ကမ္ဘာကြီးကို သိမ်းပိုက်ဖို့ ကြိုးစားခဲ့တဲ့ လေစွမ်းအင်သုံးကား ဘာကြောင့် မအောင်မြင်ခဲ့တာလဲ

  • 668 views

အိန္ဒိယ၏ အကြီးမားဆုံး ကားကုမ္ပဏီကြီးများတွင် ပါဝင်သော Tata Motors သည် ၂၀၀၀ ပြည့်လွန် အလယ်ပိုင်း ကာလများအတွင်း compressed air ဖြင့် မောင်းနှင်မည့် ကားတစ်မျိုးကို ထုတ်လုပ်ကာ ကမ္ဘာ့ ကားလောကကြီးတစ်ခုလုံးကို ပြောင်းလဲရန် စီစဉ်ခဲ့ဖူးသည်။

Compressed air ဖြင့် မောင်းနှင်ကာ သဘာဝပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေသည့် မည်သည့်ဓာတ်ငွေ့မှ မထုတ်လွှတ်သော အနာဂတ်ဆန်လှသည့် ကားများ ထုတ်လုပ်မည့် အစီအစဉ်ဖြစ်သည်။

လေထုညစ်ညမ်းမှု၊ လောင်စာဆီဈေး မြင့်တက်မှုများနှင့် ရင်ဆိုင်နေရသော ကမ္ဘာကြီးအတွက် ပြီးပြည့်စုံမည့် အဖြေတစ်ခုအဖြစ် ရည်မှန်းခဲ့သည်။

သို့သော် ယခုစီမံကိန်းကဲ့သို့ ရည်မှန်းချက်ကြီးသော စီမံကိန်းများစွာမှာ အောင်မြင်မှု မရခဲ့ကြချေ။

((MDI နှင့် Tata မိတ်ဘက်လက်တွဲခဲ့ခြင်း))

Tata Motors သည် compressed air ဖြင့် မောင်းနှင်မည့် မော်တော်ကားများ ထုတ်လုပ်ရေးအတွက် လူဇင်ဘတ်နိုင်ငံ (ဂျာမနီ၊ ပြင်သစ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ဥရောပနိုင်ငံ)  အခြေစိုက် Motor Development International (MDI) နှင့် ၂၀၀၇ ခုနှစ်တွင် မိတ်ဘက် လက်တွဲခဲ့သည်။

Design concept မှာ ဓာတ်ဆီအင်ဂျင်များထက် သဘာဝပတ်ဝန်းကျင်နှင့် ပိုမိုသဟဇာတဖြစ်စေရန် compressed air ကိုသာသုံးကာ မောင်းနှင်မည့်ယာဉ် ထုတ်လုပ်ရေး ဖြစ်သည်။

ပထမဆုံး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီးနောက် လူတို့၏ အကြီးအကျယ် စိတ်ဝင်စားခြင်းခံခဲ့ရသည်။

ဖော်မြူလာဝမ်းမှ အင်ဂျင်နီယာဖြစ်သူ Guy Negre ဦးဆောင်သော MDI သည် Compressed Air ဖြင့် မောင်းနှင်သော မြို့တွင်းသွားကားငယ်ဖြစ်သည့် MiniCAT အပါအဝင် Prototype များစွာ ထုတ်လုပ်ထားခဲ့ပြီးလည်း ဖြစ်သည်။

အဆိုပါစီမံကိန်းမှာ ကမ္ဘာ့ကားလောကကြီးကို ပြောင်းလဲစေမည်ဟု Tata Motors က ရှုမြင်ခဲ့သည်။

သို့သော် ကားထုတ်လုပ်ရေးမှာ နည်းပညာပိုင်းဆိုင်ရာ စိန်ခေါ်မှုများစွာ ရင်ဆိုင်ခဲ့ရသည်။

ဖိအားမြင့်မားသော လေတို့ကို ကားတစ်စင်းအတွင်း သိုလှောင်ထားရသည်မှာ အလွန်အန္တရာယ်ကြီးသည်။

အလွန်ခိုင်ခံကာ ဈေးကြီးသော tank များ လိုအပ်ရာ ကားအလုံးအရင်း ထုတ်လုပ်ရေးမှာ ဖြစ်နိုင်ချေ မရှိ။

ရင်ဆိုင်ရသည့် ကြီးမားသော အခက်အခဲများအနက်တစ်ခုမှာ Compressed air ကို မည်သို့သိုလှောင်ထားမည် ဟူသော အချက်ဖြစ်သည်။

လက်တွေ့ကျသော range ရရှိရန်အတွက် လေကို အလွန်မြင့်မားသော ဖိအားတွင် သိုလှောင်ထားရမည် ဖြစ်ရာ အလွန်ကြံ့ခိုင်သော Tank များ လိုအပ်မည်ဖြစ်ရာ အလွန်ကုန်ကျစရိတ် ကြီးမားမည် ဖြစ်သည်။

အခြား ပြဿနာတစ်ခုမှာ လေစွမ်းအင်သုံး အင်ဂျင်သည် လေထုညစ်ညမ်းစေသော ဓာတ်ငွေ့များ ထုတ်လွှတ်မှု မရှိသော်လည်း လေကို ဖိနှိပ်ရန်အတွက် စွမ်းအင်များပြားစွာ လိုအပ်သည်။

ထိုစွမ်းအင်ကို non-renewable ရင်းမြစ်များမှ ရယူရခြင်းဖြစ်ရာ ထူးမခြားနား ဖြစ်နေသည်။

အခြားသော စိန်ခေါ်မှုတစ်ခုမှာ ထောက်ပံ့သယ်ယူပို့ဆောင်ရေး ဖြစ်သည်။
စက်ရုံ စတင်တည်ထောင်သည့် ပထမနေရာဖြစ်သော အနောက်ဘင်ဂေါပြည်နယ်မှ ဒေသခံတို့က ကန့်ကွက်ဆန္ဒပြသောကြောင့် ကုမ္ပဏီမှာ ဂူဂျာရတ်ပြည်နယ်သို့ ပြောင်းရွှေ့ခဲ့ကြရာ များစွာ ဆုံးရှုံးခဲ့သည်။

ယင်းနောက်ပိုင်း စီးပွားဖြစ် ထုတ်လုပ်နိုင်မှု အခြေအနေသို့ ဖြေးညှင်းစွာသာ တိုးတက်မှု ရှိခဲ့သည်။

နောက်ဆုံးတွင် ကုမ္ပဏီက အဆိုပါ စီမံကိန်းကို ရပ်ဆိုင်းခဲ့ပြီးနောက်ပိုင်း ကမ္ဘာ့သတင်းများတွင်လည်း ပျောက်ကွယ်သွားခဲ့သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: The air-powered car set to dominate the world and was a failure: Now we know what happened