- ပင်မစာမျက်နှာ
- ကားသတင်းများ
- Honda နှင့် Nissan ကုမ္ပဏီတို့ ပေါင်းစည်းရန် ဆွေးနွေးသည့်သတင်းများ ထွက်ပေါ်လာပြီးနောက် Nissan ၏ ရှယ်ယာဈေးများ ၂၄ ရာခိုင်နှုန်းအထိ ထိုးတက်သွား
Honda နှင့် Nissan ကုမ္ပဏီတို့ ပေါင်းစည်းရန် ဆွေးနွေးသည့်သတင်းများ ထွက်ပေါ်လာပြီးနောက် Nissan ၏ ရှယ်ယာဈေးများ ၂၄ ရာခိုင်နှုန်းအထိ ထိုးတက်သွား
- 151 views
ဂျပန်ကားထုတ်လုပ်သူများဖြစ်သော Nissan နှင့် Honda တို့သည် လျင်မြန်စွာ ပြောင်းလဲနေသော ကမ္ဘာ့ကားလုပ်ငန်း နယ်ပယ်တွင် ယှဉ်ပြိုင်နိုင်စွမ်း ပိုမိုအားကောင်းရန်အတွက် ကုမ္ပဏီချင်း ပေါင်းစည်းရေး ဆွေးနွေးရန် စီစဉ်နေကြောင်း Nikkei သတင်းစာက ဖော်ပြသည်။
အဆိုပါ သတင်းထွက်ပေါ်လာပြီးနောက် Nissan ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းမှာ ၂၃ ဒသမ ၇ ရာခိုင်နှုန်းအထိ ထိုးတက်သွားရာ ၁၉၈၅ ခုနှစ်နောက်ပိုင်း အမြင့်မားဆုံး ဈေးနှုန်း ဖြစ်ခဲ့သည်။
Nissan နှင့် Honda ပေါင်းစည်းပြီးလျှင် Mitsubishi Motors ကိုပါ ထပ်မံ ပေါင်းစည်းရန် စီစဉ်ထားသည်။
ထိုကုမ္ပဏီတွင် Nissan က ရှယ်ယာ ၂၄ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။
Nissan နှင့် Honda တို့သည် ကုမ္ပဏီတစ်ခုတည်းအောက်တွင် လုပ်ငန်းလည်ပတ်သွားရန် သုံးသပ်နေသည်။
မကြာမီတွင် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးကြမည်ဟု သိရသည်။
အဆိုပါ ကုမ္ပဏီ ၃ ခုပေါင်းစည်းထားသော ကုမ္ပဏီ၏ ထုတ်လုပ်မှုမှာ နှစ်စဉ် ကားအစင်းရေ ၈ သန်းကျော် ရှိမည်ဖြစ်ကြောင်း Nikkei က ဖော်ပြသည်။
ထိုသို့ ပေါင်းစည်းလိုက်မှုကြောင့် ကမ္ဘာ့အကြီးမားဆုံး ကားထုတ်လုပ်သူများတွင် ပါဝင်လာစေမည် ဖြစ်သည်။
လက်ရှိအားဖြင့်မူ ယခုကုမ္ပဏီတို့သည် ဂျပန်ထိပ်သီး ကားထုတ်လုပ်သူ Toyota ၏ အောက်တွင် ထုတ်လုပ် နိုင်စွမ်းများစွာ ကွာဟနေသည်။
၂၀၂၃ ခုနှစ်အတွင်း Toyota သည် ကားအစင်းရေ ၁၁ ဒသမ ၂ သန်း ထုတ်လုပ်ခဲ့ပြီး ဂျာမန် ကုမ္ပဏီ Volkswagen မှာ အစင်းရေ ၉ ဒသမ ၂ သန်း ထုတ်လုပ်ခဲ့သည်။
Nissan နှင့် Honda တို့က ယခုသတင်းနှင့် စပ်လျဉ်းပြီး အတည်ပြုခြင်း (သို့မဟုတ်) ငြင်းပယ်ခြင်း မပြုချေ။
“ဒီသတင်းက ကျွန်တော်တို့ ကုမ္ပဏီက ထုတ်ပြန်တာ မဟုတ်ပါဘူး”ဟု Honda က ပြောသည်။
“ဒီနှစ် မတ်လထဲမှာ ကြေညာခဲ့တဲ့အတိုင်းပဲ Nissan နဲ့ Honda တို့ဟာ အနာဂတ် ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်နိုင်ချေတွေကို ရှာဖွေနေကြပါတယ်။ ကျွန်တော်တို့ရဲ့ Stakeholders တွေကို သင့်တော်တဲ့အချိန်မှာ အသိပေးသွားပါမယ်။”
အဆိုပါ ကုမ္ပဏီ ၂ ခုသည် ကားပစ္စည်းအစိတ်အပိုင်း၊ ဆော့ဖ်ဝဲတို့နှင့် စပ်လျဉ်းပြီး ယခုနှစ်အစောပိုင်းတွင် မဟာဗျူဟာမြောက် ပူးပေါင်းမှု ပြုလုပ်ခဲ့ပြီးနောက် ယခုအခါ ကုမ္ပဏီချင်းပူးပေါင်းမည့်သတင်းများ ထပ်မံထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။
Fiat Chrysler သည် ပြင်သစ်အခြေစိုက် PSA Groupe နှင့် ပူးပေါင်းကာ Stellantis အဖြစ် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်း ကုမ္ပဏီချင်း ပေါင်းစည်းခဲ့ကြပြီးနောက်ပိုင်း Nissan နှင့် Honda တို့၏ ယခုပေါင်းစည်းမှုမှာ ကားလောက၏ အကြီးမားဆုံး ပေါင်းစည်းမှု ဖြစ်လာမည် ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Japan's Honda and Nissan to reportedly begin merger talks (cnbc)