားကားအပြင် အငှားမော်တော်ဆိုင်ကယ် ဝန်ဆောင်မှုများပါ ပေးအပ်ခဲ့သည်။
နောက်ပိုင်းတွင်မူ food delivery ၊ ကုန်စည်ဈေးဝယ်ခြင်းနှင့် digital payment ဝန်ဆောင်မှုများအထိ လုပ်ငန်းချဲ့ထွင်လာခဲ့သည်။
BYD နှင့် Grab တို့၏ ပူးပေါင်းမှုတွင် လုပ်ငန်းဖော်ဆောင်မည့် နိုင်ငံများမှာ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့ဖြစ်သည်။
BYD က ပေးသွင်းမည့် ကားမော်ဒယ်များမှာ Denza D9, Atto 3 (တရုတ်ပြည်တွင်းဈေးကွက်တွင် Yuan Plus ဟုခေါ်),Seal နှင့် M6 တို့ ပါဝင်သည်။
ကုမ္ပဏီ ၂ ခုကြား သဘောတူညီချက်အရ BYD က Grab ၏ လုပ်ငန်းဆောင်ရွက်သူများအား ဈေးနှုန်း သက်သာစွာဖြင့် ကားများ ရောင်းချပေးမည့်အပြင် ဘက်ထရီအာမခံ သက်တမ်းကိုလည်း ပိုမိုတိုးမြှင့်ပေးမည်ဟု ဆိုသည်။
အငှားယာဉ်မောင်းများအနေဖြင့် Grab ၏ မိတ်ဖက်လုပ်ငန်းများထံမှတစ်ဆင့် BYD လျှပ်စစ်ကားများကို ငှားရမ်းနိုင်သည့်အပြင် Grab ၏ Car Ownership အစီအစဉ်မှတစ်ဆင့် ထောက်ပံ့ငွေရယူကာ ကားဝယ်ယူနိုင်သည်ဟု ဆိုသည်။
ထို့အပြင် စင်ကာပူနှင့် ထိုင်းနိုင်ငံများတွင် Grab ၏ user များအနေဖြင့် Eco-friendly Travel option ကို ရွေးချယ်လျှင် ထပ်ဆောင်း အပိုကြေးပေးစရာမလိုဘဲ လျှပ်စစ်ကားများကို ဦးစားပေး အသုံးပြုခွင့် ရရှိမည်ဟု ဆိုသည်။
အရှေ့တောင်အာရှ၏ အကြီးမားဆုံး ကားဈေးကွက်ဖြစ်သော အင်ဒိုနီးရှားတွင်လည်း ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်က အင်ဒိုနီးရှား၏ အကြီးမားဆုံး အငှားယာဉ်ကုမ္ပဏီ Blue Bird က BYD နှင့် ပူးပေါင်းမှု စာချုပ်ချုပ်ဆိုခဲ့ကာ T3 အစင်း ၂၀၀ ကို BYD ထံမှ ဝယ်ယူခဲ့သည်။
ယင်းနောက် ၂၀၂၄ ခုနှစ် အစောပိုင်းတွင် BYD သည် အင်ဒိုနီးရှား လျှပ်စစ်ကားဈေးကွက်သို့ Dolphin, Seal, Atto 3 တို့ဖြင့် ဝင်ရောက်လာခဲ့သည်။
ထိုင်းနိုင်ငံတွင် ကြည့်မည်ဆိုလျှင်လည်း ၂၀၂၄ ခုနှစ်အတွင်း အရောင်းရဆုံး brand ၁၀ ခုအနက် ၇ ခုမှာ တရုတ်ပြည်မှ ဖြစ်သည်။
BYD သည် ထိုင်းနိုင်ငံတွင် စက်ရုံတစ်ခုရှိနေပြီဖြစ်ပြီး ကမ္ဘောဒီးယားတွင်လည်း ဒုတိယမြောက် assembly plant တစ်ခု ဆောက်လုပ်နေသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: BYD to supply 50,000 vehicles to Grab ride-hailing service for Southeast Asia