ကားတွေအားလုံးမှာ ဆီထည့်ပေါက်က ဘာကြောင့် တစ်ဘက်တည်းမှာ မထားတာလဲ

  • 339 views


ခေတ်ပေါ်ကား အားလုံးနီးပါးရှိ feature တိုင်းနှင့် အစိတ်အပိုင်းတိုင်းမှာ စေ့စေ့စပ်စပ် ဒီဇိုင်းရေးဆွဲ တပ်ဆင်ထားခြင်းဖြစ်သော်လည်း အချို့အရာများမှာ ပြောင်းလွယ်ပြင်လွယ်ရှိပြီး တင်းကျပ်သော ထုတ်လုပ်မှု စည်းမျဉ်းစံနှုန်းနှင့် code များ မရှိချေ။

All State Blog မှ Mac Demere က ထိုသို့သော အကြောင်းရပ်တစ်ခုကို လေ့လာခဲ့ရာ အချို့ကားများသည် ဆီထည့်ပေါက်မှာ ကား၏ ဝဲဘက်ခြမ်းတွင် ရှိနေပြီး အချို့မှာမူ ယာဘက်ခြမ်းတွင် ရှိနေရခြင်း၏ အကြောင်းကို လေ့လာခဲ့သည်။

၎င်း၏ ရေးသားဖော်ပြချက်အရ သူသည် အမေရိကန်၏ ပြည်ထောင်စု မော်တော်ယာဉ် ဘေးကင်းလုံခြုံရေး စံနှုန်းများကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာခဲ့ကြောင်း၊ ထိုသို့လေ့လာချက်အရ ကားဆီထည့်ပေါက် ထားရှိသည့် နေရာနှင့် ပတ်သက်ပြီး အမေရိကန်အစိုးရက စည်းမျဉ်းသတ်မှတ်ထားခြင်းမရှိကြောင်း တွေ့ရှိခဲ့သည်ဟု ဆိုသည်။

ထိုသို့ အစိုးရ၏ တရားဝင်ကန့်သတ်တားမြစ်ချက် မရှိခြင်းကြောင့် ယခုကဲ့သို့ ကားဆီထည့်ပေါက်နေရာကို အတည်တကျ မတွေ့ရခြင်းလည်း ဖြစ်သည်။

ဒီဇိုင်းနှင့် ကားအစိတ်အပိုင်းများ နေရာချထားမှု လွတ်လွတ်လပ်လပ်ရှိစေရေးအတွက် ကားကုမ္ပဏီတို့မှာ အင်ဂျင်နီယာများမှာ ဆီထည့်ပေါက်ကို မည်သည့်နေရာတွင်မဆို လွတ်လပ်စွာ ထားရှိခွင့်ရကြကြောင်း Ford ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Mark Schirmer က ပြောသည်။

“ဆီထည့်ပေါက်ကို ကားရဲ့ ၂ ဘက်လုံးမှာထားဖိုပ နေရာမရှိသလို ဒီလိုလုပ်ဖို့ တောင်းဆိုမှုတွေလည်း မရှိပါဘူး” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

Ford ကုမ္ပဏီ၏ လေ့လာချက်အရ ယေဘုယျအားဖြင့် အမေရိကန်တို့သည် ဆီထည့်ပေါက်ကို ဝဲဘက်ခြမ်းတွင် ထားရှိခြင်းအား ပိုမိုနှစ်သက်ကြကြောင်း၊ ယာဉ်မောင်းဘက်ခြမ်းဖြစ်သောကြောင့် pump နှင့် နီးကပ်စွာ ရပ်တန့်ရန် ပိုမိုလွယ်ကူကြောင်း ဖော်ပြသည်။

သို့သော် ယာဉ်မောင်းမှာ လက်ယာဘက်ခြမ်းတွင်ရှိပြီး လမ်းကြောမှာ လက်ဝဲဘက်မှ မောင်းရသော ဂျပန်၊ အိန္ဒိယ၊ ဗြိတိန်၊ သြစတေးလျ၊ ဟောင်ကောင်၊ နယူးဇီလန် အစရှိသော နိုင်ငံများတွင်မူ ဆီထည့်ပေါက် လက်ယာဘက်တွင် ရှိခြင်းကို ပိုမိုနှစ်သက်ကြသည်။

Nissan ကုမ္ပဏီမှ Steve Yaeger က ရှင်းပြသည်မှာ “ဆီထည့်ပေါက် နေရာချထားမှုဟာ လောင်စာကန် ဒီဇိုင်း၊ နေရာနဲ့ ကားအောက်ပိုင်း ထားသိုမှုတွေအပေါ် မူတည်ပါတယ်။ ဖွဲ့စည်းပုံနဲ့ အစိတ်အပိုင်းတွေအားလုံးက ကားအောက်မှာ ရှိတာကြောင့် အင်ဂျင်နီယာတွေအနေနဲ့ ကားတိုင်းမှာ filter tube တစ်ဘက်တည်းမှာ ထားဖို့ အကန့်အသတ်တွေ ရှိပါတယ်” ဟု ပြောသည်။

Mark Schirmer က ပြောသည်မှာ “ကြီးမားတဲ့ honkin’ speaker လိုဟာမျိုးတွေ ဝဲဘက်မှာ ထားမယ်ဆိုရင် အင်ဂျင်နီယာတွေအနေနဲ့ ဆီထည့်ပေါက်ကို ညာဘက်မှာ ထားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

(နိဂုံး) ဆီထည့်ပေါက်များ ထားရှိခြင်းမှာ ကြုံသလို ကျပန်းရွေးချယ်မှု မဟုတ်ချေ။ 
အင်ဂျင်နီယာများအနေဖြင့် အခြားမည်သည့် အခက်အခဲမှမရှိလျှင် ယာဘက်ခြမ်းတွင် ထားရခြင်းကို ပိုမိုနှစ်သက်ကြသည်။

သင့်အနေဖြင့် ဆီထည့်ပေါက်နေရာ မမှတ်မိနိုင်ဖြစ်နေပါက ဆီဒိုင်ခွက်ရှိ diamond-arrow ကို ကြည့်ရှုကာ တည်နေရာကို သိနိုင်ပါသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Why Don’t All Cars Have Fuel Doors On The Same Side? This Is The Technical Reason