• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ၁၈၉၅ ခုနှစ်က အမေရိကန်ပြည်၊ အိုဟိုင်းအိုးပြည်နယ်တွင် ကား ၂ စင်းတည်းသာရှိခဲ့ပြီး ၂ စင်းတည်းသောကားမှာ အချင်းချင်းတိုက်မိခဲ့သည့် ငိုအားထက် ရယ်အားသန်ရမည့်ဖြစ်ပုံ

၁၈၉၅ ခုနှစ်က အမေရိကန်ပြည်၊ အိုဟိုင်းအိုးပြည်နယ်တွင် ကား ၂ စင်းတည်းသာရှိခဲ့ပြီး ၂ စင်းတည်းသောကားမှာ အချင်းချင်းတိုက်မိခဲ့သည့် ငိုအားထက် ရယ်အားသန်ရမည့်ဖြစ်ပုံ

  • 725 views

ပြည်နယ်တစ်ခုလုံးတွင် ကား ၂ စင်းတည်းသာရှိခဲ့ပြီး ထို ၂ စင်းတည်းသော ကားမှာ အချင်းချင်းတိုက်မိခဲ့သည့် ဖြစ်ရပ်မှာ ဆန်းကြယ်လှသည်။

၂၀ ရာစုသို့ ကူးပြောင်းခါနီးကာလတွင် အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်းအိုးပြည်နယ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိုခေတ် ထိုအချိန်က ကားအသုံးပြုမှုအပေါ် ကောင်းစွာ မရင်းနှီးကြသေးခြင်းကို ပြသနေသည့်အပြင် ကားသမိုင်း၏ ဟာသဆန်သောဖြစ်ရပ်တစ်ခုလည်း ဖြစ်သည်။

၁၉၀၀ ပြည့်လွန်အစောပိုင်းကာလများက ကားများအလွန်နည်းပါးသေးပြီး အချမ်းသာဆုံးပုဂ္ဂိုလ်များသာ စီးနိုင်သည့် နောက်ဆုံးပေါ်နည်းပညာ၊ တီထွင်မှုတစ်ခု ဖြစ်ခဲ့သည်။

လမ်းများပေါ်တွင် မြင်းများ၊ ရထားလုံးများသာ ကြီးစိုးခဲ့သည့်ကာလလည်း ဖြစ်သည်။
အိုဟိုင်းအိုးပြည်နယ်တွင် ထိုအချိန်က ကား ၂ စင်းတည်းသာ ရှိခဲ့ပြီး တစ်မြို့တည်းသား ၂ ဦးက ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုဒေသတွင် ယာဉ်မောင်းလိုင်စင်ရှိသူဟူ၍ ၎င်းတို့နှစ်ဦးတည်းသာ ရှိခဲ့သည်။
ဖုံထူကာ ကားများမရှိသော ကျေးလက်လမ်းများပေါ်တွင် လွတ်လပ်စွာ မောင်းနှင်နိုင်ခဲ့ကြသည်။

ပြည်နယ်တစ်ခုလုံးတွင် ၂ စင်းတည်းသာရှိသော ကား ၂ စင်းမှာ ၁၈၉၅ ခုနှစ်၏ ဆိတ်ငြိမ်သော နေ့တစ်နေ့တွင် အချင်းချင်း တိုက်မိခဲ့ကြသည်။

ထိုဖြစ်ရပ်မှာ မာဖီ၏ နိယာမဖြစ်သော ချွတ်ယွင်းဖောက်ပြန်နိုင်သောအရာမှာ ချွတ်ယွင်းဖောက်ပြန်လိမ့်မည်သာ ဖြစ်သည်ဟူသော နိယာမကို သက်သေပြနေသည်။

သမိုင်းမှတ်တမ်းများအရ ကားပိုင်ရှင်နှစ်ဦးသည် လမ်းပေါ်တွင် အခြားကားများတွေ့ရမည်မဟုတ်ရာ စိတ်အေးချမ်းသာစွာဖြင့် ကားမောင်းကာ အိမ်မှ ထွက်လာခဲ့ကြသည်ဟု ဆိုသည်။

လမ်းများပေါ်တွင် ၎င်းတို့၏ ကားများမှလွဲပြီး အခြားမော်တော်ကားများမရှိဘဲ ရှင်းလင်းနေသည်။

သို့သော် ကားမောင်းမကျွမ်းကျင်ခြင်းနှင့် ကံကြမ္မာကြောင့် ထိုကားနှစ်စီးမှာ ထိပ်တိုက်တိုးကာ တိုက်မိခဲ့ကြသည်။

မည်သို့မည်ပုံ (သို့မဟုတ်) အဘယ်ကြောင့် ကားတိုက်မှု ဖြစ်ပွားခဲ့သည်ဟူသော အသေးစိတ် အချက်အလက်များကိုမူ မသိရချေ။

ခေတ်ဦး မော်တော်ကားများဖြစ်ရာ အမြန်နှုန်းနည်းပါးသောကြောင့် အကြီးအကျယ်ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့။

သို့သော် ဒဏ်ရာ ရခြင်း၊ မရခြင်းထက် ရှက်သည်က ပိုသည်။

ကားတိုက်မိသောနေရာမှာ ကျဉ်းမြောင်းသော လမ်းကွေ့နေရာတွင်ဖြစ်သောကြောင့် တစ်ဖက်မှ လာသည့်ကားကို မမြင်ရချေ။

မော်တော်ကား သယ်ယူပို့ဆောင်ရေးကဏ္ဍ၏ အစောပိုင်း စိန်ခေါ်မှုများကို ပြသနေသည့် သာဓကတစ်ခုလည်း ဖြစ်သည်။

မော်တော်ကားများအတွက် လမ်းစည်းကမ်းများ လိုအပ်ကြောင်း လည်း ယခုဖြစ်ရပ်က ပြသနေသည်။

ထိုကာလက မော်တော်ယာဉ် လမ်းစည်းကမ်းများ မရှိသေး။

ထိုခေတ်က လမ်းမများမှာ အနှေးယာဉ်များ၊ မြင်းလှည်းများသာရှိခဲ့ရာ မော်တော်ကားများကြောင့် ယာဉ်အန္တရာယ် ဖြစ်ပေါ်နိုင်ချေများကို ဆွေးနွေးလာခဲ့ရသည်။

ထိုခေတ်က သတင်းစာများတွင် အိုဟိုင်းအိုးပြည်နယ်မှ ယာဉ်တိုက်မှုအကြောင်း တခမ်းတနား ဖော်ပြခဲ့ကြသည်။

အယ်ဒီတာ့အာဘော်များ၊ ကာတွန်းများနှင့် ဆောင်းပါးများရေးသားကာ အကျယ်တဝင့် ပြောဆိုခဲ့ကြသည်။

အချို့ကလည်း ကားများတွင် ကြီးမားသော ခေါင်းလောင်း (သို့မဟုတ်) ဟွန်းတပ်ကာ ယခုဖြစ်ရပ်မျိုး ရှောင်လွှဲနိုင်ရန် အကြံပြုကြသည်။

နာမည်ကျော် မော်တော်ကား သမိုင်းပညာရှင် ဒေါက်တာ Emily Rosenthal က “အိုဟိုင်းအိုးကဖြစ်ရပ်ဟာ ရယ်စရာကောင်းသလို ကျွန်မတို့လူ့အဖွဲ့အစည်းအနေနဲ့ မော်တော်ကားတွေအတွက် အသင့်မဖြစ်ခဲ့တဲ့ အနေအထားကို ပြသတဲ့ စိတ်မကောင်းစရာ ဖြစ်ရပ်လည်း ဖြစ်ပါတယ်။ မော်တော်ကားလောက ကနဦးကြုံတွေ့ရတဲ့ ပြဿနာကို အထင်ရှားဆုံးဖော်ပြနိုင်တဲ့ ဖြစ်ရပ်ပါ” ဟု ပြောသည်။

(မှတ်ချက်။ အထက်ပါ ဖြစ်ရပ် အမှန်တကယ် ဖြစ်ပေါ်ခဲ့ခြင်း ရှိ၊ မရှိအပေါ် ဝေဖန်ငြင်းခုံမှုများလည်း ရှိသည်)

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Ohio's Most Ironic Accident: When Its Only Two Cars Crashed (wokewaves)