• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ကမ္ဘာ့အရှည်လျားဆုံး ယာဉ်ကြောပိတ်ဆို့မှုကြီး (သို့) တရုတ်ပြည်တွင် ကီလိုမီတာ ၁၀၀ (၆၂ မိုင်) ခန့် ကားများပိတ်ဆို့သွားခဲ့ရာ ၁၂ ရက်အထိ ကြာမြင့်ခဲ့ပြီး ယာယီအိမ်များပင် ဆောက်လုပ်နေထိုင်ခဲ့ရကာ လမ်းကြောရှင်းသည်အထိ စောင့်ဆိုင်းခဲ့ရသည့် အဖြစ်အပျက်

ကမ္ဘာ့အရှည်လျားဆုံး ယာဉ်ကြောပိတ်ဆို့မှုကြီး (သို့) တရုတ်ပြည်တွင် ကီလိုမီတာ ၁၀၀ (၆၂ မိုင်) ခန့် ကားများပိတ်ဆို့သွားခဲ့ရာ ၁၂ ရက်အထိ ကြာမြင့်ခဲ့ပြီး ယာယီအိမ်များပင် ဆောက်လုပ်နေထိုင်ခဲ့ရကာ လမ်းကြောရှင်းသည်အထိ စောင့်ဆိုင်းခဲ့ရသည့် အဖြစ်အပျက်

  • 395 views

ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံကြီးများဖြစ်သော အိန္ဒိယနှင့် တရုတ်ပြည်တို့တွင် ယာဉ်ကြောပိတ်ဆို့မှုများ အလွန်ဆိုးရွားသည်။

အထူးသဖြင့် ကမ္ဘာပေါ်တွင် မော်တော်ကားစင်းရေ အများဆုံးရှိသည့် တရုတ်ပြည်တွင် ယာဉ်ကြောပိတ်ဆို့မှု ပိုမိုဆိုးရွားသည်။

နယူးဒေလီမြို့တွင် ရုံးတက်သူများအနေဖြင့် ကားစီးချိန် နာရီဝက်ခန့် ထည့်တွက်ထားရသည်။

ဘင်္ဂလူရူ (ဘင်္ဂလို) ကဲ့သို့ မြို့များတွင် လူတို့သည် ဘဝသက်တမ်း၏ ထက်ဝက်ခန့်ကို လမ်းပေါ် ယာဉ်ကြောပိတ်ဆို့မှုတွင် အချိန်ကုန်ကြရသည်။

ရထားမီရန်အတွက်လည်း အိမ်မှ အချိန်များစွာစောကာ ထွက်ရသည်။

လမ်းပေါ် မည်သည့်နေရာ၊ မည်သည့်အချိန်တွင် ကားပိတ်မည်ကို မသိနိုင်ချေ။

မီးပွိုင့်များတွင် ခေတ္တယာဉ်ကြောပိတ်ဆို့မှုသည်ပင်လျှင် ကျွန်ုပ်တို့အတွက် များစွာစိတ်မရှည်နိုင်၊ သည်းမခံနိုင်ဖြစ်ကြရာ လူ့သမိုင်းတွင် အချိန်အကြာဆုံးကားပိတ်ဆို့မှုတွင် ပါဝင်ခဲ့ကြရသူများ မည်သို့ရှိခဲ့မည်နည်း။

((ကမ္ဘာ့အရှည်လျားဆုံး ယာဉ်ကြောပိတ်ဆို့မှုကြီး))

ဖြစ်ပွားခဲ့သည့်နေရာမှာ တရုတ်ပြည်၏မြို့တော် ပေကျင်းမှ တိဗက်သို့သွားသည့် အဝေးပြေးလမ်းမကြီး (တရုတ် အမျိုးသားလမ်းမကြီး အမှတ် ၁၁၀) ပေါ်တွင် ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ ၁၄ ရက်က ဖြစ်သည်။

မော်တော်ကားများမှာ ကီလိုမီတာ ၁၀၀ (၆၂ မိုင်) ခန့်အထိ မိုင်ပေါင်းများစွာ ကားတန်းရှည်ကြီးဖြစ်ကာ ပိတ်ဆို့နေခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖြစ်ရပ်သည် ယနေ့အချိန်အထိ ကမ္ဘာပေါ်တွင် အရှည်လျားဆုံး ကားတန်းပိတ်ဆို့မှုကြီးအဖြစ် စံချိန်တင်ထားသည်။

အချို့ကားများမှာ လမ်းလွှဲများမှ ထွက်သွားနိုင်ကြပြီး ကျန်သောကားများတွင် လိုက်ပါလာသူများမှာမူ ကားထဲတွင် အိပ်စက်ခဲ့ကြသည်။

အချို့မှာမူ အချိန်ဖြုန်းရန်အတွက် လမ်းဘေးတွင် ဖဲရိုက်ခြင်း၊ ရောက်တတ်ရာရာ စကားစမြည်ပြောခြင်းဖြင့် အချိန်ကုန်လွန်ကြရသည်။

ကားပိတ်ဆို့နေသော ယာဉ်ကြောတလျှောက် လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်ပေါင်း ၄၀၀ ကျော် ဖြန့်ကျက်ချထားခဲ့ရသည်။

အကွက်မြင်သော ဒေသတွင်း ဈေးသည်တို့ကမူ ယာယီဈေးဆိုင်များထိုးကာ ဆိုင်များဖွင့်ကြပြီး အချို့ကမူ ကားတစ်စီးမှ တစ်စီးဆီသိို့ ကူးသန်းသွားလာကာ သောက်ရေသန့်များကို မတန်တဆ ဈေးနှုန်းဖြင့် ရောင်းချကြသည်။


(ကမ္ဘာ့အရှည်လျားဆုံး ယာဉ်ကြောပိတ်ဆို့မှုကြီးတွင် ကားပိတ်နေသော လော်ရီကားကြီးများကို တွေ့ရပုံ)

 

(စီးပွားရေးအကွက်မြင်သော ဈေးသည်တို့က ဈေးဆိုင်များထိုးကာ မတန်တဆ ဈေးနှုန်းများဖြင့် ရောင်းချခဲ့ကြသည်)

 

(ပေကျင်း-တိဗက် အဝေးပြေးလမ်းမကြီးပေါ် Guoleizhuang မြို့နယ်ပိုင်နက်အတွင်း ယာဉ်ကြောပိတ်နေသော ကုန်ကားတစ်စင်း၏ အရိပ်ကိုခိုကာ ကုန်ကားယာဉ်မောင်းများ ဖဲရိုက်နေကြပုံ)

 

(အဝေးပြေးလမ်းဖောက်လုပ်မှု လုပ်ငန်းခွင်ကြောင့် ယာဉ်ကြောပိတ်ဆို့မှုကြီး ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်)

 

(ဈေးသည်များ ဈေးလိုက်ရောင်းနေပုံ)

 

(ကားအရိပ်ခိုကာ ယာဉ်မောင်းတစ်ဦး ကားအောက်တွင် အိပ်စက်နေပုံ)

 

(ယာဉ်ကြောပိတ်ဆို့မှု ကြာမြင့်လာချိန်တွင် ယာဉ်မောင်းတစ်ဦး လမ်းပေါ်၌ ရေချိုးနေပုံ)

 

(ဆာလောင်နေသော ကားကြီးမောင်းသမားတို့ကို ဈေးသည်တစ်ဦး ဈေးရောင်းနေပုံ)

 

(ယာဉ်ကြောပိတ်နေသော လမ်းကြောအတွင်း ပေကျင်းမြို့တစ်နေရာ။)

 

(ညပိုင်းမြင်ကွင်း)

 

(ပေကျင်းမြို့၊ Changping ခရိုင် လမ်းပိုင်းတွင်..။)

 

(ကုန်ကားမောင်းသမားတစ်ဦး အညောင်းအညာဖြေကာ ကားရှိရာသို့ ပြန်လာနေပုံ)

 

(ပိတ်ဆို့နေသော ယာဉ်ကြောကြီးကို လမ်းဘေးမှ ထိုင်ကြည့်နေသော ဒေသခံတစ်ဦး။)

 

((ဘယ်လို လမ်းရှင်းလိုက်သလဲ))

အာဏာပိုင်တို့က ပိတ်ဆို့နေသော လမ်းကြောကို ရှင်းလင်းရန်အတွက် ကုန်ကားကြီးများကို ဦးစားပေး ရှင်းလင်းခဲ့သည်။

ကုန်ကားကြီးများကို ရှင်းလင်းပြီးချိန်တွင် ယာဉ်ကြောမှာ စတင်ရွေ့လျားနိုင်ခဲ့သည်။ 

၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ ၂၆ ရက်တွင် အပြီးသတ်ယာဉ်ကြောရှင်းပေးနိုင်ခဲ့သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: World’s longest traffic jam that stretched for 100 km, 12 days, temporary houses were erected, it happened on…, the place is…

Photo Credit-daily mail