- ပင်မစာမျက်နှာ
- ကားသတင်းများ
- အသက် ၈၀ အရွယ် ဂျပန်အဘွားတစ်ဦးနှင့် Mazda FD RX-7 တစ်စင်း အကြောင်း
အသက် ၈၀ အရွယ် ဂျပန်အဘွားတစ်ဦးနှင့် Mazda FD RX-7 တစ်စင်း အကြောင်း
- 387 views
ကားတစ်စီးကို ၂၅ နှစ်ခန့် ထိန်းသိမ်း ပိုင်ဆိုင်ထားခြင်းမှာ ကြီးမားသော သံယောဇဉ်ကို ပြသနေသည်။
ကားမော်ဒယ်အားလုံးသည် နှစ်ပေါင်းများစွာ စီးနိုင်ရန်အတွက် ဆိုလျှင် ပြုပြင်ထိန်းသိမ်းမှု များစွာ လိုအပ်သည်။
လူတစ်ဦးသည် ကားတစ်စင်းကို ဆယ်စုနှစ် ၂ ခုကျော် စီးထားသည်ဆိုပါက ထိုကားအကြောင်း အူမချေးခါးမကျန် သိရှိထားပြီး ဖြစ်သည်။
ကား၏ ဉာဉ်တို့ကိုလည်း သိရှိနားလည်လာကြသည်။
သို့သော် အရာအားလုံးမှာ ထာဝရမမြဲ၊ သင်္ခါရတရားများသာ ဖြစ်သည်။
မိမိတို့၏ ချစ်လှစွာသော မော်တော်ကားလေးကို ကျောခိုင်းလမ်းခွဲရတော့မည့်အချိန် မလွဲမသွေ ရောက်ရှိလာမည့်နေ့တွင် မည်သို့ လုပ်ဆောင်မည်နည်း။
အများအားဖြင့်မူ အခြားတစ်ဦးထံသို့သာ လက်လွှဲလက်ပြောင်း ပြုလုပ်ကျလေ့ရှိသည်။
ဂျပန်နိုင်ငံမှ အဘွားတစ်ဦးကမူ သူ၏ ၁၉၉၉ မော်ဒယ် Mazda FD RX-7 နှင့် လမ်းခွဲချိန်သို့ ရောက်ရှိလာချိန်တွင် သူ၏ ချစ်လှစွာသော ကားလေးအတွက် အကောင်းဆုံးထိန်းသိမ်းစောင့်ရှောက်ပေးနိုင်မည့်သူကို ရှာဖွေနိုင်ခဲ့သည်။
((သက်တမ်း ၂၅ နှစ်ရှိ Mazda FD RX-7 ကို ကားထုတ်လုပ်သည့် ကုမ္ပဏီထံ ပြန်ပေးခဲ့။))
နအို့ကို့ နီရှီမိုတို အမည်ရှိ အဘွားသည် ဂျပန်နိုင်ငံ နာဂါဆကီမြို့တွင် နေထိုင်သူ ဖြစ်သည်။
၁၉၉၉ ခုနှစ်တွင် Mazda FD RX-7 တစ်စင်း ဝယ်ယူခဲ့ပြီး ထိုအချိန်ကတည်းက ထိန်းသိမ်း ပိုင်ဆိုင်ထားခဲ့သည်။
နီရှီမိုတိုသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်သို့ ရောက်ချိန်တွင် အသက် ၈၀ ပြည့်ခဲ့သည်။
ထိုအချိန်တွင် အဘွားနီရှီမိုတိုက ကားမောင်းခြင်းများ ရပ်နားရတော့မည်အချိန် ကျရောက်ပြီဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။
Nagasaki Broadcasting Company က နီရှီမိုတိုနှင့် သူ၏ Mazda FD RX-7 အကြောင်း သတင်းဖော်ပြခဲ့ရာ ဂျပန်နိုင်ငံသားများအကြား ပျံ့နှံ့သွားခဲ့သည်။
အဘွားထံမှ ကားဝယ်လိုကြောင်း ဆက်သွယ်လာသူ ၄၀၀ ဦးခန့် ရှိခဲ့သည်။
Mazda ကုမ္ပဏီကလည်း အဘွားထံ ဆက်သွယ်လာကာ ပြည်သူ့ဆက်ဆံရေး မော်တော်ကားအဖြစ် စုဆောင်းထားလိုကြောင်း ပြောကြားရာ အဘွားက လက်ခံခဲ့သည်။
မော်တော်ကား လွှဲပြောင်းသည့် အခမ်းအနားကို အဘွားနေထိုင်သည့် ဒေသရှိ Mazda အရောင်းပြခန်းတွင် ကျင်းပခဲ့သည်။
Mazda ၏ ဥက္ကဌ မဆဟိရို့ မိုရိုက ကားလွှဲပြောင်းသည့် အခမ်းအနားတွင် အဖွား နီရှီမိုတိုထံ သတင်းစကားတစ်ခု ပေးပို့ခဲ့သည်။
Mazda ၏ ပြည်သူ့ဆက်ဆံရေးအကြီးအကဲ တက်ရောက်ကာ ကားသော့ကို လက်ခံရယူခဲ့သည်။
Mazda က နီရှီမိုတို၏ Mazda FD RX-7 ကို ဟီရိုရှီးမားမြို့ရှိ ရုံးချုပ်သို့ ပေးပို့ကာ ပြုပြင်ထိန်းသိမ်းမှု ပြုလုပ်မည် ဖြစ်သည်။
Mazda FD RX-7 သည် အသန့်အနေအထားရှိပါက ဒေါ်လာ ၄၂၆၀၀ ဝန်းကျင် တန်ကြေးရှိကြောင်း Hagerty က ဖော်ပြသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: 80-Year-Old Woman Donates Her FD RX-7 To Mazda (topspeed)