- ပင်မစာမျက်နှာ
- ကားသတင်းများ
- နေစွမ်းအင်သုံး သုံးဘီးကား ယခုနှစ်အတွင်း တန်ဖိုးသက်သာစွာဖြင့် စတင်မိတ်ဆက်မည်၊ အနာဂတ်ဆန်သော ဒီဇိုင်းဖြစ်ပြီး အမြင့်ဆုံးမြန်နှုန်း 101 mph အထိ မောင်းနိုင်
နေစွမ်းအင်သုံး သုံးဘီးကား ယခုနှစ်အတွင်း တန်ဖိုးသက်သာစွာဖြင့် စတင်မိတ်ဆက်မည်၊ အနာဂတ်ဆန်သော ဒီဇိုင်းဖြစ်ပြီး အမြင့်ဆုံးမြန်နှုန်း 101 mph အထိ မောင်းနိုင်
- 284 views
နေစွမ်းအင်သုံး သုံးဘီးကားတစ်စင်း ယခုနှစ်အတွင်း ဈေးကွက်သို့ စတင်မိတ်ဆက်ရန် ရှိနေသည်။
ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက် Aptera Motors ကုမ္ပဏီက ကမ္ဘာ့ပထမဆုံး နေစွမ်းအင်သုံး လျှပ်စစ်ကားကို ယခုရက်သတ္တပတ်အတွင်း ကျင်းပခဲ့သည့် လာ့စ်ဗီးဂပ်စ် လျှပ်စစ်ထုတ်ကုန်ပြပွဲဖြစ်သော CES 2025 တွင် စတင်ချပြခဲ့သည်။
နီဗားဒါးပြည်နယ်၊ လာ့စ်ဗီးဂပ်စ်တွင် ပြသခဲ့သော နေစွမ်းအင်သုံးကားမှာ အလုံးအရင်းထုတ်လုပ်ရန် အသင့်အနေအထားရှိနေသည်ဟု ဆိုသည်။
(Aptera Motors က ချပြခဲ့သော ထုတ်လုပ်ရန် အသင့်ဖြစ်နေသည့် နေစွမ်းအင်သုံး လျှပ်စစ် သုံးဘီးကား။ ဓာတ်ပုံ- Aptera)
(ဈေးနှုန်းမှာ ဒေါ်လာ ၄၀၀၀၀ ဖြစ်သည်။ ဓာတ်ပုံ- Aptera)
(နေစွမ်းအင်ဖြင့် တစ်နာရီအတွင်း အားအပြည့်ရနိုင်သည်။ ဓာတ်ပုံ- Aptera)
ရှေ့ယက်အမျိုးအစားဖြစ်ပြီး ဘောနက်၊ အမိုးပေါ်၊ ဒက်ရှ်ဘုတ်နှင့် နောက်ဘက် hatch တို့တွင် တပ်ဆင်ထားသော ဆိုလာပြားများဖြင့် တစ်ရက်လျှင် မိုင် ၄၀ ခန့်စီးနိုင်သည်။
Two-seat ဖြစ်ပြီး အမြင့်ဆုံးမြန်နှုန်း ၁၀၁ mph ဖြင့်မောင်းနိုင်ကာ 0-62 mph မြန်နှုန်းကို ၆ စက္ကန့်ဖြင့် ရနိုင်သည်။
လျှပ်စစ်ဖြင့် အားသွင်းမည်ဆိုပါက အားသွင်းချိန် တစ်နာရီမျှပင် မကြာမြင့်ချေ။
အားတစ်ကြိမ်သွင်းထားလျှင် မိုင် ၄၀၀ အထိ မောင်းနိုင်သည်။
ဈေးနှုန်း ဒေါ်လာ ၄၀၀၀၀ သတ်မှတ်ထားပြီး ယခုနှစ်အတွင်း မှာယူထားသော customer များထံ ဖြန့်ချိမှုများ စတင်ပြုလုပ်သွားမည်ဟု ဆိုသည်။
ယခု လျှပ်စစ်သုံးဘီးကားကို မှာယူထားသူ ၅၀၀၀၀ ခန့် ရှိသည်ဟု ဆိုသည်။
“မြောက်အမေရိကပြင်ပမှာဆိုရင် ဂျာမနီ၊ စပိန်တို့ အပါအဝင် တစ်ကမ္ဘာလုံးက အမှာစာတွေ ရရှိထားပါတယ်” ဟု Aptera Motors ၏ ပူးတွဲတည်ထောင်သူ၊ စီအီးအို Steve Fambro က Auto Express သို့ ပြောသည်။
“ဆိုလာကားတွေ ကမ္ဘာ့နေရာများစွာမှာ ကျယ်ကျယ်ပြန့်ပြန့်သုံးလာကြမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်”
“နည်းပညာပိုင်း ပိုမိုတိုးတက်လာရင် ဆိုလာနဲ့ မောင်းနှင်နိုင်တဲ့ခရီးကို မိုင် ၄၀ ကနေ မိုင် ၆၀၊ ၁၀၀ လောက်အထိ မြင့်တက်လာဖို့ မျှော်လင့်ထားပါတယ်” Fambro က ဖြည့်စွက်ပြောကြားသည်။
“နေစွမ်းအင်နဲ့ နေ့စဉ်သွားလာရေးကို ဖြေရှင်းနိုင်မယ်ဆိုရင် ဓာတ်အားစနစ်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ တွေးခေါ်ပုံ ခြားနားသွားနိုင်ပါတယ်”
Aptera ကို ၂၀၀၆ ခုနှစ်ကတည်းက တည်ထောင်ခဲ့ခြင်းဖြစ်သော်လည်း ငွေကြေးပြတ်လပ်သွားကာ ၂၀၁၁ ခုနှစ်တွင် ကုမ္ပဏီ ဖျက်သိမ်းခဲ့သည်။
၂၀၁၉ ခုနှစ်တွင်မူ ကုမ္ပဏီ၏ မူရင်းတည်ထောင်သူများဖြစ်သော Anthony နှင့် Steven Fambro တို့က ကုမ္ပဏီကို ပြန်လည်အသက်သွင်းခဲ့ကြသည်။
EV တို့၏ ဈေးနှုန်းများမှာ တစ်ပတ်ရစ် ဆီကားများထက် ဈေးကြီးနေဆဲဖြစ်သော်လည်း ဝယ်လိုအား မြင့်တက်လာသည်နှင့်အမျှ EV ကုမ္ပဏီတို့အကြား ပြိုင်ဆိုင်မှုများကြောင့် EV ဈေးများ ကျဆင်းလာနေသည်။
၂၀၃၀ ပြည့်နှစ်သို့ရောက်လျှင် ကားသစ်ဈေးကွက်၌ ရောင်းချသော မော်တော်ကားများအားလုံး၏ ၆၅ ရာခိုင်နှုန်းမှာ လျှပ်စစ်ကားများ ဖြစ်လာမည်ဟု ခန့်မှန်းထားကြောင်း Bloomberg သတင်းဌာနက ဖော်ပြသည်။
(ဘောနက်၊ ဒက်ရှ်ဘုတ်၊ အမိုးနှင့် နောက်ဘက် hatch တို့တွင် ဆိုလာပြားများ သုံးထားသည်။ ဓာတ်ပုံ- Aptera)
(နှစ်ယောက်စီးဖြစ်ပြီး အမြင့်ဆုံးမြန်နှုန်း 101 mph ရှိသည်။ ဓာတ်ပုံ- Aptera)
(ရှေ့ယက်အမျိုးအစားဖြစ်ပြီး နေစွမ်းအင်သက်သက်ဖြင့်ဆိုလျှင် တစ်ရက်လျှင် မိုင် ၄၀ မောင်းနိုင်သည်။ ဓာတ်ပုံ- Aptera)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Three-wheeled car powered by the SUN to launch this year with top speed of 101mph and budget-friendly price tag
Photo Credit- Aptera