- ပင်မစာမျက်နှာ
- ကားသတင်းများ
- အမေရိကန်တွင် ဒေါ်လာ ၅၄၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ လီသီယံသိုက်ကြီး ရှာဖွေတွေ့ရှိရာ ကားဘက်ထရီများ ထုတ်လုပ်ရေးအတွက် Elon Musk နှင့် Jeff Bezos တို့ အကြီးအကျယ် အမြတ်ထွက်ဖွယ်ရှိ
အမေရိကန်တွင် ဒေါ်လာ ၅၄၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ လီသီယံသိုက်ကြီး ရှာဖွေတွေ့ရှိရာ ကားဘက်ထရီများ ထုတ်လုပ်ရေးအတွက် Elon Musk နှင့် Jeff Bezos တို့ အကြီးအကျယ် အမြတ်ထွက်ဖွယ်ရှိ
- 477 views
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk နှင့် ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ် Jeff Bezos တို့သည် ဘီလီယံပေါင်းများစွာ ချမ်းသာနေကြပြီးဖြစ်ရာ ၎င်းတို့အတွက် ငွေမှာ အရေးတကြီး မလိုအပ်တော့ချေ။
သို့တိုင် အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် မကြာသေးမီက လီသီယံသိုက်ကြီး ရှာဖွေတွေ့ရှိခဲ့မှုမှာ ၎င်းတို့နှစ်ဦးအတွက် အကြီးအကျယ် အကျိုးရှိစရာ ဖြစ်လာပြန်သည်။
၎င်းတို့နှစ်ဦးပေါင်း ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၅၅၅ ဘီလီယံ (၃၂၀+၂၃၅) ရှိသည်။
ကယ်လီဖိုးနီးယားပြည်နယ်ရှိ ရေကန်ကြီးတစ်ခုအောက်ခြေတွင် ရွှေဖြူဟုခေါ်ကြသော လီသီယံသိုက်ကြီးတစ်ခု မကြာသေးမီက ရှာဖွေတွေ့ရှိခဲ့မှုမှာ Elon Musk နှင့် Jeff Bezos တို့နှစ်ဦးလုံး အကျိုးရှိစေမည့် အခြေအနေ ဖြစ်နေသည်။
အဆိုပါ လီသီယံသိုက်ကို ရှာဖွေတွေ့ရှိထားသည်မှာ ကြာပြီဖြစ်သော်လည်း ကန်ဒေါ်လာ ၅၄၀ ဘီလီယံဖိုးခန့် ရှိနေကြောင်းကိုမူ မကြာသေးမီကမှ သိလာခြင်း ဖြစ်သည်။
လီသီယံသိုက်ကြီးသည် လျှပ်စစ်ကားများအတွက် ဘက်ထရီပေါင်း ၃၈၂ သန်း ထုတ်လုပ်နိုင်သော ပမာဏရှိရာ ကမ္ဘာ့စီးပွားရေးကို ပြောင်းလဲပစ်နိုင်မည့် အခြေအနေဖြစ်သည်။
“လျှပ်စစ်ကား အစင်းရေ ၃၈၂ သန်းအတွက် ဘက်ထရီတွေ ထုတ်လုပ်နိုင်မယ့်ပမာဏ ရှိပါတယ်” ဟု လော့စ်အိန်ဂျလိတိုင်းမ်သတင်းစာမှ ဆောင်းပါးရှင် Sammy Roth က ပြောသည်။
“ဒီ လီသီယမ်တွေကိုသာ အကုန်ထုတ်လုပ်နိုင်မယ်ဆိုရင် တကယ့်ကြီးမားတဲ့ ပြောင်းလဲမှုကြီး ဖြစ်ပါလိမ့်မယ်”
(ကယ်လီဖိုးနီးယားပြည်နယ်မှ Salton Sea အမည်ရှိ ရေကန်ကြီး၏ အောက်ခြေတွင် အလွန်ကြီးမားသော လီသီယံသိုက်ကြီး ရှာဖွေတွေ့ရှိခဲ့သည်။ ဓာတ်ပုံ-Getty Stock Images)
Salton Sea သည် အကျယ်အဝန်း ၁၅ မိုင်× ၃၅ မိုင်ရှိပြီး ရေအနက်ဆုံးနေရာမှာ ၄၃ ပေ ဖြစ်သည်။
ယခုလီသီယမ်သိုက်ကြီး ရှာဖွေတွေ့ရှိမှုကြောင့် Elon Musk နှင့် Jeff Bezos တို့ မည်သို့အကျိုးရှိရသနည်း ဆိုလျှင် ထိုပုဂ္ဂိုလ်နှစ်ဦး၏ လျှပ်စစ်ကား ကုမ္ပဏီများကြောင့် ဖြစ်သည်။
Elon Musk သည် Tesla ကို ၂၀၀၃ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး Jeff Bezos ကလည်း Rivian တွင် အဓိက ရင်းနှီးမြှုပ်နှံထားသူ ဖြစ်သည်။
လျှပ်စစ်ကားအများစုကို လီသီယမ် ဘက်ထရီများဖြင့် ထုတ်လုပ်သည်။
လီသီယမ် အဓိကထွက်သည့် နိုင်ငံများမှာ သြစတေးလျ၊ တရုတ်၊ ချီလီနှင့် အာဂျင်တီးနားတို့ဖြစ်ကြောင်း Visual Capitalist က ဖော်ပြသည်။
Tesla ၏ စက်ရုံအများစုမှာ အမေရိကန်တွင် အခြေစိုက်သည်။ Tesla ၏ အကြီးမားဆုံးစက်ရုံမှာ နီဗားဒါးပြည်နယ်ရှိ Gigafactory ဖြစ်ပြီး ဝန်ထမ်းပေါင်း ၁၂၀၀၀ ခန့်ရှိသည်။
Rivian ကလည်း အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်၊ အတ္တလန္တာမြို့တွင် အခြေစိုက်ကာ စက်ရုံတည်ဆောက်ရန်အတွက် အစိုးရထံမှ မကြာသေးမီကပင် ကန်ဒေါ်လာ ၆ ဒသမ ၆ ဘီလီယံ ချေးငွေ ရရှိထားသည်။
ထိုစက်ရုံမှာ ၂၀၂၈ ခုနှစ်တွင် လည်ပတ်ရန် မျှော်မှန်းထားကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။
(Elon Musk အနေဖြင့် Tesla ၏ EV များအတွက် လိုအပ်သော လီသီယမ်ကို ပြည်တွင်းတွင်ပင် ရရှိလာနိုင်မည် ဖြစ်သည်။ ဓာတ်ပုံ-Nora Tam/ South China Morning Post via Getty Images)
Tesla ၏ ကားများအတွက် လီသီယမ်ဘက်ထရီအချို့ကို တရုတ်ပြည်မှ မှာယူခြင်းဖြစ်သည်။
Rivian ကမူ တောင်ကိုရီးယား အခြေစိုက် LG Energy Solution နှင့် ၅ နှစ်စာချုပ်တစ်ရပ် မကြာသေးမီက ချုပ်ဆိုလိုက်ကြောင်း Utility Drive က ဖော်ပြသည်။
Tesla နှင့် Rivian တို့မှာ ယခုအခါ လီသီယမ်ကို ပြည်တွင်းတွင်ပင် ရရှိနိုင်တော့မည်ဖြစ်ပြီး အထူးသဖြင့် Rivian မှာ ၎င်းတို့၏ အိမ်ရှေ့တံခါးပေါက်ဟုဆိုနိုင်သောနေရာမှပင် လီသီယမ်ကို ရနိုင်တော့မည် ဖြစ်သည်။
ပြည်ပနိုင်ငံများထက် ပြည်တွင်းမှ ရရှိနိုင်လျှင် ပိုမိုဈေးသက်သာနိုင်မည် ဖြစ်သည်။
ထို့ကြောင့် Salton Sea ရေကန်ကြီးအောက်မှ ရရှိမည့် လီသီယမ်သိုက်ကြီးကြောင့် Tesla နှင့် Rivian တို့မှာ ကုန်ကျစရိတ် များစွာသက်သာတော့မည်လည်း ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Jeff Bezos and Elon Musk could be the real winners after $540,000,000,000 'white gold' discovery (unilad)
Photo Credit- Nora Tam/ South China Morning Post via Getty Images