အမေရိကန်တွင် ဝက်ဝံပုံ ဝတ်စားဆင်ယင်ကာ မိမိတို့၏ ကားများကို ဖျက်ဆီးပြီး အာမခံလျော်ကြေး တောင်းသူ ၄ ဦး ဖမ်းဆီးခံရ

  • 173 views

အမေရိကန်ပြည်တွင် မိမိတို့၏ ကားများကို ဝက်ဝံတစ်ကောင်က ဖျက်ဆီးခြင်းခံရသည်ဟုဆိုကာ အာမခံလျော်ကြေး တောင်းခံသူ ၄ ဦးကို အာမခံကြေး လိမ်လည်တောင်းခံမှု သံသယဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။

၎င်းတို့သည် ဝက်ဝံပုံ ဝတ်စားဆင်ယင်ကာ ကားများကို ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲအရာရှိတို့က ပြောသည်။

အာမခံကုမ္ပဏီသို့ တင်ပြခဲ့သော နေအိမ် စောင့်ကြည့်ကင်မရာ မှတ်တမ်းအရ ဝက်ဝံဟု ယူဆရသည့် သတ္တဝါသည် ခြံထဲသို့ဝင်လာပြီး ၂၀၁၀ ပြည့်နှစ်ထုတ် Rolls-Royce Ghost ကို ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

အခင်းဖြစ်ပွားသည့်နေရာမှာ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန် ဘာနာဒီနိုခရိုင်၊ Lake Arrowhead အရပ်တွင် တည်ရှိပြီး လော့စ်အိန်ဂျလိမြို့၏ အရှေ့မြောက်ဘက်၌ ဖြစ်သည်။

ဗွီဒီယိုမှတ်တမ်းအရ ယခုနှစ် ဇန်နဝါရီ ၂၈ ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကယ်လီဖိုးနီးယား အာမခံဌာန (CDI) က ပြောသည်။


“ဗွီဒီယိုမှတ်တမ်းကို စစ်ဆေးကြည့်ရှုချက်အရ အဆိုပါဝက်ဝံသည် အမှန်တကယ်အားဖြင့် ဝက်ဝံပုံ ဝတ်စားဆင်ယင်ထားသည့် လူတစ်ဦးသာဖြစ်ကြောင်း ကောက်ချက်ဆွဲခဲ့ကြပါသည်” ဟု CDI က ဆက်လက်ပြောကြားသည်။

၎င်းတို့က အခြားကား ၂ စီးဖြစ်သော ၂၀၁၅ ခုနှစ်မော်ဒယ် Mercedes G63 AMG နှင့် ၂၀၂၂ မော်ဒယ် Mercedes E350 တို့ကိုလည်း အခြား အာမခံကုမ္ပဏီ ၂ ခုထံ အာမခံလျော်ကြေး တောင်းခံထားသည်။

 

(၎င်းတို့အသုံးပြုခဲ့သော ဝက်ဝံဝတ်စုံ။ ဓာတ်ပုံ-California Department of Insurance)

အခြားအာမခံကုမ္ပဏီများသို့လည်း ဝက်ဝံက ဖျက်ဆီးသည့် ဗွီဒီယိုဖိုင် တင်ပြခဲ့သည်ဟု ဆိုသည်။

အာမခံ ကုမ္ပဏီ ၃ ခုလုံးသို့ အာမခံလျော်ကြေး တောင်းခံတင်ပြသည်မှာ အခင်းဖြစ်နေရာ တစ်ခုတည်း၊ တစ်ရက်တည်း တူညီနေသည်။
၎င်းတို့၏ တင်ပြချက်အတိုင်း လျော်ကြေးပေးရမည်ဆိုပါက ကန်ဒေါ်လာ ၁၄၁၈၃၉ ခန့် ပေးရမည် ဖြစ်သည်။

ကယ်လီဖိုးနီးယား အာမခံဌာနက သံသယရှိသူတို့၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာတွင် အညိုရောင် မွှေးပွ ဝက်ဝံဝတ်စုံတစ်ခု ရှာဖွေတွေ့ရှိခဲ့သည်။

ထို့အပြင် ဝက်ဝံလက်သည်းပုံစံ ထုတ်လုပ်ရာတွင် သုံးခဲ့သည့် ကိရိယာများကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။

အာမခံကုမ္ပဏီများသို့ တင်ပြခဲ့သည့် စောင့်ကြည့်ကင်မရာ မှတ်တမ်းအရ အဆောက်အအုံတစ်ခုတည်းတွင် ရက်စွဲတူ တစ်ညတည်းတွင် ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး ရိုက်ကူးသည့်အချိန်မှာမူ ကွဲပြားကြောင်း သိရသည်။

 

(ဝက်ဝံကုတ်သည်ဟု တင်ပြသော ကုတ်ရာများ။ ဓာတ်ပုံ- California Department of Insurance)

 

(CDI က ထုတ်ပြန်ခဲ့သော ဓာတ်ပုံများအရ ကားများ၏ ထိုင်ခုံများနှင့် တံခါးများတွင် ကုတ်ခြစ်ရာများ တွေ့ရသည်။ ဓာတ်ပုံ- California Department of Insurance)

Lake Arrowhead ဒေသတွင် ဝက်ဝံများ ကျက်စားသည်မှာ မှန်သည်။
သို့သော် ကယ်လီဖိုးနီးယား ငါးနှင့် တောရိုင်းဆိုင်ရာဌာနသို့ အဆိုပါဗွီဒီယိုများကို ပေးပို့ ပြသခဲ့ရာ ဝက်ဝံဝတ်စုံ ဝတ်ဆင်ထားသည့် လူတစ်ဦးသာဖြစ်ကြောင်း အကြောင်းပြန်ခဲ့ကြောင်း CDI က ပြောသည်။

သံသယရှိသူများဖြစ်သော Ruben Tamrazian (၂၆ နှစ်)၊ Ararat Chirkinian (၃၉ နှစ်)၊ Vahe Muradkhanyan (၃၂ နှစ်) နှင့် Alfiya Zuckerman (၃၉ နှစ်) တို့သည် ကယ်လီဖိုးနီးယားတွင် နေထိုင်သူများဖြစ်ကြပြီး ၎င်းတို့ကို အာမခံလိမ်လည်မှုဖြင့် ဖမ်းဆီးထားသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Four arrested on suspicion of insurance fraud after 'person in bear costume' damages cars (news)

Photo Credit- California Department of Insurance