အင်ဂျင်နီယာတစ်ဦး၊ ကားတစ်စီးနှင့် ဘဝသင်ခန်းစာ

  • 141 views

ကားထုတ်လုပ်သော ကုမ္ပဏီတစ်ခုမှ အင်ဂျင်နီယာတစ်ဦးသည် ကမ္ဘာ့အဆင့်မီ ကားတစ်စင်းကို ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ခဲ့သည်။

ကုမ္ပဏီပိုင်ရှင်တို့က ထိုကားကို များစွာ အထင်ကြီးသွားကြပြီး အင်ဂျင်နီယာ၏ လက်ရာကို အလွန်ချီးကျူးကြသည်။

သို့သော် ကားထုတ်လုပ်သည့် အလုပ်ရုံမှ ကားကို အပြင်သို့ထုတ်ရန် စီစဉ်ချိန်တွင် ပြဿနာပေါ်သည်။

((ပြဿနာ))

ပြဿနာကား ကား၏ အမြင့်မှာ ကားထုတ်လုပ်ရေး ဌာန၏ တံခါးအမြင့်ထက် လက်မအနည်းငယ် ပိုမြင့်နေခြင်း ဖြစ်သည်။

ကားအပြီးမသတ်မီ ထိုအချက်ကို အဘယ်ကြောင့် မတွေးမိသနည်းဟုဆိုကာ အင်ဂျင်နီယာမှာ အလွန် စိတ်မသက်မသာ ခံစားနေရသည်။

ကုမ္ပဏီပိုင်ရှင်လည်း ကားကို မည်သို့ မည်ပုံ အပြင်သို့ ထုတ်ရမည်ကို ကြံရာမရ ဖြစ်နေသည်။
ကားကို ဆေးမှုတ်သူက အကြံပေးသည်မှာ ကားအမြင့် ပြန်လည်လျှော့ချပြီးမှ ထုတ်လျှင်လည်း များစွာ ကုန်ကျမည် မဟုတ်ကြောင်း ပြောသည်။

အင်ဂျင်နီယာကမူ တံခါးကို ဖျက်ကာ ကားကို အပြင်သို့ ထုတ်ပြီးနောက် တံခါးပြန်ပြင်ရန် အကြံပေးသည်။

ကုမ္ပဏီပိုင်ရှင်ကမူ ထိုနည်းလမ်း ၂ သွယ်လုံးကို သဘောမကျ။

ကား (သို့မဟုတ်) တံခါးတို့ကို ဖျက်ဆီးရမည်မှာ အတိတ်နိမိတ်မကောင်းကြောင်း ယူဆသည်။

((အကြံပေးချက်))


ထိုဖြစ်ရပ်ကို  တွေ့မြင်နေခဲ့သူ လုံခြုံရေးအဘိုးအိုက ကုမ္ပဏီ ပိုင်ရှင်ထံ ဖြေးညင်းစွာ လမ်းလျှောက်သွားရင်း “လူကြီးမင်းတို့ စိတ်မရှိရင် ဒီပြဿနာအတွက် ကျွန်တော် အကြံပေးလိုပါတယ်”ဟု ပြောသည်။

ပညာတတ် အင်ဂျင်နီယာများပင် အဖြေရှာမရသည့် ပြဿနာကို လုံခြုံရေးအဘိုးကြီးက မည်သို့ ဖြေရှင်းနိုင်ပါမည်နည်းဟု လူတိုင်းစိတ်ထဲတွင် တွေးနေခဲ့ကြသည်။

သို့သော် ဖြေရှင်းနိုင်သူလည်း မရှိရာ အဘိုးအို၏ အကြံကို နားထောင်ကြည့်ရန် သဘောတူခဲ့ကြသည်။
လုံခြုံရေးအဘိုးအိုက အကြံပြုသည်မှာ ကား၏ အမြင့်မှာ တံခါးပေါက်ထက် လက်မ အနည်းငယ်မျှသာ ပိုမြင့်သည် ဖြစ်သောကြောင့် ကားဘီးများမှ လေအနည်းငယ်စီ လျှော့လိုက်လျှင် ကားကို အပြင်သို့ လွယ်ကူစွာ ထုတ်နိုင်မည်ဖြစ်ကြောင်း အကြံပြုသည်။

အဘိုးအို၏ အကြံကို ကြားရချိန်တွင် လူတိုင်း အံ့သြမှင်တက်သွားကြပြီး လက်ခုပ်တဖြောင်းဖြောင်းတီးကာ ဂုဏ်ပြုကြသည်။

အဆိုပါ ဖြစ်ရပ်တွင် သင်ခန်းစာ ယူဖွယ်များ ရှိနေသည်။

((သင်ခန်းစာ))

ပြဿနာတိုင်းကို ပညာရှင် ရှုထောင့်တစ်ခုတည်းမှ သုံးသပ်ခြင်း မပြုလုပ်ပါနှင့်။

သာမန်အရပ်သား ရှုထောင့်တွင် အကောင်းမွန်ဆုံး အဖြေတစ်ခု ရှိနေနိုင်သည်။

ဘဝတွင်လည်း ဘဝပြဿနာများကို အဖြေရှာရာတွင်လည်း အလားတူပင် ဖြစ်သည်။

မိမိတို့၏ မိတ်ဆွေသူငယ်ချင်းများအိမ်သို့ အလည်အပတ်သွားရာတွင် အဝင်တံခါးမှာ သင့်အရပ်ထက် နိမ့်နေခြင်းမျိုး ကြုံရနိုင်သည်။

ထိုအချိန်မျိုးတွင် လေ (အတ္တ) အနည်းငယ်လျှော့လိုက်မည်ဆိုပါက နေအိမ်အတွင်းသို့ အလွယ်တကူ ဝင်ရောက်နိုင်မည် ဖြစ်ပါသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: An engineer in a car manufacturing company designs a world class car. The owner is impressed with the outcome and praised him a lot. (medium)