- ပင်မစာမျက်နှာ
- ကားသတင်းများ
- BMW နှင့် Audi တို့၏ ကြော်ငြာဆိုင်းဘုတ်တိုက်ပွဲသမိုင်း
BMW နှင့် Audi တို့၏ ကြော်ငြာဆိုင်းဘုတ်တိုက်ပွဲသမိုင်း
- 561 views
ပဋိပက္ခသည် ကမ္ဘာမြေ၏ အစိတ်အပိုင်းတစ်ခုသဖွယ် ဖြစ်နေသည်။
လူသန်းပေါင်းများစွာတို့၏ ဘဝကို အဆုံးအဖြတ်ပေးသော စစ်ပွဲကြီးများမှသည် ပြိုင်ဘက်အသင်းများနှင့် အပြင်းအထန်ပြိုင်ဆိုင်ကြသော အားကစားပွဲများအထိကြည့်မည်ဆိုလျှင် လူတို့သည် အမြဲတစေ တစ်ဦးနှင့် တစ်ဦး တိုက်ခိုက်ရန် နည်းလမ်းအဖုံဖုံ ရှာဖွေနေကြဟန်ရှိသည်။
BMW နှင့် Audi တို့ကြားတွင် ပေါ်ပေါက်ခဲ့ဖူးသော ကြော်ငြာဆိုင်းဘုတ်တိုက်ပွဲမှာ ဒုတိယကမ္ဘာစစ်ကြီး အတွင်းက စတာလင်ဂရက်တိုက်ပွဲကြီးလောက် အရေးမပါဟု မှတ်ထင်ရသော်လည်း ကားလောကအတွက်မူ ကြီးမားသည့် သမိုင်းဖြစ်ရပ် တစ်ခု ဖြစ်သည်။
ကြော်ငြာဆိုင်းဘုတ်ကြီးများဖြင့် ကုမ္ပဏီထုတ်ကုန်များ ကြော်ငြာကြခြင်းမှာ ပြည်သူလူထုနှင့် ထိတွေ့နိုင်ရန်အတွက်သာမက ကုမ္ပဏီအချင်းချင်း တိုက်ပွဲတစ်ခု ဖန်တီးသည့်သဘောလည်း ဖြစ်လာသည်။
ထို့ကြောင့် BMW နှင့် Audi တို့ကြားတွင် ဖြစ်ပွားခဲ့သော ကြော်ငြာဆိုင်းဘုတ်တိုက်ပွဲကို လေ့လာကြည့်ကြပါစို့။
● BMW
ရုံးချုပ်နေရာ- ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့
တည်ထောင်သည့်ကာလ- ၁၉၁၆ ခုနှစ်၊ မတ်လ ၇ ရက်
ထုတ်ကုန်- Luxury ကားများ
● Audi
ရုံးချုပ်နေရာ- ဂျာမနီနိုင်ငံ၊ Indolstadt မြို့
တည်ထောင်သည့်ကာလ-၁၉၀၉ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်
ထုတ်ကုန်- Luxury ကားများ
((တိုက်ပွဲအစပျိုးခြင်း))
စတင်သည့်နေရာမှာ အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့ရှိ လူကုံထံ ရပ်ကွက်တစ်ခုတွင် ဖြစ်သည်။
ကြော်ငြာဆိုင်းဘုတ်တိုက်ပွဲကို Audi က စတင်ခဲ့ခြင်းဖြစ်ပြီး အောက်တွင် တွေ့ရသည့် Billboard တစ်ခုဖြင့် စတင်လိုက်ခြင်း ဖြစ်သည်။
(စစ်တုရင်လား? နေပါစေ။ ကျုပ်က ကားမောင်းရတာ ပိုကြိုက်တယ်။ Audi A4 မော်ဒယ်သစ် ဟု ရေးသားဖော်ပြထားသည်ကို တွေ့ရပုံ)
လော့စ်အိန်ဂျလိတွင် ယခုကြော်ငြာဆိုင်းဘုတ်ကြီးဘေးမှ နေ့စဉ် ဖြတ်သန်းသွားလာနေသော ကားမောင်းသူတို့မှာ ရိုးစင်းသော ယခုဆိုင်းဘုတ်သည် မကြာမီတွင် ပြဿနာတက်လာတော့မည်ကို မသိကြချေ။
ကြော်ငြာဆိုင်းဘုတ်ထောင်ပြီး အနည်းငယ်သာ ကြာသေးချိန်တွင် Audi က အောက်တွင် တွေ့ရသော ဆိုင်းဘုတ်တစ်ခုနှင့် ပြောင်းလဲလိုက်ရာ BMW ၏ လက်တုံ့ပြန်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။
(မင်းရွှေ့အလှည့်ရောက်ပြီ …BMW ရေ..။ Audi A4 မော်ဒယ်သစ်..ဟု ရေးသားဖော်ပြထားသည်ကို တွေ့ရပုံ)
((BMW က လက်စားချေခြင်း))
Audi က ကြော်ငြာဆိုင်းဘုတ်ဖြင့် အမည်နာမတပ်ကာ တိုက်ခိုက်လာမှုကို လက်တုံ့ပြန်ရန် BMW က ဆုံးဖြတ်ခဲ့သည်။
BMW က လက်တုံ့ပြန်သည့် ဆိုင်းဘုတ်ကို လော့စ်အိန်ဂျလိ၏ ယာဉ်ကြောအလွန်ရှုပ်သည့်နေရာဖြစ်သော Santa Monica Blvd လမ်းပေါ်တွင် စိုက်ထူခဲ့သည်။
Audi ၏ Your Move ဟုရေးသားထားသော ဆိုင်းဘုတ်ကြီးနှင့်လည်း နီးကပ်စွာ တည်ရှိသည့်နေရာဖြစ်သည်။
(မှတ်ချက်။ Audi ၏ ဆိုင်းဘုတ်တွင် ဖော်ပြထားသော Your move မှာ စစ်တုရင်စကားဖြစ်ပြီး မင်းရွှေ့အလှည့်..ဟု အဓိပ္ပာယ်ရသည်။))
(Your Move ဟု ရေးသားထားသော Audi ၏ ကြော်ငြာဆိုင်းဘုတ်ကြီးကို တွေ့ရပုံ)
BMW က ထိမိသော စကားတစ်လုံးတည်းဖြင့် လက်တုံ့ပြန်ထားရာ Checkmate ဟု ဖြစ်သည်။
((မှတ်ချက်။ Checkmate မှာ စစ်တုရင်စကားဖြစ်ပြီး ဘုရင်ကို ဖမ်းမိပြီဟု အဓိပ္ပာယ်ရသည်))
Audi က မင်းရွှေ့အလှည့်ရောက်ပြီ…BMW ရေ…ဟု စစ်တုရင်စကားဖြင့် ထိုးနှက်ထားမှုကို ငါ..ရွှေ့လိုက်ပြီ..မင်းရဲ့ဘုရင်ကို ဖမ်းလိုက်ပြီဟု …စစ်တုရင်စကားဖြင့် ပြန်လည်ချေပလိုက်ခြင်းလည်း ဖြစ်သည်။
BMW နှင့် Audi တို့၏ အဆိုပါ ဆိုင်းဘုတ်တိုက်ပွဲကို အများပြည်သူတို့အကြား အလွန်လူပြောများခဲ့ပြီး လူမှုကွန်ရက်များတွင်ပါ သတင်းကြီးခဲ့သည်။
((တန်ပြန်ထိုးစစ်))
BMW ၏ လက်စားချေမှုကို ပြန်လည်တုံ့ပြန်သည့်အနေဖြင့် Audi က BMW အား မည်သို့ ပြန်လည်ချေပရမည်ကို လူမှုကွန်ရက်တွင် Photoshop ပြိုင်ပွဲကျင်းပကာ လူမှုကွန်ရက်သုံးစွဲသူတို့အား စဉ်းစားအဖြေရှာစေခဲ့ခြင်းကြောင့်လည်း အဆိုပါကုမ္ပဏီ ၂ ခုကြားမှ ကြော်ငြာဆိုင်းဘုတ်တိုက်ပွဲမှာ လူမှုကွန်ရက်တွင် လူအများ အလွန်အာရုံစိုက်လာခဲ့ကြသည်။
Audi ၏ ပရိသတ်များစွာက BMW ကို မည်သို့ တုံ့ပြန်ရမည်ဆိုသည့် တီထွင်ဆန်းသစ်သော အကြံဉာဏ်များစွာ ပေးခဲ့ရာ နောက်ဆုံးတွင် Audi က အောက်တွင် ဖော်ပြထားသော ဆိုင်းဘုတ်ဖြင့် တန်ပြန်ထိုးစစ်ဆင်ခဲ့သည်။
အဆိုပါဆိုင်းဘုတ်ကြီးတွင် Audi က ၎င်းတို့၏ ပါဝါအကောင်းဆုံးနှင့် ဈေးအကြီးဆုံးမော်တော်ကားဖြစ်သော R8 ကို ဖော်ပြခဲ့ပြီး “မင်းတို့ရဲ့ နယ်ရုပ်ကလေးက ငါတို့ရဲ့ ဘုရင်ကြီးနဲ့ တန်းမတူပါဘူး” ဟု ရေးသားထိုးနှက်ခဲ့သည်။
((တိုက်ပွဲပြီးဆုံးခြင်း))
ထိုအခါ BMW က Audi ၏ ကြော်ငြာဆိုင်းဘုတ်ကြီးပေါ်တွင် လေသင်္ဘောအသွင် မိုးပျံပူဖောင်းကြီးတစ်ခု လာရောက်ချိတ်ဆွဲခဲ့သည်။
မိုးပျံပူဖောင်းတွင် ဖော်မြူလာဝမး် ပြိုင်ကားပုံကို ရိုက်နှိပ်ထားကာ ပွဲပြီးသွားပါပြီ…ဟု ရေးသားဖော်ပြခဲ့သည်။
အဆိုပါ ကြော်ငြာဆိုင်းဘုတ်တိုက်ပွဲတွင် BMW နှင့် Audi တို့က မိမိတို့အနိုင်ရကြောင်း ကိုယ့်ဘာသာ ယူဆကာ ပွဲပြီးဆုံးသွားခဲ့သည်။
(Audi က တန်ပြန်ထိုးစစ်ဆင်ထားသော ဆိုင်းဘုတ်နှင့် BMW က လာရောက်ချိတ်ဆွဲခဲ့သော မိုးပျံ လေသင်္ဘောကြီးကို တွေ့ရပုံ)
((နိဂုံး))
BMW ၏ နောက်ဆုံးလုပ်ဆောင်မှုမှာ အနိုင်ရကြောင်း အချို့က ယူဆကြသည်။
စင်စစ်ကား ကြော်ငြာဆိုင်းဘုတ်တိုက်ပွဲမှ ကုမ္ပဏီ ၂ ခုလုံး အကျိုးရှိခဲ့ကြသည်။
ကြော်ငြာဆိုင်းဘုတ်၏ အခြေခံရည်ရွယ်ချက်မှာ မိမိတို့၏ ဆိုင်းဘုတ်ကို ဖြစ်နိုင်သမျှ လူများများ အာရုံစိုက်စေလိုခြင်း မဟုတ်ပါလော။
လူမှုကွန်ရက်တွင်ပါ ဟိုးလေးတကြော်ဖြစ်ခဲ့မှုမှာ နှစ်ဘက်လုံးအတွက် အလွန်အကျိုးရှိသွားစေခဲ့သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: The Billboard Battle Of BMW Vs Audi (bmediagroup)