• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • အမေရိကန်ပြည်တွင် မက်ထရစ် တန်ချိန် သန်း ၄၀ ရှိ လီသီယံသိုက်ကြီး ရှာဖွေတွေ့ရှိထားပြီး ၂၀၂၆ ခုနှစ်တွင် စတင်ထုတ်လုပ်မည်၊ တရုတ်ပြည်အပေါ် မှီခိုရန် မလိုအပ်တော့ဟုဆို

အမေရိကန်ပြည်တွင် မက်ထရစ် တန်ချိန် သန်း ၄၀ ရှိ လီသီယံသိုက်ကြီး ရှာဖွေတွေ့ရှိထားပြီး ၂၀၂၆ ခုနှစ်တွင် စတင်ထုတ်လုပ်မည်၊ တရုတ်ပြည်အပေါ် မှီခိုရန် မလိုအပ်တော့ဟုဆို

  • 5190 views


အမေရိကန်ပြည်တွင် ကမ္ဘာ့စွမ်းအင်လောကကြီးတစ်ခုလုံးကို အပြောင်းအလဲဖြစ်စေနိုင်သော McDermitt Caldera အမည်ရှိ မိုင်းတွင်းတစ်ခု စတင်တူးဖော်လျက်ရှိသည်။

တည်နေရာမှာ အမေရိကန်ပြည်၊ အော်ရီဂွန်ပြည်နယ်နှင့် နီဗားဒါးပြည်နယ် နယ်နိမိတ်ပေါ်တွင် ဖြစ်သည်။

နှစ်ပေါင်း ၁၀၀၀၀ သက်တမ်းရှိ မီးတောင်ကြီးတစ်ခုတွင် မက်ထရစ်တန်ချိန် သန်း ၄၀ ရှိသော လီသီယံသိုက်ကြီး ရှိနေပြီး ကမ္ဘာပေါ်ရှိ အခြားလီသီယံသိုက်များ အားလုံးထက် များပြားသော ပမာဏ ဖြစ်သည်။

ယခုတွေ့ရှိချက်ကြောင့် လီသီယံဈေးကွက်ကို တရုတ်ပြည်က ချုပ်ကိုင်ထားမှုအား လျှော့ချပေးနိုင်မည့်အပြင် အမေရိကန်ပြည်၏ စွမ်းအင်လုံခြုံရေးအပေါ် အာမခံချက်ပေးနိုင်မည်ဟု ဆိုသည်။

လီသီယံကို ရွှေဖြူဟုလည်း ခေါ်ကြသည်။

သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော စွမ်းအင် တော်လှန်ရေးအတွက် လီသီယံမှာ အရေးပါသည်။

ယခု လီသီယံသိုက်ကြီးမှာ မီးတောင်ပေါက်ကွဲမှုကြောင့် လွန်ခဲ့သော နှစ်ပေါင်း ၁၆ သန်း နီးပါးက ဖွဲ့စည်း ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

မီးတောင်ပေါက်ကွဲမှုတွင် ပါဝင်သော ချော်ရည်တို့၌ illite ဟု ခေါ်သော လီသီယံပါသည့် ဓာတ်သတ္တုများ ပါဝင်သည်။

မီးတောင်ချော်ရည်များ လွှမ်းမိုးသော ဧရိယာမှာ စတုရန်း ၆၁၆ မိုင်ရှိပြီး သုတေသနများအရ လီသီယံ မက်ထရစ်တန်ချိန် သန်း ၄၀ ခန့် ရှိနိုင်ကြောင်း သိရသည်။

အမေရိကန်တွင် ယခုရှာဖွေတွေ့ရှိသော လီသီယံသိုက်ကြီးမှာ ယခင်က ကမ္ဘာ့အကြီးမားဆုံး လီသီယံသိုက်ကြီးအဖြစ် ရပ်တည်နေသော ဘိုလိဗီးယားနိုင်ငံမှ Salar de Uyuni ကို ဖြတ်ကျော်သွားသည်။

ကမ္ဘာ့လူသားတို့အတွက် လီသီယံ ပိုမိုလိုအပ်လာလျက် ရှိနေပြီး ၂၀၂၈ ခုနှစ်တွင် နှစ်စဉ် လီသီယံ လိုအပ်ချက် မက်ထရစ်တန်ချိန် ၁ ဒသမ ၅ သန်းရှိမည်ဟု ခန့်မှန်းထားသည်။

ဤနေရာတွင် လီသီယံ၏ အရေးပါသော အခန်းကဏ္ဍကို ဖော်ပြရန် လိုအပ်သည်။
လီသီယံကို လျှပ်စစ်ကားများ၊ မိုဘိုင်းဖုန်းများ၊ လက်ပ်တော့များ၊ နေစွမ်းအင်နှင့် လေစွမ်းအင်စခန်းများ အစရှိသည်တို့၏ ဘက်ထရီများတွင် အသုံးပြုသည်။

ယနေ့အချိန်တွင် သဘာဝ ပတ်ဝန်းကျင် မထိခိုက်စေသည့် စွမ်းအင်ကဏ္ဍသို့ ကူးပြောင်းရေး အင်တိုက်အားတိုက် လုပ်ဆောင်လာနေသည်။

အမေရိကန်တွင် ယခုတွေ့ရှိခဲ့သော လီသီယံသိုက်ကြီးမှာ ဝယ်လိုအားကို ဖြည့်တင်းပေးနိုင်ရုံမျှမက ပြည်ပနိုင်ငံများထံ မှီခိုနေနေရမှု ကာကွယ်ပေးနိုင်မည် ဖြစ်သည်။
Lithium Americas ၏ လီသီယံ တူးဖော်ရေး စီမံကိန်းဖြစ်သော Thacker Pass စီမံကိန်းမှ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

လာမည့် ၂၀၂၆ ခုနှစ်တွင် စတင် ထုတ်လုပ်ရန် စီစဉ်ထားသည်။

စီမံကိန်း ပထမဆင့်တွင် နှစ်စဉ် လီသီယံ မက်ထရစ်တန်ချိန် ၄၀၀၀၀ ထုတ်လုပ်ရန် ရည်မှန်းထားပြီး နောက်အဆင့်များတွင် ၂ ဆ ပိုမို ထုတ်လုပ်သွားမည် ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: America opens the mine that will bring China down: 40 million metric tons underground (ecoticias)