• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • စင်္ကာပူတွင် ကားဘီး ဘားတိုင်များတွင် ပဲစေ့များထည့်ကာ လေလျှော့မှုများ ကျူးလွန်ခဲ့သော တက္ကသိုလ်ကျောင်းသား တရားရုံးတွင် အမှုရင်ဆိုင်ရ

စင်္ကာပူတွင် ကားဘီး ဘားတိုင်များတွင် ပဲစေ့များထည့်ကာ လေလျှော့မှုများ ကျူးလွန်ခဲ့သော တက္ကသိုလ်ကျောင်းသား တရားရုံးတွင် အမှုရင်ဆိုင်ရ

  • 182 views


စင်္ကာပူတွင် ကားဘီးများလေလျှော့မှု ကျူးလွန်သည့် အမျိုးသားတစ်ဦးကို အများပြည်သူ စိတ်အနှောင့်အယှက် ဖြစ်စေမှုဖြင့် မူလက တရားစွဲထားရာမှ ယခုအခါ အများပြည်သူ ဒုက္ခပေးမှုအဖြစ် ပြောင်းလဲပြင်ဆင် တရားစွဲဆိုလိုက်သည်။

ကားဘီးလေလျှော့သည့် ပြစ်မှုကျူးလွန်သူမှာ စင်္ကာပူအမျိုးသားတက္ကသိုလ် NUS မှ ကျောင်းသားတစ်ဦးဖြစ်သူ ဘင်ဂျမင် ကျီယာ ယစ်လွန်ဖြစ်ပြီး အသက် ၂၃ နှစ်အရွယ် ဖြစ်သည်။

ပြီးခဲ့သော ဒီဇင်ဘာ ၁၇ ရက်က ဘင်ဂျမင်၏ အမှုကို တရားရုံးတွင် ကြားနာခဲ့ပြီး တရားစွဲသည့်ပုဒ်မ ပြင်ဆင်ခဲ့သည်။

ဘင်ဂျမင်သည် ယခုနှစ် နိုဝင်ဘာ ၂၁ ရက်က စင်္ကာပူရှိ Woodlands Drive 14 လမ်းပေါ် Block 517A နှင့် Block 519A တို့ရှိ ကားပါကင်တွင် မော်တော်ကား ၅ စင်းကို လေလျှော့ခြင်း၊ ကားလေကာမှန်များပေါ်တွင် လက်ကမ်းစာရွက်များ ထားခဲ့ခြင်းတို့ ပြုလုပ်ကာ အများပြည်သူ စိတ်အနှောင့်အယှက်ပေးမှု ကျူးလွန်ခဲ့သည်ဟု ဆိုသည်။

အမှုပြင်ဆင်ရာတွင် အများပြည်သူဒုက္ခပေးမှုအဖြစ် ပြောင်းလဲခဲ့ပြီး ကား ၇ စင်းကို လေလျှော့ခဲ့ကြောင်းဖော်ပြကာ ကားများ၏ နံပါတ်များကို အမှုမှတ်တမ်းတွင် ဖော်ပြထားသည်။

ဘင်ဂျမင်သည် ကားဘီး ဘားတိုင်များထဲသို့ ပဲစေ့ထည့်ကာ လေလျှော့ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(Woodlands Drive 14 ရှိ အထပ်မြင့် ကားပါကင် အဆောက်အအုံမှ လေလျှော့ခံခဲ့ရသော ကားများအနက် တစ်စင်းကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်က ရိုက်ကူးထားသော ဓာတ်ပုံဖြစ်သည်။ ဓာတ်ပုံ-Singapore Police Force)

တရားရုံးတွင် ဘင်ဂျမင်သည် မျက်မှန်တပ်ထားပြီး အစိမ်းရောင် ပိုလိုရှပ်အင်္ကျီဝတ်ဆင်ထားသည်ကို တွေ့ရသည်။

တရားရုံးတွင် ဘင်ဂျမင်၏ ရှေ့နေ Anil Singh Sandhu က ဘင်ဂျမင်အတွက် သြစတေးလျရှိ မိသားစုထံ ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်အထိ ခရီးသွားလာခွင့်လည်း လျှောက်ထားတောင်းခံခဲ့သည်။

ရှေ့နေ Anil က တင်ပြသည်မှာ မိမိ၏ အမှုသည် ဘင်ဂျမင်သည် သြစတေးလျနိုင်ငံ၊ ပါ့သ်မြို့ရှိ အဘွားနှင့် ညီဖြစ်သူထံ သွားရောက်ရန် စီစဉ်ထားကြောင်း၊ ညီဖြစ်သူမှာ သြစတေးလျတွင် ကျောင်းတက်နေကြောင်း ပြောသည်။
ယခုကဲ့သို့ တရားစွဲမခံရမီ လအတန်ကြာကတည်းက စီစဉ်ထားခြင်းဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် ဇူလိုင်လ ကတည်းက လေယာဉ်လက်မှတ်များ ကြိုတင်ဝယ်ယူထားကြောင်းလည်း ရှေ့နေက တင်ပြသည်။

တရားလိုဘက်က တုံ့ပြန်သည်မှာ ခရီးသွားရမည့် အကြောင်းရင်းမှာ အရေးမကြီးကြောင်း၊ သို့သော် တရားရုံးအနေဖြင့် ခရီးသွားရန် ခွင့်ပြုမည်ဆိုပါက အာမခံ ထပ်မံတောင်းခံရန် တင်ပြခဲ့သည်။

ခရိုင်တရားသူကြီး Wong Li Tein က ဘင်ဂျမင်အား အာမခံကြေး စင်္ကာပူဒေါ်လာ ၁၀၀၀၀ (ကန်ဒေါ်လာ ၇၄၀၀) ပေးသွင်းရန် ပြောဆိုကာ ခရီးသွားရန် ခွင့်ပြုခဲ့သည်။

သို့သော် ခရီးစဉ် အစီအစဉ်အပြည့်အစုံကို အမှုစစ်အရာရှိထံ တင်ပြထားရန်နှင့် အဆက်အသွယ် မပြတ်စေရန် တရားသူကြီးက ခံဝန်ကတိတောင်းခံထားသည်။

ဘင်ဂျမင်၏ အမှုကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်သို့ ရွှေ့ဆိုင်းလိုက်သည်။

ဘင်ဂျမင်က ကားလေကာမှန်များတွင် လက်ကမ်းစာစောင်များ ထားခဲ့ခြင်း၏ အကြောင်းရင်းမှာ SUV များ အသုံးပြုမှုကို ကန့်ကွက်သည့်လှုပ်ရှားမှု လုပ်ဆောင်ခြင်းဖြစ်ပြီး SUV များသည် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေကြောင်း ပြောဆိုထားသည်။

NUS ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ကလည်း တရားရုံး၏ အရေးယူဆောင်ရွက်မှုများ ပြီးစီးလျှင် ကျောင်းစည်းကမ်းဖြင့် ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း ပြောသည်။

ဘင်ဂျမင်ကို မူလ တရားစွဲထားသည့် အများပြည်သူ စိတ်အနှောင့်အယှက်ပေးမှုမှာ ထောင်ဒဏ် ၃ လနှင့် ငွေဒဏ် စင်္ကာပူဒေါ်လာ ၂၀၀၀ ချမှတ်နိုင်သော ပုဒ်မဖြစ်သည်။

ပြင်ဆင်တရားစွဲခဲ့သည့် အများပြည်သူ ဒုက္ခပေးမှုမှာမူ ပြစ်ဒဏ်ပိုကြီးသည်။
ပြစ်မှုထင်ရှားပါက ၂ နှစ်အထိ ထောင်ဒဏ်၊ ငွေဒဏ် (သို့မဟုတ်) နှစ်ရပ်လုံး ချမှတ်နိုင်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: NUS student accused of deflating car tyres by inserting green bean into their valve stems (CNA)