• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ရှန်ဟိုင်းတွင် ယနေ့စတင်ကျင်းပနေသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တရားပြပွဲတွင် BYD က ဆောက်လုပ်ရေးစက်ယန္တရားသုံး ကမ္ဘာ့အားသွင်းအမြန်ဆုံးဘက်ထရီကို ပြသမည်

ရှန်ဟိုင်းတွင် ယနေ့စတင်ကျင်းပနေသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တရားပြပွဲတွင် BYD က ဆောက်လုပ်ရေးစက်ယန္တရားသုံး ကမ္ဘာ့အားသွင်းအမြန်ဆုံးဘက်ထရီကို ပြသမည်

  • 185 views


BYD က ဆောက်လုပ်ရေးစက်ယန္တရားသုံး ကမ္ဘာ့အားသွင်းအမြန်ဆုံး ဘက်ထရီကို တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် ယနေ့ (နိုဝင်ဘာ ၂၆) စတင်ကျင်းပနေသည့် Bauma China ဆောက်လုပ်ရေး လုပ်ငန်းသုံး စက်ယန္တရားပြပွဲတွင် ပြသလျက်ရှိသည်။

BYD ၏ ဘက်ထရီမှာ electric blade ဘက်ထရီဖြစ်သည်။ blade ဘက်ထရီမှာ သမားရိုးကျ အတုံးပုံသဏ္ဍာန် မဟုတ်ဘဲ အပြားချောင်းငယ်များအဖြစ် ဖွဲ့စည်းထားခြင်းဖြစ်ကာ စွမ်းအင်သိပ်သည်းစွာ ပိုမိုသိုလှောင်နိုင်စွမ်း ရှိသည့်အပြင် သမားရိုးကျဘက်ထရီများထက် အန္တရာယ်ကင်းသည်။

Blade ဘက်ထရီကို BYD ၏ လက်အောက်ခံကုမ္ပဏီဖြစ်သော FinDreams Battery က ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ပြီး လီသီယမ်အိုင်းယွန်း ဖော့စ်ဖိတ် (LFP) ဘက်ထရီ ဖြစ်သည်။

Blade ဘက်ထရီများကို ဂျာမနီတွင် ကျင်းပခဲ့သည့် IAA Summit 2023 တွင် ချပြခဲ့ဖူးသည်။

ကမ္ဘာ့အားသွင်းအမြန်ဆုံး ဆောက်လုပ်ရေးယန္တရားသုံး ဘက်ထရီ၏ Specification နှင့် ပတ်သက်ပြီး ယခုသတင်းရေးသားချိန်အထိ သိရသမျှမှာ  laptop (သို့မဟုတ်) Presentation screen တစ်ခုခုကို ဖုန်းဖြင့် ဓာတ်ပုံရိုက်ထားသည့် ဓာတ်ပုံမှတ်တမ်းတစ်ခုသာ ရှိသေးသည်။

Maximum current မှာ 400 amps ဖြစ်ပြီး 1500 V အထိ High Voltage ရှိသည်။

BYD ထုတ်ဖြစ်ခြင်းကြောင့် လီသီယမ်အိုင်းယွန်း ဖော့စ်ဖိတ်နှင့် blade ဘက်ထရီနည်းပညာတို့ ပေါင်းစပ်ထားသည်။

ဘက်ထရီစွမ်းအားမှာ 200 kWh မှ 2500 kWh အကြားရနိုင်ပြီး အကြိမ်ရေ ၇၀၀၀ အားသွင်းနိုင်သည့် ဘက်ထရီသက်တမ်းရှိသည်။

-35 ဒီဂရီစင်တီဂရိတ်အထိ အေးသော အခြေအနေမှသည် 65 ဒီဂရီစင်တီဂရိတ် အပူချိန်အကြား ဘက်ထရီအလုပ်လုပ်သည်ဟု ဆိုသည်။

အများဆုံး 600 KW အထိ အားသွင်းနိုင်မည်ဟု ခန့်မှန်းရသည်။

 


(ဘက်ထရီ၏ အသေးစိတ်အချက်အလက်များကို ဖော်ပြထားသော ဓာတ်ပုံမှတ်တမ်းတစ်ခု)

ဆောက်လုပ်ရေးလုပ်ငန်းသုံးစက်ယန္တရားအတွက် ကမ္ဘာ့ပထမဆုံး blade ဘက်ထရီဖြစ်ကြောင်း BYD က ပြောသည်။

ထို့အပြင် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တရားအတွက် ကမ္ဘာ့အားသွင်းရအမြန်ဆုံး ဘက်ထရီလည်းဖြစ်ကြောင်း BYD က ပြောသည်။

ဤဘက်ထရီကို BYD ၏ လက်အောက်ခံ FinDreams နှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တရားပစ္စည်း ထုတ်လုပ်သူ XCMG တို့ ပူးပေါင်း ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

XCMG သည် နိုင်ငံပိုင်ကုမ္ပဏီဖြစ်ပြီး တရုတ်ပြည်တွင် အကြီးမားဆုံး ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တရား ထုတ်လုပ်သူဖြစ်ပြီး ကမ္ဘာပေါ်တွင် တတိယအကြီးမားဆုံးကုမ္ပဏီ ဖြစ်သည်။

 

(Bauma China 2024 ပြပွဲတွင် ယခုဘက်ထရီကို ပြသမည်ဖြစ်ကြောင်း ရေးသားထားသည့် ကြော်ငြာပိုစတာတစ်ခုကို တွေ့ရပုံ)

 

XCMG နှင့် BYD တို့ ပူးပေါင်းမှုမှာ ၂၀၂၃ ခုနှစ်အစောပိုင်းတွင် စတင်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် Xuzhou XCMG Fodi Battery Technology Co,Ltd ကို တည်ထောင်ခဲ့သည်။

Fodi ဟူသည်မှာ တရုတ်ဘာသာအားဖြင့် BYD မှ FinDreams ၏ အမည်ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: BYD to unveil world’s fastest charging battery for construction machinery (carnewschina)