- ပင်မစာမျက်နှာ
- ကားသတင်းများ
- အမေရိကန်ပြည်၊ အတ္တလန္တာမြို့ပြင်တွင် EV ကားစက်ရုံတည်ထောင်ရေးအတွက် Rivian က အစိုးရထံမှ ကန်ဒေါ်လာ ၆ ဒသမ ၆ ဘီလီယံ ချေးငွေရရှိ
အမေရိကန်ပြည်၊ အတ္တလန္တာမြို့ပြင်တွင် EV ကားစက်ရုံတည်ထောင်ရေးအတွက် Rivian က အစိုးရထံမှ ကန်ဒေါ်လာ ၆ ဒသမ ၆ ဘီလီယံ ချေးငွေရရှိ
- 199 views
Rivian Automotive ကုမ္ပဏီကို အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် EV စက်ရုံတည်ထောင်နိုင်ရေး အတွက် အမေရိကန်စွမ်းအင်ဌာနက ကန်ဒေါ်လာ ၆ ဒသမ ၆ ဘီလီယံ ချေးငွေ ထုတ်ပေးမည်ဖြစ်ကြောင်း သမ္မတဂျိုးဘိုင်ဒန်အစိုးရက ပြီးခဲ့သော အင်္ဂါနေ့က ကြေညာလိုက်သည်ဟု အေပီသတင်းတစ်ရပ်တွင် ဖော်ပြသည်။
ထွန်းသစ်စ လျှပ်စစ်ကားကုမ္ပဏီ Rivian သည် အမြတ်ရရှိရန် ရုန်းကန်နေရသောကြောင့် ဂျော်ဂျီယာပြည်နယ်ရှိ စက်ရုံဆောက်လုပ်မှုကို ရပ်ဆိုင်းထားရခြင်း ဖြစ်သည်။
ဒေါ်နယ်ထရမ့် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိရန်မှာ ၂ လပင် မလိုတော့ရာ ဂျိုးဘိုင်ဒန်အစိုးရအနေဖြင့် အိမ်ဖြူတော်မှ မထွက်ခွာမီ ချေးငွေကို အပြီးသတ်ထုတ်ပေးနိုင်မည်လား (သို့မဟုတ်) ထရမ့်အစိုးရက ချေးငွေကို ပြန်လည်သိမ်းယူသွားမည်လားဆိုသည်ကိုမူ မသိနိုင်သေးချေ။
အမေရိကန်တွင် လျှပ်စစ်ကားများကို အခွန်လျှော့ပေါ့သက်သာခွင့်ပေးမှုကို ရုပ်သိမ်းသွားမည်ဟု ထရမ့်က ပြောထားသည်။
လက်ရှိအားဖြင့် လျှပ်စစ်ကားသစ်များကို ဒေါ်လာ ၇၅၀၀ အခွန်သက်သာခွင့် ပေးထားပြီး တစ်ပတ်ရစ်ကားများကိုမူ ဒေါ်လာ ၄၀၀၀ အခွန်သက်သာခွင့်ပေးထားသည်။
Rivian သည် အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်တွင် အီလီနွိုက်စ်ပြည်နယ်၊ Normal မြို့တွင် ယခင် Mitsubishi စက်ရုံဟောင်း၌ R1 SUV လျှပ်စစ်ကားများ၊ ပစ်ကပ်ထရပ်များနှင့် delivery van များ ထုတ်လုပ်ခဲ့သည်။
ယင်းနောက် လပေါင်းအတန်ကြာသောအခါ ကယ်လီဖိုးနီးယားအခြေစိုက် Rivian ကုမ္ပဏီသည် အတ္တလန္တာမြို့၏ အရှေ့ဘက် မိုင် ၄၀ အကွာ၊ Social Circle မြို့အနီးတွင် ပိုမိုကြီးမားသော ဒုတိယမြောက် စက်ရုံကို ကန်ဒေါ်လာ ၅ ဘီလီယံ အကုန်အကျခံဆောက်လုပ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
R1 မော်ဒယ်များမှာ ဒေါ်လာ ၇၀၀၀၀ ကျော် ကျသင့်သည်။
ယခုအခါ Rivian က မူလအရွယ်အစားအောက် သေးငယ်သော R2 မော်ဒယ်များကို ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ချိနိုင်ရန် စီစဉ်ထားသည်။
Rivian ၏ အတ္တလန္တာစက်ရုံမှ ပထမဆင့်တွင် တစ်နှစ်လျှင် ကားအစင်းရေ ၂၀၀,၀၀၀ ထုတ်လုပ်နိုင်ရန် ရည်မှန်းထားပြီး ဒုတိယဆင့်တွင် နောက်ထပ်အစင်းရေ ၂၀၀,၀၀၀ ထုတ်လုပ်နိုင်မည်ဟု ဆိုသည်။
အဆိုပါစက်ရုံတွင် အလုပ်သမား ၇၅၀၀ ခန့်ထားနိုင်မည်ဟု မျှော်မှန်းထားသည်။
သို့သော် Rivian ၏ ထုတ်လုပ်မှုနှင့် အရောင်းလျာထားချက်များ မပြည့်မီခဲ့ရာ အတ္တလန္တာစက်ရုံ ဆောက်လုပ်မှု ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း Rivian က ယခုနှစ်မတ်လတွင် ထုတ်ပြန်ခဲ့သည်။
ထိုစက်ရုံအစား အီလီနွိုက်စ်ပြည်နယ်တွင် R2 SUV များ တပ်ဆင်ထုတ်လုပ်သွားမည်ဖြစ်ကြောင်းလည်း Rivian က ပြောခဲ့သည်။
စီအီးအို RJ Scaringe က ပြောသည်မှာ ယခုကဲ့သို့ ဆောင်ရွက်မှုကြောင့် Rivian အနေဖြင့် R2 ကို မကြာမီတွင် ဈေးကွက်သို့ ပို့နိုင်မည်ဖြစ်ကာ အရင်းအနှီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ ဘီလီယံ ကုန်ကျစရိတ် သက်သာသွားကြောင်း ပြောသည်။
ထိုနောက်ပိုင်း ဂျာမန်ကားထုတ်လုပ်သူ Volkswagen AG က ပြောသည်မှာ Rivian ထံ ဖက်စပ်ကုမ္ပဏီ တစ်ခုမှတစ်ဆင့် ကန်ဒေါ်လာ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း၊ ထိုသို့ ပူးပေါင်းမှုတွင် Rivian က ဆော့ဖ်ဝဲနှင့် electrical နည်းပညာများကို Volkswagen နှင့် မျှဝေပေးသွားမည်ဟု ဆိုသည်။
Volkswagen ၏ ရင်းနှီးမြှုပ်နှံမှုကြောင့် Rivian ၏ ငွေသားပြတ်လပ်နေမှု ပြဿနာ အဆင်ပြေသွားခဲ့သည်။
ဘိုင်ဒန်အစိုးရ၏ ချေးငွေထုတ်ပေးမှုမှာမူ Rivian ၏ ခမ်းနားသောအိပ်မက်များ ပြန်လည်ရှင်သန်လာစေခဲ့သည်။
Rivian က ထုတ်ပြန်သည်မှာ အတ္တလန္တာစက်ရုံ တည်ဆောက်မှု ပြန်လည်စတင်မည်ဖြစ်ပြီး ၂၀၂၈ ခုနှစ်တွင် R2 နှင့် အရွယ်အစားသေးငယ်သည့် R3 များကို ထုတ်လုပ်သွားမည်ဟု ဆိုသည်။
အမေရိကန်အစိုးရ စွမ်းအင်ဌာနက ထုတ်ပြန်သည်မှာ ယခုချေးငွေသည် အမေရိကန်တွင် ထုတ်လုပ်သော လျှပ်စစ်ကားများအတွက် ကြီးမားသည့် အထောက်အကူဖြစ်စေမည့်အပြင် သမ္မတ ဂျိုးဘိုင်ဒန်၏ ရည်မှန်းချက်ဖြစ်သော ၂၀၃၀ ပြည့်နှစ်တွင် အမေရိကန်ပြည်တွင် ရောင်းချမည့် ကားသစ်အားလုံး၏ ထက်ဝက်မှာ လျှပ်စစ်ကားများဖြစ်စေရေးပန်းတိုင်ကို အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ဖော်ပြသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Rivian wins preliminary approval for $6.6B federal loan for Georgia EV plant (apnews)
Photo Credit - Matthew Pearson/WABE via AP,File