• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ကိုရီးယားထိပ်သီး ကားထုတ်လုပ်သူ Hyundai က ပြည်တွင်းရင်းနှီးမြှုပ်နှံမှု အလုံးအရင်းမြှင့်တင်ရန် စီစဉ်နေပြီး ၂၀၂၅ ခုနှစ်အတွင်း တောင်ကိုရီးယားတွင် ကန်ဒေါ်လာ ၁၆ ဒသမ ၇ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံသွားမည်

ကိုရီးယားထိပ်သီး ကားထုတ်လုပ်သူ Hyundai က ပြည်တွင်းရင်းနှီးမြှုပ်နှံမှု အလုံးအရင်းမြှင့်တင်ရန် စီစဉ်နေပြီး ၂၀၂၅ ခုနှစ်အတွင်း တောင်ကိုရီးယားတွင် ကန်ဒေါ်လာ ၁၆ ဒသမ ၇ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံသွားမည်

  • 324 views

တောင်ကိုရီးယားထိပ်သီး ကားထုတ်လုပ်သူ Hyundai Motor Group က ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ၁၉ ရာခိုင်နှုန်းအထိ အလုံးအရင်းမြှင့်တင်ရန် စီစဉ်ထားကြောင်း ကြေညာသည်။

၂၀၂၅ ခုနှစ်အတွင်း ယွမ်ငွေ ၂၄ ဒသမ ၃ ထရီလီယံ( ကန်ဒေါ်လာ ၁၆ ဒသမ ၆၅ ဘီလီယံ) အထိ စံချိန်တင် ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်သည်။

တောင်ကိုရီးယားတွင် စီးပွားရေးနှင့် နိုင်ငံရေး မရေရာမှုများ ရင်ဆိုင်နေရသော်လည်း အနာဂတ် ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ခြင်း ဖြစ်သည်။

Hyundai Motor နှင့် Kia Corp တို့ ပါဝင်သော Hyundai Motor Group သည် Toyota နှင့် Volkswagen တို့ပြီးလျှင် ကမ္ဘာပေါ်တွင် တတိယမြောက် အရောင်းရဆုံး ကားကုမ္ပဏီကြီး ဖြစ်သည်။

Hyundai Motor က စီစဉ်ထားသော ရင်းနှီးမြှုပ်နှံမှုတွင် Next-Gen ထုတ်ကုန်များ၊ လျှပ်စစ်ကားများ၊ ဟိုက်ဒရိုဂျင် လောင်စာသုံး ထုတ်ကုန်များနှင့် အခြားနည်းပညာများ သုတေသနနှင့် ဖွံ့ဖြိုးရေးအတွက် ဝမ် ၁၁ ဒသမ ၅ ထရီလီယံ သုံးစွဲသွားမည်ဟု ဆိုသည်။

ထို့အပြင် လျှပ်စစ်ကားများ ထုတ်လုပ်ရေးအတွက် Production Lines များ အချိန်ညှိ ပြင်ဆင်ရေးအတွက် ဝမ်ငွေ ၁၂ ထရီလီယံနှင့် Autonomous driving ကဲ့သို့ မဟာဗျူဟာ ရင်းနှီးမြှုပ်နှံမှုများအတွက် ဝမ်ငွေ ၈၀၀ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံသွားရန် စီစဉ်ထားသည်။

“Hyundai Motor Group ဟာ တောင်ကိုရီးယားမှာ ယခုနှစ်အတွင်း အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ မရေရာမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ကာလမှာ အခက်အခဲတွေကို ကျော်ဖြတ်ဖို့နဲ့ အနာဂတ်တိုးတက်ဖို့ စိတ်ချလုံခြုံမှု ရှိစေရေးအတွက် ရင်းနှီးမြှုပ်နှံမှုတွေ အဆက်မပြတ် လုပ်ဆောင်ဖို့ အရေးကြီးတယ်လို့ ယုံကြည်ပါတယ်”ဟု အဆိုပါ ကုမ္ပဏီက ထုတ်ပြန်သည်။

မည်သည့်မရေရာမှု ရင်ဆိုင်ရသည်ကိုမူ တိုက်ရိုက်ဖော်ပြခြင်း မရှိချေ။

စီးပွားရေးကျဆင်းမှုနှင့် ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခများမှာ ကုမ္ပဏီအတွက် ပြင်ပအန္တရာယ်များဖြစ်ကြောင်း Hyundai Motor ၏ အမှုဆောင်ဥက္ကဋ္ဌ Euisun Chung က ပြီးခဲ့သော ရက်သတ္တပတ်အတွင်း ပြောသည်။

Hyundai Motor နှင့် Kia တို့၏ ရှယ်ယာဈေးနှုန်းများမှာ ယခုသတင်းထွက်ပေါ်လာပြီးနောက် ၂ ဒသမ ၃ ရာခိုင်နှုန်းနှင့် ၃ ဒသမ ၈ ရာခိုင်နှုန်း အသီးသီးမြင့်တက်သွားသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Hyundai Motor Group to invest record $16.7 billion in South Korea this year