- ပင်မစာမျက်နှာ
- ကားသတင်းများ
- အိန္ဒိယမှ ရွာလေးတစ်ရွာတွင် မိသားစုတစ်စုက Suzuki Wagon R ကို မြေမြှုပ်သင်္ဂြိုဟ်သည့် ကားဈာပန အခမ်းအနားအား ဒေါ်လာ ၄၅၀၀ ခန့် အကုန်အကျခံကာ ကြီးကျယ်ခမ်းနားစွာ ကျင်းပရာ ဧည့်ပရိသတ် ၁၅၀၀ ကျော် တက်ရောက်
အိန္ဒိယမှ ရွာလေးတစ်ရွာတွင် မိသားစုတစ်စုက Suzuki Wagon R ကို မြေမြှုပ်သင်္ဂြိုဟ်သည့် ကားဈာပန အခမ်းအနားအား ဒေါ်လာ ၄၅၀၀ ခန့် အကုန်အကျခံကာ ကြီးကျယ်ခမ်းနားစွာ ကျင်းပရာ ဧည့်ပရိသတ် ၁၅၀၀ ကျော် တက်ရောက်
- 233 views
အိန္ဒိယတွင် မိသားစုတစ်စုသည် SUV ကားဟောင်းတစ်စီးကို လမ်းခွဲနှုတ်ဆက်သည့် ကားဈာပန အခမ်းအနားကို ဒေါ်လာ ၄၅၀၀ ခန့် အကုန်အကျခံကျင်းပခဲ့သည့်သတင်းမှာ အိန္ဒိယနိုင်ငံတစ်ဝန်း ဟိုးလေးတကြော် ဖြစ်နေသည်။
သတင်းများအရ အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ်၊ ပဒါးရှင်ဂါ (Padarshinga) ကျေးရွာနေ ပိုလာရာ မိသားစုသည် ၁၈ နှစ်သက်တမ်းရှိ Suzuki Wagon R မော်တော်ကားကို အလွန်ချစ်ခင်နှစ်သက်ပြီး ထိုကားကို စွန့်ပစ်ရာတွင် ဈာပနအခမ်းအနားကျင်းပခဲ့ပုံမှာ တိုင်းပြည်တစ်ဝန်း ထိပ်တန်းသတင်းဖြစ်နေကြောင်း ဖော်ပြသည်။
Suzuki Wagon R မြေမြှုပ်သင်္ဂြိုဟ်သည့်အခမ်းအနားကို ကြီးကျယ်ခမ်းနားစွာ ပြုလုပ်ခဲ့ရာ ဒေသခံ ဧည့်ပရိသတ် ၁၅၀၀ ကျော် တက်ရောက်ခဲ့သည်။
ကားသင်္ချိုင်းတွင် မစွန့်ပစ်ဘဲ မော်တော်ကားကို လူတစ်ဦးသဖွယ် သဘောထားကာ ဈာပနအခမ်းအနား ကျင်းပ မြေမြှုပ်သင်္ဂြိုဟ်ခဲ့ခြင်းအပေါ် အိန္ဒိယနိုင်ငံတစ်ဝန်း များစွာအံ့အားသင့်နေကြသည်။
(ဓာတ်ပုံ-ians-india/X)
ပြည်တွင်းသတင်းမီဒီယာတစ်ခုသို့ မိသားစုအကြီးအကဲ ဆန်ဂျေး ပိုလာရာက ပြောသည်မှာ မိမိတို့ မိသားစုတွင် high-end ကားများစွာ ပိုင်ဆိုင်ထားကြောင်း၊ သို့သော် ယခု Suzuki အပေါ် ကြီးမားသည့် သံယောဇဉ် နှောင်ကြိုးများရှိကြောင်း၊ မိမိတို့မိသားစု ချမ်းသာကြွယ်ဝလာသည့် အစောပိုင်းကာလများတွင် Suzuki Wagon R မှာ အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်ခဲ့ကြောင်း ပြောသည်။
“ဒီကားက ယာဉ်တစ်စီးဆိုတာထက် ပိုပါတယ်။ သူဟာ ကျွန်တော်တို့ အောင်မြင်မှုဆီကိုသွားတဲ့ ခရီးလမ်းရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ သူ့ကို ရောင်းထုတ်လိုက်မယ့်အစား နောင်မျိုးဆက်တွေ အမှတ်ရနေစေဖို့ သူ့ကို ဂုဏ်ပြုချင်ပါတယ်” ဟု ဆန်ဂျေးက ပြောသည်။
ဈာပနအခမ်းအနားကို ရိုးရာဓလေ့ထုံးတမ်းများအတိုင်း ကျင်းပပြီးနောက် မြေတူးစက်ဖြင့် မြေဖို့ပေးလိုက်သည်။
ဆန်ဂျေး ပိုလာရာသည် ဆောက်လုပ်ရေးလုပ်ငန်းတစ်ခု ပိုင်ဆိုင်ထားသည်ဟု ဆိုသည်။
ဆန်ဂျေးက ပြောသည်မှာ Suzuki ၏ သင်္ချိုင်းမြေပုံပေါ်တွင် အထိမ်းအမှတ်သစ်ပင်တစ်ပင် စိုက်ပျိုးသွားမည်ဖြစ်ကာ နောင်လာနောက်သားများအား မိမိတို့ မိသားစုအတွက် Suzuki Wagon R ၏ အခန်းကဏ္ဍကို သတိပေးနေမည် ဖြစ်ကြောင်း ပြောသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Family goes viral for having a lavish funeral for ‘old faithful’ SUV (sleekjamaica)
Photo Credit- ians-india/X