- ပင်မစာမျက်နှာ
- ကားသတင်းများ
- ၁၆၆ ပေါင် (၂၁၀ ဒေါ်လာ) ဖြင့် ရောင်းချခဲ့သော ကမ္ဘာ့အသေးငယ်ဆုံး တန်ဖိုးနည်းကား
၁၆၆ ပေါင် (၂၁၀ ဒေါ်လာ) ဖြင့် ရောင်းချခဲ့သော ကမ္ဘာ့အသေးငယ်ဆုံး တန်ဖိုးနည်းကား
- 262 views
တစ်ချိန်က ၁၆၆ ပေါင် (၂၁၀ ဒေါ်လာ) မျှဖြင့် ဈေးကွက်တွင် ရောင်းချခဲ့သော ကမ္ဘာအသေးငယ်ဆုံး တန်ဖိုးနည်းကားမှာ ယခုအခါ တန်ဖိုးအတန်မြင့်မားနေပြီ ဖြစ်သည်။
ထိုကားလေးအကြောင်းကို မော်တော်ကားများအကြောင်း ဆွေးနွေးသည့် ရုပ်သံအစီအစဉ်ဖြစ်သော Top Gear တွင် မကြာသေးမီက ဖော်ပြဆွေးနွေးလာသည်။
၁၉၆၀ ပြည့်လွန်ကာလများက ထုတ်လုပ်ခဲ့သော ကားငယ်လေးမှာ အလျား ၁ ဒသမ ၃ မီတာ (၄ ပေကျော်) သာရှိပြီး အလေးချိန် ၅၉ ကီလိုဂရမ်( ၃၅ ပိဿာ) သာရှိကာ ကလေးငယ်တစ်ဦးအတွက်သာ သက်သောင့်သက်သာ စီးနိုင်မည့် အခြေအနေရှိသည်။
(Top Gear တွင် ဖော်ပြခဲ့ပုံ။ ဓာတ်ပုံ-BBC)
(ကားငယ်လေးမှာ အမြင့်ဆုံးမြန်နှုန်း တစ်နာရီလျှင် ၃၈ မိုင်နှုန်းသာ မောင်းနိုင်သည်။ ဓာတ်ပုံ-Getty)
(ဆီနှင့် မြန်နှုန်းပြဒိုင်ခွက်တို့ မပါချေ။ ဓာတ်ပုံ-Getty)
များစွာ လက်တွေ့အသုံးမဝင်လှသော်လည်း လေလံပွဲတွင် မကြာသေးမီက ပေါင် ၁၁၁၀၀၀ ဖြင့် အံ့အားသင့်ဖွယ် ရောင်းထွက်သွားသည်။
ထိုမျှဈေးရခြင်းမှာ ရှားပါးခြင်းကြောင့်သာ ဖြစ်နိုင်သည်။
Peel P50 ဟု အမည်ပေးထားသော ယခုကားမော်ဒယ်ကို အစင်းရေ ၅၀ သာ ထုတ်လုပ်ခဲ့သည်။
အင်္ဂလန်နှင့် အိုင်ယာလန်ကြားတွင် တည်ရှိသော Isle of Man ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းတွင် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။
(မှတ်ချက်။ Isle of Man သည် ကိုယ်ပိုင်လွတ်လပ်စွာအုပ်ချုပ်ခွင့် များစွာပေးထားသောကျွန်းဖြစ်ပြီး ဗြိတိန် အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် မရှိဘဲ ဗြိတိန်ဘုရင်မင်းမြတ်၏ တိုက်ရိုက်အုပ်ချုပ်မှု အောက်တွင်သာ ရှိသည်။ သို့သော် ကာကွယ်ရေးကိုမူ ဗြိတိန်အစိုးရက ပေးထားရသည်)
Peel Engineering ကုမ္ပဏီက ၁၉၆၂ မှ ၁၉၆၅ ခုနှစ်အကြား ထုတ်လုပ်ခဲ့ပြီး ယခုအခါ ၂၇ စင်း ဝန်းကျင်သာ တွေ့နိုင်တော့သည်။
Peel P50 ကို ထုတ်လုပ်ခဲ့သော Peel Engineering ကုမ္ပဏီမှာ ၁၉၇၄ ခုနှစ်ကတည်းက ပိတ်သိမ်းသွားခဲ့သည်။
သို့သော် ၎င်းတို့ကုမ္ပဏီမှ ကားများ၏ မူပိုင်ခွင့်များကို အခြားသူက ဝယ်ယူသွားခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် ကုမ္ပဏီသစ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
ယခုအခါ ထိုကားမော်ဒယ်မျိုးလိုချင်သူများအတွက် အော်ဒါမှာယူသူများကို ထုတ်လုပ်ပေးလျက်ရှိသည်။
Peel P50 တို့သည် အမြင့်ဆုံးမြန်နှုန်း 38mph သာရှိပြီး ဆီ ၁ ဂါလံလျှင် မိုင် ၁၀၀ မောင်းနိုင်သည်။
ကားမောင်းသူတစ်ဦးအတွက်သာ နေရာအကျယ်အဝန်းရှိပြီး ဘက်ဂီယာ မပါ။
နောက်သို့ ပြန်ဆုတ်လိုပါက ကားပေါ်မှဆင်းကာ ကားကို ပြန်ဆွဲယူရမည် ဖြစ်သည်။
P50 တွင် မြန်နှုန်းပြ၊ ဆီ၊ ကီလို ဒိုင်ခွက်များကဲ့သို့ မည်သည့်ဒိုင်ခွက်မှ မပါ။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: World’s smallest budget car that was immortalised on Top Gear once sold for just £166… but now it’s worth a fortune (thesun)
Photo Credit-BBC, Getty