- ပင်မစာမျက်နှာ
- ကားသတင်းများ
- ပြိုလဲတော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရသော Nissan က ကြီးမားသော အပြောင်းအလဲများ ပြုလုပ်လာ
ပြိုလဲတော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရသော Nissan က ကြီးမားသော အပြောင်းအလဲများ ပြုလုပ်လာ
- 211 views
Nissan သည် အနာဂတ် ဆက်လက်ရပ်တည်နိုင်ရေးအတွက် တိုက်ပွဲဝင်နေရရာ ယခုအခါ ခေါင်းဆောင်ပိုင်း အပြောင်းအလဲပြုလုပ်သွားမည်ဖြစ်ကြောင်း ကြေညာသည်။
Nissan သည် မကြာသေးမီ ရက်သတ္တပတ်များအတွင်း ကြီးမားသည့် စိန်ခေါ်မှုများစွာ ရင်ဆိုင်ခဲ့ရရာ ဝန်ထမ်း အလုံးအရင်း လျှော့ချရခြင်း၊ ကားထုတ်လုပ်မှု ကြီးမားစွာ လျှော့ချရခြင်းများ ပြုလုပ်ခဲ့ရသည်။
(၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်က တိုကျိုတွင် ကျင်းပခဲ့သော ဂျပန်ကားပြပွဲတွင် Nissan ၏ Concept ကားဖြစ်သော Nissan Hyper Force လျှပ်စစ်ကားဘေးတွင် မိန့်ခွန်းပြောနေသော Nissan ၏ စီအီးအို Makoto Uchida ။ ဓာတ်ပုံ-Kazuhiro NOGI/ AFP)
ကုမ္ပဏီအတွင်းလူတို့က သတင်းမီဒီယာတို့ကို ပြောသည်မှာ Nissan အနေဖြင့် လာမည့် ၁၂ လမှ ၁၄ လအတွင်း ပိတ်သိမ်းရနိုင်ကြောင်း၊ ထိုအခြေအနေများကြောင့် ကုမ္ပဏီ၏ CFO နှုတ်ထွက်ခဲ့ရကြောင်း ပြောသည်။
လက်ရှိအခြေအနေကို ဖြေရှင်းနိုင်ရေးအတွက် Nissan က ကုမ္ပဏီပြန်လည်ဖွဲ့စည်းမှုများ အင်တိုက်အားတိုက် ဆောင်ရွက်လာသည်။
ထိုအစီအစဉ်၏ အဓိကလုပ်ဆောင်မှုမှာ အရေးပါသော ရာထူးများမှ အကြီးအကဲများ ရာထူးခန့်ထားရေးနှင့် ပတ်သက်ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်တွင် စတင်အသက်ဝင်မည် ဖြစ်သည်။
Nissan Motor Corporation ၏ စီအီးအို Makoto Uchida က ကုမ္ပဏီပြန်လည်ဖွဲ့စည်းမှု အရေးပေါ် လိုအပ်နေကြောင်း ပြောသည်။
(အကျပ်ဆိုက်နေသော Nissan အတွက် စီအီးအို Makoto Uchida က အပြောင်းအလဲများ ဦးဆောင် ပြုလုပ်နေသည်။ ဓာတ်ပုံ-STR/ JIJI PRESS/ AFP/ Japan OUT)
ကုမ္ပဏီအနေဖြင့် လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရေးအတွက် ကြိုးပမ်းရာတွင် ခေါင်းဆောင်ပိုင်း အပြောင်းအလဲများ ပြုလုပ်ခြင်းအားဖြင့် လိုအပ်သော အတွေ့အကြုံနှင့် အရေးတကြီးလုပ်ဆောင်မှုများ ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ကြောင်း စီအီးအို Uchida က ပြောသည်။
“ဦးဆောင်မှုပေးတဲ့အဖွဲ့ရဲ့ ကွပ်ကဲမှုနဲ့အတူ အမြတ်အစွန်းရရှိနိုင်မှုနဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုတွေ ရစေဖို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေကို ဂရုတစိုက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု စီအီးအိုက ပြောသည်။
ဝါရင့် ဘဏ္ဍာရေး မဟာဗျူဟာပညာရှင် Jeremie Papin က CFO အဖြစ် တာဝန်ယူကာ Nissan ၏ ဘဏ္ဍာရေး ပြဿနာများကို ဖြေရှင်းမည် ဖြစ်သည်။
CFO ရာထူးမှ ထွက်ခွာသွားသူ Stephen Ma မှာမူ Nissan ၏ အရေးပါသည့် ဈေးကွက်ဖြစ်သော တရုတ်ပြည် ဈေးကွက်ကို ဦးဆောင်မည် ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Nissan collapse: Car giant makes changes to avoid disaster (news)
Photo Credit- STR/ JIJI PRESS/ AFP/ Japan OUT, Kazuhiro NOGI/ AFP