၁၁ ကြိမ်မြောက် မော်တော်ကား နည်းပညာ နိုင်ငံတကာ ကွန်ဖရင့်ကို ထိုင်းနိုင်ငံ ဘန်ကောက်တွင် ယနေ့စတင်ကျင်းပ

  • 190 views


ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ၁၁ ကြိမ်မြောက် နိုင်ငံတကာ မော်တော်ကား အင်ဂျင်နီယာ နည်းပညာ ကွန်ဖရင့် (CMAME 2024) ကို ဒီဇင်ဘာ ၁၈ မှ ၂၀ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း ကွန်ဖရင့်ကျင်းပရေး ကော်မတီ တာဝန်ရှိသူတစ်ဦးက CarsDB သို့ ပေးပို့သော email တွင် ဖော်ပြသည်။

CMAME ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ မော်တော်ကား စက်ယန္တရားနှင့် ကားပစ္စည်းနည်းပညာနယ်ပယ်မှ သိပ္ပံပညာရှင်တို့၏ နောက်ဆုံးသုတေသနနှင့် ရလဒ်များကို ချပြရန် ဖြစ်သည်။

CMAME ကွန်ဖရင့်မှတစ်ဆင့် ကမ္ဘာတစ်ဝန်းမှ ပညာရှင်များအကြား အကြံဉာဏ်များ အပြန်အလှန် ဖလှယ်နိုင်ခြင်း၊ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးခြင်း၊ လုပ်ငန်းများ ထူထောင်ခြင်း၊ အနာဂတ်တွင် သုတေသနဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း၊နိုင်ငံတကာ မိတ်ဖက်ရှာဖွေခြင်းများ ပြုလုပ်နိုင်မည် ဖြစ်သည်။

CMAME 2024 ကို သြစတေးလျနိုင်ငံရှိ မဲလ်ဘုန်း တော်ဝင် နည်းပညာသိပ္ပံ (RMIT) နှင့် တောင်အာရှ သိပ္ပံနှင့် အင်ဂျင်နီယာ အင်စတီကျု (SAISE) တို့ ပူးပေါင်း ကမကထပြု ကျင်းပခြင်း ဖြစ်သည်။

CMAME 2024 မှာ ယခင်ကွန်ဖရင့်များထက် ပိုမိုစိတ်လှုပ်ရှားဖွယ်ကောင်းမည်ဖြစ်ပြီး ကားနည်းပညာဆိုင်ရာ ပညာများအကြောင်း ပိုမိုသိရှိခွင့်ရမည်ဟု ဆိုသည်။

ကွန်ဖရင့် ကျင်းပရေးကော်မတီက CMAME 2024 တွင် Presentation လုပ်လိုသူများအား ၎င်းတို့၏ စာတမ်းများ တင်သွင်းရန် ဖိတ်ခေါ်ထားသည်။

ကွန်ဖရင့်သို့ တင်သွင်းသည့် စာတမ်းများကို စိစစ်ရွေးချယ်မှုများ ပြုလုပ်ပြီး Lecture Notes in Mechanical Engineering စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေသွားမည်ဟု ဆိုသည်။

(ပွဲကျင်းပမည့် Centara Watergate Pavilion Hotel။ ဓာတ်ပုံ - booking.com)

 

((ကွန်ဖရင့် ကျင်းပမည့် အစီအစဉ်))

စတင်ကျင်းပသည့် ယနေ့ (ဒီဇင်ဘာ ၁၈ ) တွင် လက်မှတ်ထိုးခြင်းမှလွဲပြီး အခြားအစီအစဉ်များမရှိ။

ဒီဇင်ဘာ ၁၉ ရက်တွင် မနက် ၉း၃၀ မှ ၁၂ နာရီအထိ အခမ်းအနားစတင်ကျင်းပမည်ဖြစ်ရာ အဖွင့်မိန့်ခွန်း၊ Keynote speech တို့ကို သြစတေးလျ RMIT တက္ကသိုလ်မှ ပါမောက္ခ John Mo (ကွန်ဖရင့် ဥက္ကဋ္ဌ) နှင့် ဟောင်ကောင်တက္ကသိုလ်မှ ပါမောက္ခ Xingjian Jing တို့က အသီးသီး ပြောကြားမည် ဖြစ်သည်။

ယင်းနောက် ၁၀း၄၅ အထိ group photo ရိုက်ကူးခြင်းနှင့် Coffee break တို့ ရှိသည်။

၁၀း၄၅ မှ ၁၂ နာရီအထိ မလေးရှား UMPSA တက္ကသိုလ်မှ ပါမောက္ခ Wan Azmi Bin Wan Hamzah နှင့် ထိုင်းနိုင်ငံ၊ KMITL တက္ကသိုလ်မှ တွဲဖက်ပါမောက္ခ Suwin Sleeongsom တို့က ကား လေအေးပေးစနစ် နည်းပညာ၊ ကားကုမ္ပဏီသစ်တို့ ရင်ဆိုင်ရသော စိန်ခေါ်မှုများအကြောင်း စာတမ်းဖတ်ကြားမည် ဖြစ်သည်။

၁၂ နာရီမှ မွန်းလွဲ ၁း၃၀ အထိမှာ Lunch break ဖြစ်သည်။
ယင်းနောက် မွန်းလွဲပိုင်းမှ ညနေ ၄း၃၀ အထိ ဆွေးနွေးပွဲ ၄ ခုရှိသည်။
ညပိုင်း ၆ နာရီမှ ၈ နာရီအထိမှာ ညစာစားပွဲဖြစ်သည်။

ဒီဇင်ဘာ ၂၀ ရက်နေ့တွင်မူ မနက် ၁၁ နာရီမှ ည ၁၀ နာရီအထိ တစ်နေ့တာ အလည်အပတ်ခရီးစဉ် ထွက်ကြမည် ဖြစ်ကြောင်း သိရသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com