- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဒေါ်လာ ၁ ဒသမ ၄ သန်းဖြင့် ဖြန့်ချိမည့် ကားအိမ်ကြီး Brabus Big Boy 1200 ၊ ဧည့်ခန်း-အိပ်ခန်း-ရေချိုးခန်းနှင့် မီးဖိုဆောင်တို့ပါဝင်ကာ ဂြိုဟ်တုအင်တာနက်ချိတ်ဆက်ပေးထား
ဒေါ်လာ ၁ ဒသမ ၄ သန်းဖြင့် ဖြန့်ချိမည့် ကားအိမ်ကြီး Brabus Big Boy 1200 ၊ ဧည့်ခန်း-အိပ်ခန်း-ရေချိုးခန်းနှင့် မီးဖိုဆောင်တို့ပါဝင်ကာ ဂြိုဟ်တုအင်တာနက်ချိတ်ဆက်ပေးထား
- 815 views
မော်တော်ကား ၂ မျိုးရှိသည်။
တစ်နေရာမှ တစ်နေရာသို့ ပို့ဆောင်ပေးရုံကားမျိုးနှင့် ခရီးသွားခြင်း၏ အနက်အဓိပ္ပာယ်ကို အသေအချာဖွင့်ဆို ပေးမည့်ကားမျိုးဟူ၍ ဖြစ်သည်။
Brabus မှ ထုတ်လုပ်သော Big Boy 1200 မှာ ဒုတိယ အမျိုးအစား ဖြစ်သည်။
Luxury လူနေခန်းတစ်ခုကဲ့သို့ လိုအပ်ချက်အရာရာ ဖြည့်ဆည်းပေးမည့် ကားအိမ်ဖြစ်သည်။
အဖွဲ့တစ်ခုခုကို ကွပ်ကဲသည့် ဗဟိုဌာနချုပ် (သို့မဟုတ်) လူဆိုးဂိုဏ်းစတားတစ်ဦး၏ သီးသန့်စတည်းချရာနေရာမျိုး။
ဂျာမန်ကားကုမ္ပဏီ Brabus က Mercedes Actros ထရပ်ကားကို အခြေခံကာ ထုတ်လုပ်ထားသည့် ကားအိမ် (RV) ဖြစ်ပြီး အကျယ်အဝန်းအားဖြင့် ၃၀ စတုရန်းမီတာကျော် (၃၂၃ စတုရန်းပေ) ရှိသည်။
Brabus က ဘယ်လ်ဂျီယံကုမ္ပဏီ STX Motorhomes နှင့် လက်တွဲကာ ဂန္ထဝင်မြောက် ကားအိမ်များစွာ ထုတ်လုပ်ရန် စီစဉ်ထားရာ Brabus Big Boy 1200 မှာ ပထမဆုံး ဖြစ်သည်။
အပြင်မှကြည့်လျှင် ကြီးမားသော အနက်ရောင် ထောင့်မှန်စတုဂံပုံးကြီးတစ်ခုကဲ့သို့ဖြစ်သည်။
အနက်ရောင် aluminum-composite ကိုယ်ထည်တွင် LED မီးများသာ အရောင်ကွဲရှိနေသည်။
Brabus Big Boy 1200 မှာ အလျား ၁၂ မီတာ (၃၉ ဒသမ ၄ ပေ) ၊ အနံ ၂ ဒသမ ၅ မီတာ (၈ ဒသမ ၂ ပေ) နှင့် အမြင့် ၄ မီတာ (၁၃ ဒသမ ၁ ပေ) အထိရှိရာ Tesla Cybertruck မှာ ယခု RV နှင့်ယှဉ်လျှင် ကလေးကစားစရာသာသာမျှ ဖြစ်သွားသည်။
ဤမျှအကျယ်အဝန်းမှာ မလုံလောက်သေးလျှင် ကားရပ်ထားချိန်တွင် ဘေးဘက်ဆီသို့ ဖြန့်ထုတ်ချပြီး လူနေ နေရာ ပိုမိုချဲ့ထွင်နိုင်သေးသည်။
ထိုသို့ ဖြန့်ထုတ်ချဲ့ထွင်မှုကို ခိုင်ခံ့မှုရစေရန် hydraulic jack များဖြင့်လည်း ထောက်မ ပေးထားသည်။
ကားထဲသို့ ဝင်သွားလျှင် ခမ်းနားထည်ဝါသော ဧည့်ခန်းက စောင့်ကြိုနေပြီး ထိုမှတစ်ဆင့် အကျယ် ၄ ဒသမ ၅ မီတာ (၁၄ ဒသမ ၈ ပေ) ရှိသော အိပ်ခန်းရှိသည်။
အိပ်ခန်းတွင် double bed ၊ ခုံတန်း ၂ ခုတို့အပြင် ယာဉ်မောင်းခန်း အပေါ်ဘက်တွင် တစ်ယောက်အိပ် အိပ်ရာရှိသေးသည်။
ရေချိုးခန်းတွင် သဘာဝ ကျောက်ပြားများဖြင့် ကာရံပေးထားပြီး ရေပန်း၊ အိမ်သာနှင့်၊ ရေစိမ်ကန်တို့ရှိသည်။
မီးဖိုဆောင်တွင် နောက်ဆုံးအပေါ် အသုံးအဆောင်ပစ္စည်းများ ထည့်သွင်းပေးထားရာ မီးဖိုခုံ၊ oven ၊ ပန်းကန်ဆေးစက်၊ ရေခဲသေတ္တာ၊ freezer ၊ ကော်ဖီဖျော်စက်၊ ဝိုင်အအေးခံစက် အစရှိသည်တို့ အပါအဝင် ဖြစ်သည်။
ဧည့်ခန်းကို ညစာစားရန်နေရာ (သို့မဟုတ်) ရုံးခန်းအဖြစ်လည်း အသုံးပြုနိုင်သည်။
ဆက်သွယ်ရေးအတွက် Starlink ဂြိုဟ်တုဆက်သွယ်ရေးနှင့် Wifi router တို့ တပ်ဆင်ပေးထားရာ မည်မျှလူသူအလှမ်းကွာသည့်နေရာသို့ ရောက်သည်ဖြစ်စေ အင်တာနက်အဆက်အသွယ် ရရှိနေမည် ဖြစ်သည်။
ကားအတွင်း ၄၃ လက်မ 4K ရုပ်မြင်သံကြားစက်များ၊ PS5 ဂိမ်းတစ်ခု၊ high-end audio system တို့လည်း ပါဝင်သည်။
ကားအမိုးပေါ်တွင် ဆိုလာပြား ၈ ချပ်တပ်ဆင်ထားပြီး ကြီးမားသော ဘက်ထရီကြီးတစ်ခုအပြင် မီးစက်တစ်လုံးလည်း ပါဝင်သေးရာ ကားပေါ်တွင် နေထိုင်လိုက်ပါမည့်သူတို့အနေဖြင့် ဓာတ်အားလိုင်းမရှိသော နေရာများတွင် ကာလကြာရှည်နေထိုင်နိုင်မည် ဖြစ်သည်။
ရေအသုံးပြုမှုအတွက် ရေသန့်နှင့် စွန့်ပစ်ရေများထားရန် ရေဆိုးကန်ကြီး ၂ ခုလည်း ထည့်သွင်းပေးထားသည်။
12.8-liter turbo ဒီဇယ်အင်ဂျင်တပ်ဆင်ထားပြီး ဆွဲအား ၅၂၃ hp ရှိကာ ရုန်းအားမှာ 2600 Nm (1918 lb-ft) ရှိသည်။
Brabus Big Boy 1200 ၏ အခွန်မဆောင်ရသေးမီ ဈေးနှုန်းမှာ ယူရို ၁.၂၆၀,၅၀၄ (ကန်ဒေါ်လာ ၁,၃၇၃,၀၀၀ ခန့်) ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Brabus Big Boy 1200 Is The $1.4M Supervillain RV You Didn’t Know You Needed (carscoops)